ပင်လယ်နက်ဒေသ သုံးနိုင်ငံခရီးစဉ်အတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျော်ဂျီယာသို့ စတင်ရောက်ရှိ

ပင်လယ်နက်ဒေသ သုံးနိုင်ငံခရီးစဉ်အတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျော်ဂျီယာသို့ စတင်ရောက်ရှိ
စက်တင်ဘာ ၂၉ ရက်က ဝါရှင်တန်မြို့တော်ရှိ အမေရိကန်အောက်လွှတ်တော်၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီတွင် သက်သေထွက်ဆိုနေသည့် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်အား တွေ့ရစဉ်
စက်တင်ဘာ ၂၉ ရက်က ဝါရှင်တန်မြို့တော်ရှိ အမေရိကန်အောက်လွှတ်တော်၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီတွင် သက်သေထွက်ဆိုနေသည့် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်အား တွေ့ရစဉ်
Published 18 October 2021
Ref: AFP

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် ပင်လယ်နက်ဒေသရှိ မဟာမိတ်သုံးနိုင်ငံသို့သွားရောက်သည့် ပထမအကျော့ အလည်အပတ်ခရီးစဉ်အဖြစ် အောက်တိုဘာ ၁၇ ရက်က ဂျော်ဂျီယာနိုင်ငံကို ဆိုက်ရောက်လာခဲ့ရာ ယင်းသုံးနိုင်ငံခရီးစဉ်သည် ရုရှား၏ခြိမ်းခြောက်မှုများကို ဆန့်ကျင်ရာတွင် အမေရိကန်က ထောက်ခံကြောင်း သတင်းစကားပါးရန် ရည်ရွယ်ထားသည်။

၂၀၁၄ ခုနှစ်နောက်ပိုင်း ယင်းခရီးစဉ်ကို ပထမဆုံးလာရောက်သည့် ပင်တဂွန်အကြီးအကဲ အော်စတင်သည် အချိန်ပြည့် နေတိုးအဖွဲ့ဝင်ဖြစ်ရေးအတွက် နှစ်ပေါင်းများစွာ ကြိုးစားနေခဲ့သော ဂျော်ဂျီယာတွင် စစ်သင်တန်း ပြန်ပေးရေးကိစ္စနှင့် ယင်းနိုင်ငံကို အမေရိကန်က အလေးထားခြင်းအား ပြသမည်ဖြစ်သည်။

“ရုရှားကျူးကျော်မှုရဲ့ရှေ့ဆုံးတန်းမှာ ရှိနေကြတဲ့နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ကျွန်တော်တို့အာမခံပါတယ်။ အားလည်းဖြည့်ပေးနေပါတယ်” ဟု အမေရိကန်အကြီးတန်း ကာကွယ်ရေး တာဝန်ရှိသူတစ်ဦးက အော်စတင်၏ ခရီးစဉ်မတိုင်မီ သတင်းထောက်များကို ပြောကြားခဲ့သည်။

ဂျော်ဂျီယာနိုင်ငံ၏ ခွဲထွက်ဒေသများဖြစ်သော အက်ဘ်ခါဇီးယားနှင့် တောင်အိုဆက်ရှားတို့တွင် ရုရှားစစ်သားများကို စခန်းချထားသည်။ နေတိုးမိတ်ဖက်နိုင်ငံ အဆင့်မှသည် နေတိုးအချိန်ပြည့်အဖွဲ့ဝင် ဖြစ်ရေးအတွက် ဂျော်ဂျီယာနိုင်ငံ၏ တိုးမြှင့်ဆောင်ရွက်မှုမှန်သမျှကို ရုရှားနိုင်ငံက အတိုက်အခံလုပ်လျက် ရှိသည်။

အမေရိကန်ပြည်ထောင်စုသည် ဂျော်ဂျီယာစစ်တပ်နှင့်အတူ သင်တန်းပေးသည့် အစီအစဉ်များကို လုပ်ဆောင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။အဆိုပါ လေ့ကျင့်ရေးသင်တန်းများသည် နေတိုးအဖွဲ့နှင့် အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှု စွမ်းရည်မြှင့်တင်ရေးကိုသာမက နယ်မြေကာကွယ်ရေးတို့ကို အလေးထားခဲ့သည်။ လက်ရှိသင်တန်းသည် ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ဂျော်ဂျီယာဝန်ကြီးချုပ် အီရာကလီဂါရီဘာရှီဗလီ၊ ကာကွယ်ရေးဝန်ကြီး ဂျူအန်ရှာဘာချူလတ်ဇီတို့နှင့် တွေ့ဆုံရာတွင် အော်စတင်သည် အာဖဂန်နစ္စတန်က ဆယ်စုနှစ်နှစ်ခုကြာစစ်ပွဲ၌ ဂျော်ဂျီယာ၏ ပါဝင်ဆောင်ရွက်မှုအား ကျေးဇူးတင်ကြောင်း ပြောကြားမည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဂျော်ဂျီယာစစ်သား ၂၀,၀၀၀ ကျော်သည် ၂၀၀၄ နှင့် ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတွင် ပါဝင်ခဲ့ကြသည်။ အာဖဂန်စစ်ပွဲတွင် ဂျော်ဂျီယာစစ်သား ၃၂ ဦးအသက်စွန့်လွှတ်ခဲ့ရသည်။

ရုရှားဘက်ကိုသာမက တရုတ်ဘက်ကိုပါ ယိမ်းသွားနိုင်သဖြင့် ဘိုင်ဒင်အစိုးရသည် ဂျော်ဂျီယာကို ပိုမိုအာရုံစိုက်ရန် လိုအပ်နေသည်ဟု ဖလော်ရီဒါ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်ရှိ နိုင်ငံရေးသိပ္ပံပညာရှင် ဒေးဗစ်ခရာမာက ပြောကြားခဲ့သည်။ ခရာမာသည် အမေရိကန်အကြီးတန်း သံတမန်ဟောင်းတစ်ဦး ဖြစ်သည်။

“ဂျော်ဂျီယာအစိုးရဟာ ရုရှားအစိုးရနဲ့ လိုက်လျောညီထွေရှိလွန်းနေတယ်ဆိုတဲ့ စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ ဒါကလည်း သူတို့ဟာ နေတိုးနဲ့ပူးပေါင်းရာမှာ တိုးတက်မှု မရှိတာကြောင့်လည်း ဖြစ်ပါတယ်” ဟု ခရာမာက ပြောကြားခဲ့သည်။

အော်စတင်သည် ဂျော်ဂျီယာမှတဆင့် ပင်လယ်နက်ပေါ်ရှိ ယူကရိန်းနှင့် ရိုမေးနီးယားတို့ကိုလည်း ဆက်လက်သွားရောက်မည် ဖြစ်သည်။                    

Most Read

Most Recent