ဆရီပါဟန်းအသင်း၏ မြန်မာလူငယ် တိုက်စစ်မှူး အောင်ကောင်းမာန်သည် ဒဏ်ရာပြဿနာကြောင့် မလေးရှားစူပါလိဂ်ပြိုင်ပွဲ ရာသီပိတ်ပွဲစဉ်ကို ထပ်မံလွဲချော်ခဲ့ကြောင်း သိရသည်။
အောင်ကောင်းမာန်သည် လေ့ကျင့်ရေး ကွင်းတွင်ရရှိသည့် ဒူးဒဏ်ရာကြောင့် ရာသီ ပြီးဆုံးခါနီး လေးပွဲကို လွဲချော်ခဲ့ရသည်။ ၎င်း၏ဒဏ်ရာအခြေအနေမှာ တိုးတက်ကောင်း မွန်လာပြီဖြစ်သော်လည်း အနားယူရန်လိုအပ်သဖြင့် UiTM အသင်းနှင့် ယနေ့ကစားမည့် ရာသီပိတ် အဝေးကွင်းပွဲကို လွဲချော်ခဲ့ရခြင်း ဖြစ်သည်။ "ဒဏ်ရာအခြေအနေကတော့ တော်တော်ကောင်းနေပါပြီ။ အနားယူဖို့ လို အပ်တဲ့အတွက် နောက်ဆုံးပွဲမှာ မကစားတာ ဖြစ်ပါတယ်။ အသင်းရဲ့ ရာသီပိတ်ပွဲစဉ်တွေကို လည်း လွဲချော်ခဲ့ရပါတယ်"ဟု အောင်ကောင်း မာန်က ပြောကြားခဲ့သည်။
အောင်ကောင်းမာန်သည် ဆရီပါဟန်း အသင်းသို့ ရာသီဝက်အပြောင်းအရွှေ့ကာလ မှ ရောက်ရှိခဲ့သော်လည်း အလျင်အမြန် အထိုင်ကျသွားသဖြင့် ပုံမှန်ပွဲထွက်ခွင့်ရရှိနေသူဖြစ်သည်။ အောင်ကောင်းမာန်သည် ဆရီပါဟန်းအသင်းတွင် ခြေစွမ်းပြနေသဖြင့် သက် တမ်းတိုးရန် ကမ်းလှမ်းခံထားရပြီး ရာသီကုန်တွင် စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးဖွယ်ရှိနေသည်။
အောင်ကောင်းမာန်သည် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ခြေစွမ်းပြကစား နိုင်ခဲ့သဖြင့် ပြည်ပကလပ်အသင်းများ၏ စိတ်ဝင်စားခြင်းခံခဲ့ရပြီး ၂၀၂၀ နှစ်ဆန်းပိုင်း တွင် ပြည်ပကလပ်အသင်းများသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ အောင်ကောင်းမာန်သည် ၂၀၂၀-၂၀၂၁ ရာသီ ထိုင်းလိဂ်ပြိုင်ပွဲတွင် အသင်းသုံးသင်းအထိ ပြောင်းရွှေ့ကစားခဲ့ပြီး ထရတ်၊ လမ်ပန်နှင့် ခွန်ကန်အသင်းတွင်ကစားခဲ့ရာ ပွဲထွက်ခွင့်ရရန် ရုန်းကန်ခဲ့ရကြောင်း သိရသည်။