နှစ်ပေါင်းများစွာကြာ ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် ယခင်ကခရီးသွားများ လာရောက်မှုကို ကန့်သတ်ထားသော လစ်ဗျားနိုင်ငံသည် ဆယ်နှစ်တာကာလအတွင်း သဲကန္တာရတွင်းရှိ အိုအေစစ်မြို့လေးကို လေ့လာရေးခရီးအပါအဝင် ၎င်း၏ပထမဆုံး ပြည်ပခရီးသွားအဖွဲ့ကို လာရောက်လည်ပတ်ခွင့်ပြုခဲ့သည်။
ယင်းခရီးစဉ်တွင် လိုက်ပါလာသော ခရီးသွားဧည့်သည်အယောက် ၁၀၀ ခန့်တွင် အများစုမှာ ဥရောပ ခရီးသည်များဖြစ်ပြီး ၎င်းတို့ထဲတွင် လွန်ခဲ့သည့်ဆယ်နှစ်ကျော်က လစ်ဗျားနိုင်ငံသို့ ပထမဆုံးအလည်အပတ်ရောက်ရှိသူများတွင် ပြင်သစ်ခရီးသွားယန်းပေါလ်ဆိုသူလည်း အပါအဝင် ဖြစ်သည်။
၎င်းအနေဖြင့် အံ့မခန်းဖွယ်ရှုခင်းများနှင့် ဖော်ရွှေသည့်ဒေသခံများရှိသည့် ခမ်းနားသောလစ်ဗျားနိုင်ငံကြီးကို အလည်အပတ်ထပ်မံ လာရောက်လိုသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း အသက် ၅၇ နှစ်အရွယ် ပေါလ်ကပြောကြားခဲ့သည်။
“လွန်ခဲ့တဲ့ ၁၀ နှစ်က ကျွန်တော် ဒီနိုင်ငံကို ရောက်ခဲ့ဖူးပါတယ်။ အခုတစ်ကြိမ် လုံခြုံရေးအစီအစဉ်နဲ့အတူ ဒီနိုင်ငံကို အလည်အပတ် လာရောက်နိုင်ခဲ့ပါပြီ။ ဒီကဒေသခံတွေ အားလုံးက ဖော်ရွေကြတဲ့အတွက် လစ်ဗျားနိုင်ငံသားတွေဟာ ကမ္ဘာလှည့်ခရီးသွားတွေ ထပ်တလဲလဲ လာလည်စေချင်တယ်လို့ ခင်ဗျားတို့တွေ ခံစားမိကြမှာပါ” ဟု ပေါလ်ကဆိုသည်။ အီတလီ၊ပြင်သစ်၊အိုက်စ်လန်နှင့် ဆွစ်ဇာလန်နိုင်ငံသားခရီးသည် အများစုလိုက်ပါလာသည့် ဒါဇင်နှင့်ချီသော မော်တော်ယာဉ်တန်းသည် အုန်းပင်တန်းများနံဘေးရှိ Ghadames အိုအေစစ်မြို့၏ရှေးဟောင်းအဖြူရောင် အဆောက်အဦးများကြားမှ ဖြတ်သန်းမောင်းနှင်လာစဉ် ရဲတပ်ဖွဲ့၏ အစောင့်အကြပ်အချက်ပေး ဥသြသံမှာ ပဲ့တင်ထပ်လျက်ရှိသည်။
လစ်ဗျားနိုင်ငံတွင် အာဏာရှင် မိုအာမာဂဒါဖီလက်ထက် နှစ်လေးဆယ်ကာလတစ်လျှောက် ကမ္ဘာလှည့်ခရီးသွားများကို အကန့်အသတ်ဖြင့်သာ လာရောက်ခွင့်ပြုခဲ့သည်။၂၀၁၁ ခုနှစ်က အာဏာရှင်ကို ဖြုတ်ချခဲ့ချိန်တွင်လည်း လစ်ဗျားနိုင်ငံ၌ တရားဥပဒေအထိန်းအကွပ်ကင်းမဲ့ပြီး လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့သောကြောင့် ပြည်ပခရီးသွားများမှာ နိုင်ငံသို့အလည်အပတ်လာရောက်ခဲ့ခြင်းမရှိပေ။
၂၀၂၀ ခုနှစ် အောက်တိုဘာလက အပစ်အခတ်ရပ်စဲရေးနှင့် ကုလသမဂ္ဂဦးဆောင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပြီးတွင် ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးကမ္ဘာလှည့်ခရီးသွားအဖွဲ့တစ်ဖွဲ့ကို နိုင်ငံတွင်းသို့ လာရောက်လည်ပတ်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ဧည့်လမ်းညွှန် အလီအယ်ခိုဘာက ကြီးမားသည့် လစ်ဗျားသဲကန္တာရကို ပြည်ပနိုင်ငံသားများ လာရောက်လည်ပတ်ရန် ကြောက်ရွံ့နေမှုများကို အဆုံးသတ်စေချင်ကြောင်း ပြောကြားခဲ့သည်။
အီတလီနိုင်ငံသား ခရီးသွားတစ်ဦးဖြစ်ပြီး ခရီးသွားလုပ်ငန်း လုပ်ဆောင်သည့် ဂျီယိုဗာနီပေါလိုကလည်း “ဒီလိုအံ့သြဖွယ်နိုင်ငံကို အလည်အပတ်လာရောက်ဖို့ ကျွန်တော်တို့ကို ကြိုဆိုနေပါတယ်” ဟု ပြောကြားခဲ့သည်။
ခရီးသွားများသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် လပေါင်းများစွာကြာ ပိတ်ထားခဲ့ပြီးနောက် စက်တင်ဘာလတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည့် တူနီရှားနယ်စပ်ကိုဖြတ်သန်း၍ လစ်ဗျားနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ခရီးသွားများသည် ထရီပိုလီမြို့တော်တောင်ပိုင်း မိုင် ၄၀၀ အကွာရှိ ပုလဲသဲကန္တရဟု တင်စားခေါ်ဝေါ်ကြသည့် Ghadames သို့ ရောက်ရှိလာခဲ့သည်။
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်မြို့ဖြစ်သည့် Ghadames မြို့တွင် ခရီးသွားများက ရှေးဟောင်းနေအိမ်များတစ်လျှောက် လှည့်လည်သွားလာ၍ ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
၂၀ ရာစုနှစ်လယ်ပိုင်းကတည်းက ရေနံနှင့်ဂတ်စ်ကို စီးပွားရေးတွင် အမှီပြုနေထိုင်ခဲ့သည့် လစ်ဗျားတွင် ခရီးသွားကဏ္ဍမှာ သေးငယ်သည့် ကဏ္ဍတစ်ရပ်အဖြစ်သာ ရှိနေခဲ့သည်။ကဒါဖီအစိုးရသည် ပြင်ပနိုင်ငံများနှင့် ဆက်ဆံရေးပြုပြင်ခဲ့ပြီး ကုလသမဂ္ဂကလည်း ၂၀၀၃ ခုနှစ်တွင် လေကြောင်းတားမြစ်မှု အပါအဝင် ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းလိုက်ချိန်တွင် ၎င်း၏ခရီးသွားကဏ္ဍမှာ လမ်းစပွင့်လာခဲ့သည်။
လစ်ဗျားအစိုးရသည် ခရီးသွားဝန်ကြီးဌာနတစ်ခုကို တည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် အားလပ်ရက် အလည်အပတ်လာရောက်ရန် ပြည်ပခရီးသွား ၁၁၀,၀၀၀ ကိုပထမဆုံး အကြိမ်အဖြစ် ဗီဇာထုတ်ပေးခဲ့သောကြောင့် ဒေါ်လာသန်း ၄၀ ရရှိခဲ့သည်။
သို့သော် ၂၀၁၁ ခုနှစ်တွင် လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်ခဲ့သောကြောင့် ခရီးသွားကဏ္ဍမှာ တစ်ဖန်ငုပ်လျှိုးသွားခဲ့ရသည်။
မကြာသေးမီနှစ်များအတွင်း နိုင်ငံမှာပြန်လည် တည်ငြိမ်လာသော်လည်း ဒေသတွင်းတွင်တိုက်ခိုက်မှုအချို့ ဖြစ်ပွားနေသေးသောကြောင့် နိုင်ငံအများစုကမူ ၎င်းတို့နိုင်ငံသားများကို လစ်ဗျားသို့ သွားရောက်လည်ပတ်ခြင်းမပြုရန် တိုက်တွန်းထားကြသည်။















