အောက်တိုဘာလ ၃၀ ရက်က အလာဗတ်စ်နှင့် တစ်ဂိုးစီသရေကျသည့်ပွဲတွင် နှလုံးခုန်နှုန်း ပုံမှန်မဟုတ်သောဖြစ်စဉ်ကြောင့် အသက်ရှူကျပ်သည့်ဝေဒနာခံစားခဲ့ရကာ စမ်းသပ်စစ်ဆေးမှုများ ခံယူခဲ့ရသည့် ဘာစီလိုနာတိုက်စစ်မှူး အဂွဲရိုးသည် ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် ၎င်းအား မက်ဆေ့ချ်ပေးပို့ကာ အားပေးခဲ့ကြသည့် ပရိသတ်များကို Twitter စာမျက်နှာမှ တစ်ဆင့် ကျေးဇူးတင်စကားဆိုခဲ့ကြောင်း သိရသည်။
အဂွဲရိုးသည် နောက်ဆက်တွဲစမ်းသပ် စစ်ဆေးမှုများအရ အနည်းဆုံး သုံးလဝန်း ကျင်အထိ ဘောလုံးကစားခြင်းမှ အနားယူရမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းက နိုဝင်ဘာလ ၁ ရက်တွင် အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။
"ကျွန်တော် နေကောင်းပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာလည်း စိတ်ဓာတ်ပြင်းပြင်းနဲ့ ရင်ဆိုင်သွားမှာပါ။ ယနေ့အချိန်အခါမှာ ကျွန်တော့်ရဲ့နှလုံးကျန်းမာရေး အခြေအနေကောင်းမွန်စေဖို့ ချစ်ခြင်းတွေနဲ့ အားပေးခဲ့ပြီး မက်ဆေ့ချ်ပေးပို့သူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်"ဟု အဂွဲရိုးက သူ၏ Twitter တွင် ရေးသားခဲ့သည်။
အဂွဲရိုးအား အားပေးခဲ့ကြသူများထဲတွင် ဘာစီလိုနာအသင်းဖော် ပီကေး၊ မန်စီးတီးနောက်ခံလူ လာပေါ့တ်၊ မန်ယူဂိုးသမား ဒီဟေးယား၊ လာဇီယိုတောင်ပံကစားသမား ပတ်ဒရိုတို့လည်း ပါဝင်ခဲ့ကြသည်။ အဂွဲရိုးသည် ဘာစီလိုနာအသင်းအတွက် ငါးပွဲသာ ကစားရသေးပြီး တစ်ဂိုးသွင်းယူထားကြောင်း သိရသည်။















