တောင်အမေရိကကစားသမားများကို နိုင်ငံအသင်းများထံ စေလွှတ်ရခြင်းကြောင့် ဆီဗီလာ-ဘာစီလိုနာပွဲအပါအဝင် လာလီဂါ(၂)ပွဲကို ရွှေ့ဆိုင်းခဲ့ရ

တောင်အမေရိကကစားသမားများကို နိုင်ငံအသင်းများထံ စေလွှတ်ရခြင်းကြောင့် ဆီဗီလာ-ဘာစီလိုနာပွဲအပါအဝင် လာလီဂါ(၂)ပွဲကို ရွှေ့ဆိုင်းခဲ့ရ
Photo: Getty Images
Photo: Getty Images
Published 9 September 2021

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် တောင်အမေရိကကစားသမားများ စေလွှတ်ထားခြင်းကြောင့် ယခုတစ်ပတ်ကစားမည့် လာလီဂါပွဲစဉ် (၄)မှ ဆီဗီလာ-ဘာစီလိုနာနှင့် ဗီလာရီးယဲလ်-အလာဗတ်စ် ပွဲစဉ်(၂)ပွဲကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရှိရသည်။

လာလီဂါအသင်းများသည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)အတွက် ကစားသမား (၂၇) ဦးအထိ စေလွှတ်ခဲ့ရပြီး တောင်အမေရိကဇုန်ခြေစစ်ပွဲများကို သောကြာနေ့(စက်တင်ဘာ ၁၀ ရက်) နံနက်ပိုင်းတွင်မှ ကစားခဲ့ရာ အဆိုပါကစားသမားများမှာ စနေနေ့တွင် ကစားမည့် လာလီဂါပွဲစဉ်များကို မကစားနိုင်မည်မဟုတ်သဖြင့် ရွှေ့ဆိုင်းပေးရန် လာလီဂါအသင်းအချို့က တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

ဆီဗီလာနှင့် ဘာစီလိုနာအသင်းတို့သည် ယခုစနေနေ့(စက်တင်ဘာ ၁၁ ရက်)တွင် ကစားရန် စီစဉ်ထားသည့် ဆီဗီလာ-ဘာစီလိုနာပွဲကို ရွှေ့ဆိုင်းပေးရန် စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)၏ ပြိုင်ပွဲကျင်းပရေး ကော်မတီထံ တောင်းဆိုခဲ့ရာ ပယ်ချခံခဲ့ရသော်လည်း စပိန်နိုင်ငံ၏ အမြင့်ဆုံးအားကစားကောင်စီက ၎င်းတို့၏ တောင်းဆိုမှုကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ဆီဗီလာနှင့် ဘာစီလိုနာအသင်းတို့သည် စနေနေ့ (စက်တင်ဘာ ၁၁ ရက်)တွင် လာလီဂါပွဲစဉ်ကစားရမည်ဖြစ်ပြီး အင်္ဂါနေ့(စက်တင်ဘာ ၁၄ ရက်)တွင် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ် ကစားရမည်ဖြစ်သည်။

ထို့ကြောင့် စပိန်အားကစားကောင်စီက လာလီဂါအဖွဲ့ချုပ်(LFP) ဥက္ကဋ္ဌ တီဘက်စ်နှင့်တိုင်ပင်ကာ လာလီဂါပွဲစဉ် (၄)မှ ဆီဗီလာ- ဘာစီလိုနာပွဲနှင့် ဗီလာရီးယဲလ်-အလာဗတ်စ်ပွဲများကို ရွှေ့ဆိုင်းပေးခဲ့ခြင်းဖြစ်ပြီး ကျန်(၈)ပွဲကို မူလစီစဉ်ထားသည့်အတိုင်း ကစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဘာစီလိုနာအသင်းသည် ဥရုဂွေးနောက်ခံလူ အာရူဟို တစ်ဦးတည်းကိုသာ စေလွှတ်ခဲ့ရသော်လည်း ဆီဗီလာအသင်းမှာမူ ပါပူဂိုးမက်ဇ်၊ အကူညာနှင့် မွန်တီယဲလ်တို့ (၃)ဦးကို အာဂျင်တီးနားအသင်းအတွက် စေလွှတ်ခဲ့ရသည်။

သို့သော် တောင်အမေရိကဇုန်ခြေစစ်ပွဲအတွက် အဓိကကစားသမားများကို စေလွှတ်ခဲ့ရသည့် အက်သလက်တီကိုအသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့မှာ တောင်းဆို ခြင်းမရှိသဖြင့် ပွဲရွှေ့ဆိုင်းခဲ့ခြင်း မရှိသလို၊ ၎င်းတို့နှစ်သင်းစလုံးမှာ တနင်္ဂနွေ(စက်တင်ဘာ ၁၃ ရက်)တွင်မှ လာလီဂါပွဲစဉ်များကို ကစားရမည်ဖြစ်သည်။ 

 

Most Read

Most Recent