မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ၊ ကျိုက်ထိုမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးမှာ အောက်တိုဘာ ၃ ရက် ညနေ ၆ နာရီအချိန်ခန့်က ၎င်း၏နေအိမ်ရှေ့တွင် သေနတ်ဖြင့် သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရသည်။
သေနတ်ဖြင့်ပစ်သတ်ခံရသူမှာ ရဲတပ်ကြပ် ကျော်စိုးမိုးဆိုသူဖြစ်ကြောင်း၊ ၎င်းနေထိုင်ရာ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ၊ နေအိမ်ရှေ့တွင် တံမြက်စည်းလှည်းနေစဉ် အမည်မသိ သေနတ်သမားများ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်းနှင့် ရဲတပ်ကြပ် ကျော်စိုးမိုးမှာ သေနတ်ဒဏ်ရာဖြင့် အခင်းဖြစ်ရာနေရာ၌ပင် သေဆုံးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
“ရဲတပ်ကြပ်ကျော်စိုးမိုးက သူ့အိမ်ရှေ့မှာ ရှိနေတဲ့အချိန်မှာ သေနတ်နဲ့ခြောက်ချက်လောက် ပစ်ခံလိုက်ရတယ်လို့ ကြားသိရပါတယ်။ အဲ့ဒီမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
အခင်းဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ကျိုက်ထိုမြို့နယ်အတွင်း အောက်တိုဘာလ ၁ ရက်၊ ညပိုင်းကလည်း သိမ်ဇရပ်မြို့၊ သုံးခွကျေးရွာနေ ရာအိမ်မှူးတစ်ဦးဖြစ်သူ ဦးခင်ဇော်လတ်၏ နေအိမ်အတွင်း ဗုံးပစ်သွင်းမှုဖြစ်ပွားကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းနှင့် ထိုပေါက်ကွဲမှုကြောင့် နေအိမ်အနည်းငယ် ပျက်စီးမှုဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း ဒေသခံများထံမှ သိရသည်။















