ဒရုန်း စွမ်းစွမ်းတမံ ထုတ်လုပ်နေသည့် အစ္စရေးနိုင်ငံတွင် ကုမ္ပဏီများက ကောင်းကင်ထက်၌ ပိုမိုများပြားလာသော ဒရုန်းများတစ်စင်းနှင့်တစ်စင်း မတိုက်မိစေရန်အတွက် ၎င်းတို့၏ကျွမ်းကျင်မှုများကို ထုတ်ဖော်ခဲ့ကြသောကြောင့် လေတပ်စစ်မှုထမ်းဟောင်းများ၏ ကျွမ်းကျင်မှုကို အသုံးပြု၍ဆူရှီနှင့် ရေခဲမုန့်များကို ပို့ဆောင်ပေးနေသည်။
တဲလ်အဗစ် ကမ်းခြေတွင် ယခုသီတင်းပတ်အတွင်း ဒရုန်းသုံးစင်းသည် မြေပြင်နှင့် မဝေးလွန်းသည့် အကွာအဝေးတွင် ပျံသန်းနေသောကြောင့် ပန်ကာသံများဆူညံနေသည်။
ယင်းဒရုန်းသုံးစင်းတွင် နှစ်စင်းမှာ ဆူရှီသယ်ဆောင်လာပြီး တတိယတစ်စင်းမှာ ဘီယာဗူးများ သယ်ဆောင်လာခဲ့ကြသည်။
ယင်းဒရုန်းများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော ဒရုန်းများအတွက် လမ်းကြောင်းထိန်းချုပ်ရေးဆိုင်ရာ အထူးပြုလုပ်ဆောင်နေသည့် အစ္စရေးကုမ္ပဏီ High Lander နှင့် ဝယ်ယူသူများအတွက် ဒရုန်းတပ်ဆင်ရေးမဟာဗျူဟာဆိုင်ရာ အကူအညီပေးနေသည့် Cando တို့က ပိုင်ဆိုင်သော ဒရုန်းများဖြစ်သည်။
“ဒရုန်းတစ်စီးပဲ ပျံသန်းတာက ပြဿနာမဟုတ်ပါဘူး။ကျွန်တော်တို့ ဆွေးနွေးရမှာကတစ်ခြားဒရုန်း ထုတ်လုပ်သူတွေကနေ ထွက်လာမယ့် ဒရုန်းအများအပြားနဲ့ သက်ဆိုင်တဲ့ကိစ္စပါ။ဒါပေမဲ့ ဒီဒရုန်းတွေကို ကျွန်တော်တို့ ဆော့ဖ်ဝဲလ်တွေနဲ့ စောင့်ကြည့်နေပြီး ဒရုန်းအချင်းချင်း မတိုက်မိအောင် သေချာလုပ်ဆောင်နိုင်ပါတယ်” ဟု High Lander ၏ အမှုဆောင်ချုပ် အေလွန်အဘယ်ဆန်က ပြောကြားခဲ့သည်။
ယင်းသရုပ်ပြမှုသည် အစ္စရေး၏ အဆင့်မြင့်ဒရုန်းနည်းပညာအတွက် အစိုးရ-ပုဂ္ဂလိက ပဏာမခြေလှမ်းဖြစ်သော ဒေါ်လာသန်း ၆၀ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အစ္စရေးတီထွင်ဆန်းသစ်မှု အာဏာပိုင်အဖွဲ့မှ ဒရုန်းပဏာမခြေလှမ်းကို ဦးဆောင်သည့် ဒန်နီယယ်ပါတမ်က “အနာဂတ်မှာ လူစည်ကားတဲ့မြို့တွေရဲ့ ကောင်းကင်ထက်မှာ ဒရုန်းတွေ အဆက်မပြတ်ပျံသန်းနေလိမ့်မယ်လို့ ကျွန်မမြင်ယောင်မိပါတယ်။ ဆေးဘက်ဆိုင်ရာ ပို့ဆောင်တာတွေ ဆောင်ရွက်နိုင်ပြီး ရဲတပ်ဖွဲ့ရဲ့ တာဝန်တွေကို တိုးမြှင့်လုပ်ဆောင်နိုင်မယ့်အပြင် အစားအစာပို့ဆောင်မှုတွေလည်း မြန်ဆန်လာနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
“ကျွန်မတို့ရည်ရွယ်ချက်ကတော့ အစ္စရေးမှာ အပြိုင်စျေးကွက်တစ်ခုကို ဖန်တီးဖို့ဖြစ်ပြီး ကုမ္ပဏီတစ်ခုထဲက လွှမ်းမိုးထားတာမျိုး မဖြစ်စေချင်ပါဘူး။ကျွန်မတို့အနေနဲ့ လမ်းမပေါ်က ယာဉ်တွေကို ဖယ်ရှားနိုင်မယ်ဆိုရင် လေထုညစ်ညမ်းမှုကို လျှော့ချနိုင်မယ့်အပြင် ကုန်ပစ္စည်းပို့ဆောင်ဖို့အတွက် ပိုကောင်းမွန်ပြီး ပိုမိုဘေးကင်းတဲ့ သဘာဝပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနိုင်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။
အစ္စရေးသည် အရပ်ဘက်သုံး ဒရုန်းများကို စစ်ဘက်သုံးဒရုန်းများကဲ့သို့ ပိုမိုသေးငယ်ပြီး ရွှေ့လျားခြင်းနှင့် တိုက်ခိုက်ခြင်းတို့ကို တစ်ပြိုင်တည်း လုပ်ဆောင်နိုင်သည့်ပုံစံမျိုး တည်ဆောက်နေသည်ဟု ပင်ဆယ်ဗေးနီးယားတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်သည့် ဒရုန်းကျွမ်းကျင်သူ မိုက်ကယ်ဟိုရိုဝစ်က ပြောကြားခဲ့သည်။
အစ္စရေး၏စစ်ဘက်သုံးဒရုန်း အစီအစဉ်သည် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် ပိတ်ဆို့ထားသော ဂါဇာကမ်းမြောင်ရှိပါ လက်စတိုင်းများက အစ္စရေးသည် အကြောက်တရား သွတ်သွင်းပေးနေပြီး အရပ်သားများကို ထိခိုက်အောင် လုပ်ဆောင်လာနိုင်သည်ဟု ပြောကြားခဲ့သည်။
စီးပွားဖြစ်ဒရုန်းကဏ္ဍတွင် အစ္စရေးသည် ထိရောက်မှုရှိသည့် ပြည်တွင်းအဆင့် ဒရုန်းထိန်းချုပ်ညွှန်ကြားမှုကို လုပ်ဆောင်လာနိုင်လျှင် ဒရုန်းအပေါ် လူအများ၏စိတ်ဝင်စားမှုကို ရရှိလာလိမ့်မည်ဟု ယူဆကြောင်း ဟိုရိုဝစ်ကဆိုသည်။
ပြိုင်ဘက်တရုတ်နှင့် တူရကီတို့က ၎င်းတို့၏စစ်ဘက်သုံးဒရုန်း တင်ပို့မှုများဖြင့်နေရာယူထားချိန်တွင် အစ္စရေးသည်အဆင့်မြင့် အရပ်ဘက်သုံး ဒရုန်းများဖြင့် ဒရုန်းစျေးကွက်ရှယ်ယာကို ပြန်လည်သိမ်းပိုက်နိုင်လိမ့်မည်ဟု ဟိုရိုဝစ်ကပြောကြားခဲ့သည်။
High Lander ၏ အဘယ်ဆန်က ၎င်းကုမ္ပဏီတွင် ဂျပန်၊တောင်ကိုရီးယား၊ပြင်သစ်၊အမေရိကန်၊အစ္စရေးနှင့် အာဖရိကနိုင်ငံများ အပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှဖောက်သည်များရှိကြောင်း ပြောကြားခဲ့သည်။
High Lander သည် ကောင်းကင်တွင် ဒရုန်းအချင်းချင်းတိုက်မိနိုင်ခြင်းမရှိစေရန် လုပ်ဆောင်ပေးနိုင်သည့် ကမ္ဘာ့အကောင်းဆုံးကုမ္ပဏီများမှတစ်ခု ဖြစ်သောကြောင့် ယင်းကုမ္ပဏီနှင့်လက်တွဲ ဆောင်ရွက်နေကြောင်း ဘရာဇီး၏ Speedbird Aero drone ကုမ္ပဏီ CEO မာနိုအယ်ကိုအယ်ဟိုက ပြောကြားခဲ့သည်။















