ကီတာအား လီဗာပူးလ်သို့ ကြိုတင်စေလွှတ်မည်မဟုတ်ဟု လိုက်ပ်ဇစ် ထပ်မံငြင်းဆန်

ကီတာအား လီဗာပူးလ်သို့ ကြိုတင်စေလွှတ်မည်မဟုတ်ဟု လိုက်ပ်ဇစ် ထပ်မံငြင်းဆန်
Published 14 January 2018

Photo: aminata

ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းက ကွင်းလယ်ကစားသမား ကီတာအား ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာပင် လီဗာပူးလ်အသင်းသို့ ကြိုတင်စေလွှတ်မည်မဟုတ် ကြောင်း ထပ်မံငြင်းဆန်ခဲ့သည်။

လီဗာပူးလ်အသင်းသည် အသက် ၂၂ နှစ်အရွယ် ဂီနီလက်ရွေးစင်ကစားသမားအား လာမည့် ဇူလိုင် ၁ ရက်တွင် ခေါ်ယူရန် ပြီးခဲ့သည့်နွေရာသီကတည်းက သဘောတူညီမှုရရှိထားပြီးဖြစ်သည်။

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟိုအား ဘာစီလိုနာအသင်းထံ ယူရိုသန်း ၁၆၀ ဖြင့် ရောင်းချ ခဲ့သောကြောင့် ကီတာကို ဇန်နဝါရီမှာပင် ကြိုတင်ခေါ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ဂျာမနီအခြေစိုက် Bild သတင်းစာကလည်း လီဗာပူးလ်အသင်းသည် ကီတာအား ကြိုတင်ခေါ်ယူဖြစ်ပါက မူလပြောင်းရွှေ့ကြေးထက် ယူရို ၁၅ သန်းပိုမိုပေးချေမည်ဖြစ်ကြောင်း ဖော်ပြနေရာ လိုက်ပ်ဇစ်အသင်းနည်းပြ ဟာဆန်ဟတ်တယ်လ်က ငြင်းဆန်ခဲ့ပြီး ယခုတစ်ပတ် ရှော်လ်ကေးအသင်းနှင့်ပွဲတွင် ၎င်းပါဝင်မည်ဟု ဆိုသည်။

အမှတ်ပေးဇယားအဆင့် (၅)နေရာ၌ရပ်တည်နေသည့် လိုက်ပ်ဇစ်အသင်းသည် ရာသီကုန်၌ ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်ရပါက ကီတာအတွက် ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းရရှိမည်ဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ပါက ယူရို ၆၅ သန်းသာရရှိမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent