မြောက်ကိုရီးယားက ပင်လယ်ထဲသို့ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ် ထုတ်ပြန်

မြောက်ကိုရီးယားက ပင်လယ်ထဲသို့ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ် ထုတ်ပြန်
၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၉ ရက်က မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုကို ဆိုးလ်မြို့ရှိ ရထားဘူတာရုံအတွင်း ပြသထားသောရုပ်သံ၌ တွေ့ရစဉ်
၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၉ ရက်က မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုကို ဆိုးလ်မြို့ရှိ ရထားဘူတာရုံအတွင်း ပြသထားသောရုပ်သံ၌ တွေ့ရစဉ်
Published 19 October 2021
Ref: AFP

အမေရိကန်သံတမန်က စေ့စပ်ညှိနှိုင်းရေးအတွက် အကြိမ်ကြိမ်တောင်းဆိုနေချိန်တွင် မြောက်ကိုရီးယားက ဆက်တိုက်လုပ်ဆောင်နေသော ဒုံးကျည်စမ်းသပ်မှုများထဲက နောက်ဆုံးစမ်းသပ်မှုတစ်ခုအဖြစ် ပြုံယမ်းသည် အောက်တိုဘာ ၁၉ ရက်တွင် ပဲ့ထိန်းဒုံးကျည်ကို ပင်လယ်ထဲသို့ပစ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က ထုတ်ဖော်ပြောကြားခဲ့သည်။

အမျိုးအမည်မသိပဲ့ထိန်းဒုံးကျည်ကို ဆင်ပိုမှ ကိုရီးယားကျွန်းဆွယ်အရှေ့ဘက်ရှိ ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်က ထုတ်ပြန်ခဲ့သည်။

“တောင်ကိုရီးယားနှင့် အမေရိကန် ထောက်လှမ်းရေးအဖွဲ့တို့ဟာ နောက်ထပ်အသေးစိတ် အချက်အလက်တွေအတွက် နီးကပ်စွာ လေ့လာဆန်းစစ်နေကြပါတယ်” ဟု ထုတ်ပြန်ချက်တွင်  ဖြည့်စွက်ဖော်ပြခဲ့သည်။

ဒုံးကျည်ပစ်လွှတ်ခဲ့သော ဆင်ပိုသည် အရေးပါသည့် ရေတပ်သင်္ဘောကျင်းတစ်ခုဖြစ်ပြီး ဂြိုဟ်တုဓာတ်ပုံများအရ အဆိုပါ သင်္ဘောကျင်းတွင် ရေငုပ်သင်္ဘောများကို ယခင်ကမြင်တွေ့ခဲ့ရသည်။

မြောက်ကိုရီးယားနိုင်ငံသည် ရေငုပ်သင်္ဘောမှ ပစ်သောဒုံးကျည် (SLBM) ကို ထုတ်လုပ်နေသည်ဟု သိရသည်။သို့သော် မြောက်ကိုရီးယားသည် ဒုံးကျည်ကိုရေငုပ်သင်္ဘောပေါ်မှ ပစ်လွှတ်သည်ထက် ရေအောက်စင်ပေါ်မှ ပစ်လွှတ်ခဲ့ပုံရကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားကြသော်လည်း ပြုံယမ်းသည် ဒုံးကျည်ကို ယခင်ကရေအောက်မှ ပစ်လွှတ်ခဲ့သည်ဟု ဆိုသည်။

လွန်ခဲ့သောလတွင် တောင်ကိုရီးယားက ၎င်း၏ပထမဆုံး SNBM ဒုံးကျည်ကို စမ်းသပ်ခဲ့ခြင်းနှင့်အတူ ကိုရီးယားကျွန်းဆွယ်တွင် လက်နက်ပြိုင်ဆိုင်မှုတစ်ခုခု ဖြစ်ပေါ်နေသည်။ တောင်ကိုရီးယားသည် အဆိုပါဒုံးကျည်ကို စမ်းသပ်ခဲ့သဖြင့် ယင်းနည်းပညာရှိထားသော ထိပ်တန်းနိုင်ငံအုပ်စုတွင် ပါဝင်ခဲ့ပြီး အသံထက်မြန်သော ဒုံးကျည်ကိုလည်း ထုတ်ဖော်မိတ်ဆက်ခဲ့သည်။

အောက်တိုဘာ ၁၉ ရက်တွင် မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ခဲ့ပြီးနောက် မိမိတို့အမျိုးသားလုံခြုံရေး အစည်းအဝေးကို ကျင်းပခဲ့သည်ဟု တောင်ကိုရီးယားသမ္မတရုံးက ပြောကြားခဲ့သည်။

၁၉၅၀ ခုနှစ်တွင် အိမ်နီးချင်း တောင်ကိုရီးယားကို ကျူးကျော်ခဲ့သော အဏုမြူလက်နက် တင်ဆင်ထားသည့် မြောက်ကိုရီးယားသည် မကြာသေးမီ သီတင်းပတ်များတွင် တာဝေးပစ်ခရုစ်ဒုံးကျည်၊ အသံထက်မြန်သော ထိပ်တပ်ဒုံးကျည်ကို ရထားပေါ်မှ ပစ်လွှတ်စမ်းသပ်ခြင်းတို့ လုပ်ဆောင်ခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ထို့အပြင် မြောက်ကိုရီးယားသည် လက်နက်ပြပွဲကို ရှားရှားပါးပါးကျင်းပခဲ့ပြီး လွန်ခဲ့သောနှစ်က ညအချိန်ပြုလုပ်ခဲ့သော စစ်ရေးပြပွဲတွင် ဧရာမတိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) ကို ထုတ်ဖော်ပြသခဲ့သည်။

နိုင်ငံတကာအရေးယူ ပိတ်ဆို့မှုများခံရသည့် မြောက်ကိုရီးယား၏ စစ်ရေးနည်းပညာနယ်ပယ်တွင် လျင်မြန်သည့် တိုးတက်မှုများရရှိအောင် ဆောင်ရွက်ခဲ့သော ခေါင်းဆောင်ကင်ဂျုံအွန်သည် လက်နက်ပြပွဲကို  တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး တင်းမာမှုများအတွက် အမေရိကန်ပြည်ထောင်စုကို အပစ်တင်ခဲ့သည်။ ထို့ပြင် ရန်လိုသော ရည်ရွယ်ချက်များမရှိဆိုသော အမေရိကန်၏ပြောဆိုမှုများကို မြောက်ကိုရီးယားခေါင်းဆောင်က ပယ်ချခဲ့သည်။ ပြုံယမ်းနှင့်စေ့စပ်ဆွေးနွေးရန် အမေရိကန်သံတမန်က တောင်းဆိုမှုအသစ်ပြုလုပ်ချိန်တွင် ယခုနောက်ဆုံးဒုံးကျည်ပစ်လွှတ်မှုကို မြောက်ကိုရီးယားက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent