၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲများကို ပြီးခဲ့သည့် အောက်တိုဘာ(၂၃)ရက်ကတည်းက ကျင်းပပြုလုပ်နေလျက်ရှိပြီး နိုဝင်ဘာ (၁) ရက်အထိ ပွဲစဉ်များအပြီးတွင် ခြေစစ်ပွဲအောင်အသင်း (၁၂) သင်းအထိ ရှိလာပြီး (၃)နေရာသ ကျန်ရှိတော့ကြောင်း သိရသည်။
၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲဝင် အသင်း (၃၈)သင်းကို အုပ်စု (၁၁) ခုခွဲ၍ ကျင်းပနေပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံး (၁၁)သင်းနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံး(၄)သင်း ပေါင်း(၁၅) သင်းမှာ ခြေစစ်ပွဲအောင်မည်ဖြစ်သည်။
၂၀၂၂ အာရှဖလား ယူ-၂၃ ပြိုင်ပွဲကို ဥဇဘက်ကစ္စတန်နိုင်ငံက အိမ်ရှင်အဖြစ် လာမည့် ၂၀၂၂ ခုနှစ် ဇွန် (၁) ရက်မှ (၁၉) ရက်အထိ လက်ခံကျင်းပမည် ဖြစ်သည်။

ပြိုင်ပွဲကို ခြေစစ်ပွဲအောင် အသင်း (၁၅)သင်းအပါအဝင် အသင်း (၁၆) သင်းအား (၄) သင်း (၄) အုပ်စုခွဲကာ ကျင်းပမည်ဖြစ်သည်။
လက်ရှိခြေစစ်ပွဲဝင် အုပ်စု (၁၁)ခုတွင် အုပ်စု (၉) ခုမှာ ပြီးဆုံးသွားပြီဖြစ်ပြီး မြန်မာအသင်းပါဝင်သည့် အုပ်စု (I) နှင့် အုပ်စု (D) တို ့မှာ ယနေ့ ပြီးဆုံးမည်ဖြစ်သည်။
လက်ရှိတွင် ကာတာ၊ အီရန်၊ အီရတ်၊ ကူဝိတ်၊ ယူအေအီး၊ ဂျော်ဒန်၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ မလေးရှား၊ ဂျပန်၊ ထိုင်း၊ တာ့ခ်မင်နစ္စတန်အသင်း (၁၂) သင်းမှာ ခြေစစ်ပွဲအောင်ထားပြီး ထပ်မံခြေစစ်ပွဲအောင်ရန် (၃) သင်းသာ ကျန်ရှိတော့သည်။















