အပြီးမသတ်တဲ့ဆွေးနွေးပွဲ

အပြီးမသတ်တဲ့ဆွေးနွေးပွဲ
Photo: th.bing.com
Photo: th.bing.com
Published 2 November 2021
ပြည်သစ်ဟန်

ဒီအကြောင်းတွေက တကယ်တော့ ပျော်စရာကောင်းတဲ့ အကြောင်းတွေတော့ မဟုတ်ပါဘူး။အဲဒီတော့ စိတ်ညစ်စရာတွေလို့ စာဖတ်သူ ထင်ကောင်းထင်နေနိုင်ပါမယ်။ဒါပေမဲ့ ပျော်စရာနဲ့ စိတ်ညစ်စရာရဲ့ကြားက အကြောင်းဆိုတာလည်း ရှိနေတတ်ပြန်ပါသေးတယ်။ တစ်ခုခုပေါ့။ သိပ္ပံပညာရှင်တွေ ရှာဖွေစူးစမ်းမတွေ့နိုင်တဲ့ ဒါမှမဟုတ် အနုပညာပညာရှင်တွေ မဖန်တီးနိုင်တဲ့ ဒါမှမဟုတ် ဒဿနပညာရှင်တွေ မဖော်ထုတ်နိုင်တဲ့ ဒါမှမဟုတ် ဒါမှမဟုတ်ပေါ့။ အဲဒီအရာတွေဟာ ဘာတွေလဲ။ ပျော်စရာလည်း မဟုတ်သလို စိတ်ညစ်စရာလည်းမဟုတ်တဲ့ အရာတွေလို့ ဆိုပါတော့။ အဲဒီအရာတွေအကြောင်းကို သုတေသနလုပ်တဲ့ လူတစ်စုဆိုတာ ရှိခဲ့တယ် ဆိုပါတော့။ လူကိုယ်တိုင် သိပ်မရင်းနှီးပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ သူတို့ရဲ့ဦးခေါင်းတွေ၊ ရှာဖွေဖော်ထုတ်နေကြပုံတွေဟာ နှစ်ပေါင်းများစွာ သတိပြုမိနိုင်တဲ့ အခြေအနေမှာရှိပါတယ်။ ဒါပေမဲ့ သူတို့ဟာ အခုထိ စမ်းတဝါးဝါး ဖြစ်နေတုန်းပါပဲ။

တစ်ခါတုန်းက ကျွန်တော်နဲ့ သူတို့လူစုနဲ့ တစ်နေရာမှာ ဆုံခဲ့တယ်။ ချက်ချင်းဆိုသလို သူတို့ရဲ့ မျက်လုံးတွေဟာ အရောင်တွေ တောက်လာခဲ့တယ်။ သိချင်စိတ်တွေ၊ စူးစမ်းချင်စိတ်တွေ ပြင်းပြနေကြမှန်း ကျွန်တော်ရိပ်မိလိုက်တယ်။ ကျွန်တော် သူတို့နဲ့ ဆုံတဲ့အချိန်က ညဘက်အချိန်ပါပဲ။ နေရာကလည်း အိမ်တစ်လုံးရဲ့ အခန်းတစ်ခန်းထဲမှာပါ။ ကျယ်ဝန်းတဲ့ အခန်းတစ်ခန်းလို့ ဆိုလို့ရမယ်။ အခန်းထဲကို ကျွန်တာ်ရောက်စက ပျို့အန်ချင်လာပြီး ခေါင်းတွေမူးလာကာ လဲကျတော့မလို ဖြစ်သွားခဲ့သေးတယ်။ ဒါပေမဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဘရိတ်လုပ်ပြီး တည်ငြိမ်အောင်နေလိုက်တယ်။ အဲဒီအခန်းကျယ်ထဲမှာ ပြေးလွှား သွားလာနေကြတဲ့ ကြွက်တွေ၊ အန်ဖက်တွေ၊ စားကြွင်းစားကျန်တွေ၊ ဖရိုဖရဲဖြစ်နေတဲ့ နေရာထိုင်ခင်းတွေ၊ ဆိုးဝါးတဲ့ အနံ့အသက်တွေကြောင့် စောစောကပြောသလို ကျွန်တော်မူးဝေပြီး ပျို့အန်တော့မလို ဖြစ်သွားခဲ့တာပါ။ ဒါပေမဲ့ သူတို့အဖွဲ့က ဒါကိုရိပ်မိသွားပုံရပြီး အခန်းထဲက ပိတ်နေတဲ့မီးတွေကို ဖွင့်လိုက်တယ်။နောက်ပြီး အခန်းထဲကို သပ်ရပ်သွားအောင် ရှင်းလင်းလိုက်ကြတယ်။

ကျွန်တော်တို့ စားပွဲခုံမှာ ထိုင်မိကြတော့ ညအချိန်က မနည်းတော့ဘူး။ သူတို့ရဲ့ စားပွဲခုံပေါ်မှာတော့ အစားအသောက်တချို့နဲ့ အရက်တချို့ကို ပြင်ဆင်ထားတယ်။ အမှတ်တမဲ့ဆိုရင် ညစာစားပွဲတစ်ခု လုပ်သလိုလို ဘာလိုလိုနဲ့ပေါ့။ ဒီလိုနဲ့ ကျွန်တော်တို့အားလုံး အတန်ကြာအောင် ငြိမ်သက်နေကြတယ်။ ဘယ်သူကမှလည်း စကားစမလာခဲ့ဘူး။အဲဒီအချိန်မှာ ကျွန်တော် ချောင်းတစ်ချက် ဟန့်လိုက်တယ်။ ဒါဟာလုပ်ရိုးလုပ်စဉ်ပါပဲ။ဒီလိုမျိုး သတိပေးသင့်တယ်လို့လည်း ကျွန်တော်ထင်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ စားပွဲခုံတစ်ခုပေါ်မှာ အစားအသောက်တချို့နဲ့ အရက်တချို့တင်ပြီး ဘာမှမပြောကြဘဲ အချိန်ဖြုန်းနေကြတာတော့ မကောင်းဘူး ထင်မိတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ရင်း (တကယ်က သူတို့ရဲ့စူးစမ်းလေ့လာချင်တဲ့ ရည်ရွယ်ရင်းကိစ္စပါ။) ကိစ္စကလည်း ရှိသေးတယ်။ ဘယ်လောက်အချိန်ပေးပြီး ဆွေးနွေးရမှန်းလည်း မသိနိုင်ဘူးလေ။ ပျော်ရွှင်စရာလည်းမဟုတ် စိတ်ညစ်စရာလည်းမဟုတ်တဲ့ကြားကရှိနေတဲ့ ကိစ္စတစ်ခုအကြောင်းကို ဆွေးနွေးကြမှာလေ။ ဒါကလည်း သူတို့အဖွဲ့က တကယ်စူးစမ်းလေ့လာနေကြသူတွေဆိုတဲ့ အချက်ပါပဲ။ ကျွန်တော်ကသာ သူတို့နဲ့ မထင်မှတ်ဘဲ ဒီအကြောင်းတွေကိုပြောဖို့ အခုလိုအခန်းတစ်ခန်းထဲကို ရောက်ရှိနေခဲ့တာ။

ကျွန်တော် သူတို့ရဲ့ ဦးခေါင်းတွေကို တစ်ချက်အကဲခတ်ကြည့်လိုက်ပါတယ်။ အနည်းငယ်ထူးခြားနေတယ်လို့လည်း ခံစားရလို့ပါ။ ဆိုလိုချင်တာက သူတို့ဦးခေါင်းတွေဟာ ဦးခေါင်းရဲ့ ပြင်ပသွင်ပြင်တွေဖြစ်တဲ့ ဦးခေါင်းလုံးတာတို့၊ ပြားတာတို့၊ ချွန်းတာတို့၊ ရှည်တာတို့၊ ပိန်တာတို့၊ ဖုထစ်နေတာတို့ စသဖြင့် အဲဒီလိုပုံပန်းသဏ္ဌာန်တွေကို ရည်ညွှန်းချင်တာတော့ မဟုတ်ပါဘူး။ အခြားသော တွေးမှု၊ သိမှုနဲ့ဆိုင်တဲ့ အလုပ်လုပ်နိုင်တဲ့ အနေအထားတွေနဲ့ ရှိနေတဲ့ ဦးခေါင်းတွေရဲ့ အခြေအနေပါ။ ဒါကလည်း ဒီအခန်းထဲရောက်မှ တစ်ယောက်နဲ့တစ်ယောက် လေ့လာစမ်းစစ်နိုင်တဲ့ အခွင့်အရေးလို့ ဆိုရပါမယ်။ ဒါကြောင့်မို့လည်း ဒီအခန်းထဲမှာ ကျွန်တော်တို့တတွေ ပိတ်မိခြင်း ဒါမှမဟုတ် လွတ်မြောက်ခြင်းဆိုတဲ့ အခြေအနေတစ်ခုနဲ့ ကြုံရနိုင်လို့ပါပဲ။

ခဏကြာတော့ သူတို့ထဲက တစ်ယောက်က စကားစပြောလာခဲ့တယ်။သူစပြောလာတာက  ‘ပျော်စရာကောင်းတယ်ဆိုတာဘာလဲ’ ဆိုတဲ့ မေးခွန်းပါ။ကျန်တဲ့သူတွေအကုန်လုံးဟာ တစ်ယောက်တစ်ပေါက်နဲ့ ဖြေကြပါတော့တယ်။ တစ်ယောက်က သူဘွဲ့လက်မှတ်တစ်ခုရတုန်းက ဘယ်လိုပျော်စရာကောင်းခဲ့တယ်၊ ဘယ်လောက်ကြည်နူးခဲ့ရတယ်ပေါ့။ တစ်ယောက်ကလည်း သူလယ်ယာမြေတွေဝယ်နိုင်တုန်းက ဘယ်လိုပျော်စရာကောင်းခဲ့တယ်၊ ဘယ်လောက်ကြည်နူးခဲ့ရတယ်ပေါ့။ တစ်ယောက်ကလည်း သူချစ်သူဆီက အဖြေရတုန်းက...။ တစ်ယောက်ကလည်း သူ့အရောင်းအဝယ်အလုပ်တွေ အခြေအနေ ကောင်းခဲ့တုန်းက...။တစ်ယောက်ကလည်း သူအရာရှိ ဖြစ်တုန်းကစသဖြင့် တစ်ယောက်တစ်မျိုး ပြောလာကြတော့တယ်။ ဒါပေမဲ့ အဲဒီလို အသီးသီးပြောနေတဲ့အချိန်မှာ ကျန်တဲ့လူတချို့ကတော့ ဘာမှမပြောခဲ့ဘူး။ အဲဒီလူတွေကို ကျွန်တော် အကဲခတ်ကြည့်လိုက်တော့ သိပ္ပံပညာရှင်တွေ၊ အနုပညာရှင်တွေ၊ ဒဿနပညာရှင်တွေ ဖြစ်နေတယ်ဆိုတာကို သတိပြုမိလိုက်တယ်။ သူတို့ ဘာ့ကြောင့်မပြောကြတာလဲ။ ဘာလို့ငြိမ်သက်နေကြတာလဲ။ နောက်ပြီး သူတို့မှာ ပျော်စရာကောင်းတဲ့အခြေအနေ မရှိခဲ့ဘူးဆိုတာလည်း မဖြစ်နိုင်တဲ့ကိစ္စပဲလေ။ ဒါမှမဟုတ် သူတို့ဟာ သက်သက်မဲ့ ငြိမ်သက်နေကြတာလားဆိုတာ စဉ်းစားစရာပါပဲ။

အဲဒီလိုပဲ ခဏကြာတော့ အားလုံးထင်မှတ်ထားကြတဲ့ မေးခွန်းကိုပဲ စကားစပြောတဲ့ သူကထပ်မေးလိုက်ပြန်တယ်။ စိတ်ညစ်စရာကောင်းတဲ့အကြောင်းဆိုတာ ဘာလဲပေါ့။ အဲဒီလိုမေးလိုက်တော့လည်း စောစောကအတိုင်းပဲ စောစောကဖြေကြတဲ့လူတွေက စီးပွားရေးသမားကလည်း စီးပွားရေး အဆင်မပြေတာတွေ၊ လယ်ယာမြေသမားကလည်း လယ်ယာမြေအဆင်မပြေတဲ့ ကိစ္စတွေ၊ အရာရှိကလည်း မဖြေရှင်းနိုင်တဲ့ နိုင်ငံရေးအကြောင်းတွေ၊ အချစ်သမားကလည်း အသည်းကွဲတဲ့အချိန်က အကြောင်းတွေပေါ့။ အဲဒီမေးခွန်း ရဲ့ နောက်ဆက်တွဲမှာလည်း စောစောက လူတချို့က ဘာမှပြန်မဖြေကြဘဲ ငြိမ်သက်နေခဲ့ကြပြန်တယ်။ ကျွန်တော်ကတော့ သူတို့အခြေအနေကိုသာ အကဲခတ်ကြည့်နေခဲ့ရတယ်။ အထူးသဖြင့် ဟိုလူသုံးယောက်ပါပဲ။ ဒဿနပညာရှင်ရယ်၊ အနုပညာသမားရယ်၊ သိပ္ပံပညာရှင်ရယ်ပေါ့။

ဒီလိုနဲ့ မေးခွန်းနဲ့ အဖြေတချို့ဟာ ခဏရပ်နားသွားကြပြီး အစားအသောက်စားတဲ့သူ ကစားကြပြီး အရက်သောက်တဲ့သူက သောက်ကြတော့တယ်။ သူတို့တကယ် စူးစမ်းရှာဖွေနေတဲ့ ပျော်စရာကောင်းတဲ့ အခြေအနေနဲ့ စိတ်ညစ်စရာကောင်းတဲ့ အခြေအနေရဲ့ကြားက အခြေအနေတစ်ခုရဲ့အကြောင်းဆီကိုတော့ အခုထိမရောက်နိုင်သေးဘူးပေါ့။ ဒါကလည်း သဘာဝတော့ကျဟန်ရှိပါတယ်။စောစောက မေးခွန်းတွေနဲ့ ဖြေကြဆွေးနွေးကြပြီးမှသာ ကြားအခြေအနေဆိုတာကို အဖြေရှာနိုင်မယ်လို့ သူတို့ယုံကြည်ထားကြတာကိုး။

ခဏကြာတော့ ဘာတစ်ခုမှဝင်မပြောတဲ့ ဟိုလူသုံးယောက်လည်း စကားဝိုင်းအပေါ်ကို စိတ်ဝင်စားလာဟန်ရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ သူတို့သုံးယောက်က ခေါင်းချင်းဆိုင်ပြီး တစ်စုံတစ်ရာကို တီးတိုးပြောနေကြလို့ပါပဲ။သူတို့သုံးယောက် ခေါင်းချင်းဆိုင် တီးတိုးပြောနေတာကို အခြားလူတွေက သတိပြုမိသွားကြတယ်။ အဲဒီအခါ စောစောက မေးခွန်းမေးတဲ့လူက သူတို့သုံးယောက်ကို ပြောလိုက်တယ်။

“ခင်ဗျားတို့သုံးယောက်ကို ကျုပ်ပြောချင်တယ်။ စောစောက ကျုပ်မေးခွန်းနှစ်ခု မေးတုန်းက ခင်ဗျားတို့တွေ ဘာမှမဆိုင်သလိုဘဲ နှုတ်ဆိတ်နေကြတယ်။ မေးခွန်းတိုင်းကို ဖြေဖို့မလိုဘူးဆိုတာကိုတော့ ကျုပ်နားလည်ပါတယ်။ ဒါပေမဲ့ အခုကိစ္စက အားလုံးဆွေးနွေးအဖြေရှာရမယ့်ကိစ္စဖြစ်နေတယ်လေ။ အဲဒါကိုတော့ ခင်ဗျားတို့လည်း အားလုံးသိပြီးသားပါ။ ဒါပေမဲ့ အခုကျမှ ခင်ဗျားတို့သုံးယောက်က ခေါင်းချင်းဆိုင်ပြီး တီးတိုးပြောနေကြတယ်ဆိုတော့ အဲဒီလိုလုပ်ရပ်ကို ကျွန်တော်တော့ နားမလည်နိုင်ဘူးဖြစ်နေတယ်။ အဲဒီတော့ ခင်ဗျားတို့ ဘာတွေပြောနေကြလဲဆိုတာ ကျုပ်တို့ကို ပြောပြသင့်တယ်” ဆိုပြီး ပြောလိုက်တယ်။ အဲဒီအခါ ဟိုလူသုံးယောက်က ဟေးဟားနဲ့ ရယ်မောလိုက်ကြတယ်။ ရယ်မောလိုက်ကြတာမှ တော်တော်နဲ့ အပြီးမသတ်နိုင်အောင်ပါပဲ။ အဲဒီအခါ ကျန်တဲ့လူတွေအားလုံးဟာ ဘာပြောရမှန်းမသိ ဖြစ်လာကြပြီး တောက်ခေါက်တဲ့သူက ခေါက်တယ်။ စားပွဲခုံကို ထုတဲ့သူက ထုတယ်။ကြောင်တောင်ငေးလျက်သား ငေးနေတဲ့သူက ငေးနေတော့တယ်။အဲဒီအချိန်မှာ ကျွန်တော် သတိပြုမိလိုက်တာက အခြေအနေနှစ်ခုဟာ တစ်ပြိုင်တည်းဖြစ်ပေါ်နေတယ် ဆိုတာပါပဲ။ တစ်ဖက်မှာ ပျော်စရာကောင်းတဲ့ အခြေအနေကို တွေ့နေရပြီး တစ်ဖက်မှာ စိတ်ကသိကအောက်ဖြစ်စရာကောင်းတဲ့ အခြေအနေကို ကြုံတွေ့နေကြရတာပါပဲ။အဲဒီတော့ ကျန်နေတဲ့ ကျွန်တော်က ဘာပါလိမ့်။

Most Read

Most Recent