ကျွန်တော်တို့ ဆရာတော်ကို မမေ့ဖို့လိုတယ်

ကျွန်တော်တို့ ဆရာတော်ကို မမေ့ဖို့လိုတယ်
ဓာတ်ပုံ-စိုးသန့်အောင်
ဓာတ်ပုံ-စိုးသန့်အောင်
Published 7 September 2021
သန်းလှိုင် (စစ်တွေ)

ဆရာတော် အသျှင်ဥတ္တမ

ဟောညွှန်ပြ လမ်းစဉ်တွေ

လွတ်လပ်ရေး မီးရှူးတန်ဆောင်ကိုဖြင့်

ထွန်းပြောင်ခဲ့ပေ။

နှောင်းလူတို့ သည်အမွေ

မျှဝေကာခံစား

ကျေးဇူးရှင် မထေရ်မြတ်ကို

ဦးညွှတ်စို့လား။

ငွေသဇင် (သံတွဲ)

မကြာသေးမီက ပျံလွန်တော်မူသွားသော သုတေသီဆရာတော် ငွေသဇင် (သံတွဲ) ရဲ့ “အာဇာနည် အသျှင်ဥတ္တမ” ဆိုတဲ့ ကဗျာရဲ့ နောက်ဆုံးပိုဒ်လေး ဖြစ်ပါတယ်။

လူတွေဟာ သစ္စာတရား ရှိတတ်ကြသလို ဥပေက္ခာတရားလည်း ပြုတတ်ကြတယ်။ ကျေးဇူးတရားကို သိတတ်ကြသလို ကျေးဇူးကို ဖော်ကျူးဖို့လည်း တွန့်ဆုတ်တတ်ကြတယ်။ ဒါဟာ လူ့သဘောသဘာဝသာ ဖြစ်တယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ ကဗျာဟာ သတိတရား မမေ့ကြဖို့၊ ဆရာတော်ကို ရိုသေလေးစားကြဖို့ တိုက်တွန်း ရေးသားထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဆရာတော် ဦးဥတ္တမလို့ ပြောလိုက်ရင် မသိသူ မရှိဘူး။ နယ်ချဲ့အင်္ဂလိပ်၊ တိုင်းတစ်ပါးသားကို တွန်းလှန် တိုက်ထုတ်ခဲ့တဲ့ တော်လှန်ရေး ဆရာတော်တစ်ပါး ဖြစ်တယ်။ မြန်မာ့သမိုင်းမှာ ဖျောက်ဖျက်လို့ မရနိုင်တဲ့၊ မေ့ထားလို့ မရနိုင်တဲ့ ဆရာတော် တစ်ပါးလည်း ဖြစ်ပါတယ်။ ဆရာတော်ရဲ့ ဂုဏ်ကျေးဇူးတရားတွေဟာ ပြည်သူတွေအားလုံးမှာ ရှိတယ်ဆိုရင် မမှားနိုင်ပါဘူး။ ဒါကြောင့် လေးစားဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုကြတာ ကောင်းတဲ့လုပ်ရပ်သာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အနှံ့မှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းကစပြီး မြို့နယ်တိုင်းမှာ ဆရာတော်ရဲ့ ရုပ်တုကို ထုလုပ် ပူဇော်ကြဖို့ နှိုးဆော်လာကြတယ်။ အားတက်သရော ရှိလာကြတယ်။ ယခင်က လုပ်ဆောင်ခွင့် မရခဲ့သော၊ အခွင့်မသာခဲ့သောအချိန်က မလုပ်ဆောင်ခဲ့ကြသည်ကို ပြန်လည် လုပ်ဆောင်လာကြခြင်း ဖြစ်တယ်။ လွတ်လပ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့တဲ့ ဆရာတော်၊ အသက်ကိုစွန့်ခဲ့တဲ့ ဆရာတော်ကို ဂုဏ်ပြုချင်ကြတယ်။ တန်ဖိုးထား၊ အလေးအမြတ်ထားပြီး ဒီဆရာတော်ဟာ နိုင်ငံအတွက် အသက်ကို စွန့်ခဲ့တယ်ဆိုတာ လူငယ်တွေကို ပြသနိုင်အောင် လုပ်ဆောင်ကြတာ ဖြစ်တယ်။

စက်တင်ဘာ ၉ ရက်နေ့ဆိုရင် ဆရာတော်ရဲ့ အထိမ်းအမှတ်နေ့၊ ဆရာတော် ပျံလွန်တော်မူခဲ့တဲ့နေ့ ဖြစ်တာကြောင့် ဆရာတော့် ရုပ်တုရှေ့မှာ လွမ်းသူ့ပန်းခွေတွေ ချကြတယ်။ ဆရာတော်ကို ရည်စူးပြီး ရုပ်တုကို ဦးချ ကန်တော့ကြတယ်။ ဒါဟာ ဗုဒ္ဓဘာသာတွေအတွက် လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်။  ရခိုင်လူမျိုး ဆရာတော်ဖြစ်တဲ့အတွက် ရခိုင်တိုင်းရင်းသားတွေက ပိုပြီး အလေးထားကြတယ်။ အဲဒီနေ့မှာ ကလေး လူကြီး၊ အရာရှိ၊ ဝန်ကြီးတွေကအစ လာရောက်ကြတယ်။ ဆရာတော်ကို ဦးချ ကန်တော့ကြတယ်။ လေးစားဖွယ် လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။

ရခိုင်စည်တော် ဗြိန်းစောင်တီးပြီး စီတန်းလို့ လာရောက် ဂါဝရပြုကြတဲ့ မြင်ကွင်းတွေဟာ အားရ ကျေနပ်စရာ ကောင်းလှတယ်။ အဖွဲ့အစည်း၊ အသင်းအဖွဲ့တွေကလည်း ကိုယ့်ကိုယ့်အုပ်စုနဲ့ကိုယ် စီတန်းပြီး လာကြတယ်။ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ရောက်လာကြတဲ့လူတွေဟာ ဆရာတော်ပန်းခြံ၊ ဆရာတော် ရုပ်တုရှေ့မှာ စည်ကားသိုက်မြိုက်လို့ နေခဲ့တယ်။ စစ်တွေ၊ မြောက်ဦး စတဲ့ မြို့နယ်တွေအပြင် မြို့နယ်တိုင်းမှာ စည်စည်ကားကား ကျင်းပလေ့ရှိတာကို တွေ့ရတယ်။

ဒါပေမဲ့ ကိုဗစ်ဆိုတဲ့ ကပ်ရောဂါဆိုးကြောင့် မကျင်းပနိုင်တာ သုံးနှစ်တောင် ရှိခဲ့ပြီဖြစ်တယ်။ အခုလာမယ့် စက်တင်ဘာ ၉ ရက်နေ့ဆိုရင် ဆရာတော် ပျံလွန်တော်မူခဲ့တာ ၈၂ နှစ် ပြည့်တော့မှာ ဖြစ်တယ်။ အခုလို ကိုဗစ်ရောဂါ မပျောက်သေးတဲ့အချိန်မှာ ဘယ်လိုကျင်းပကြမလဲ ဆိုတာကို လူတိုင်းသိချင်ကြတယ်။ ဒါပေမဲ့ သတင်းဌာနတွေမှာ ဖော်ပြချက်တွေအရ အကျဉ်းမျှသာ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဖော်ပြထားတာ တွေ့ရတယ်။ အခြေအနေအရ စည်ကားစွာ ကျင်းပနိုင်ခြင်း မရှိတာကိုတော့ နားလည်ရမှာ ဖြစ်တယ်။ လူအများရဲ့ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေဖြစ်လို့ ထုတ်ပြန်ထားတဲ့ စည်းကမ်းစည်းမျဉ်းတွေနဲ့အညီ လာလုပ်ဆောင်ကြရမှာ ဖြစ်တယ်လို့ သိရတယ်။

နောက်ပြီး ဆရာတော်ဦးဥတ္တမ သီတင်းသုံး နေထိုင်ခဲ့တဲ့ စစ်တွေမြို့က ရွှေစေတီ ဘုန်းတော်ကြီးကျောင်း ခြံထဲမှာ ဆရာတော်ရဲ့ အသုံးအဆောင် ပစ္စည်းတွေကို ပြသထားမယ့် ပြတိုက်တစ်ခုကိုလည်း မြန်မာနိုင်ငံမှာ ပထမဦးစွာ ဆောက်လုပ်နေပြီ ဖြစ်ပါတယ်။ ကြီးမားမြင့်မြတ်တဲ့ ရည်ရွယ်ချက်တွေ ဖြစ်တယ်။ လက်ရှိ ရွှေစေတီကျောင်း ပဓာန နာယကဆရာတော် ဘဒ္ဒန္တအရိယဝံသ (ဒေါက်တာအရိယဝံသ) ရဲ့ စေတနာက မြင့်မြတ်လှပါတယ်။ လေးစားဖွယ်စိတ်ကူး ဖြစ်ပါတယ်။

ဒီနေရာမှာ စစ်တွေက ပန်းခြံအကြောင်းကို နည်းနည်းပြောရရင် အစိုးရအနေနဲ့ ခရစ်သက္ကရာဇ် ၁၉၅၄ ခုနှစ် စစ်တွေမြို့ အသျှင်ဥတ္တမပန်းခြံအဖြစ် ဖွင့်လှစ်ခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် ဆဋ္ဌမမြောက် ရွှေစေတီ ဆရာတော် ဘဒ္ဒန္တခေမာလင်္ကာရ ဦးဆောင်၍ ရွှေစေတီကျောင်းဒကာကြီး ဦးလောဘသာ၊ ရူပမြောက်စသော ကြေးရုပ်တု ပြီးမြောက်ရေးကော်မတီက ပြည်သူပြည်သားများ စုပေါင်းအလှူနဲ့ ရွှေစေတီ ကျောင်းတိုက်မှာ သွန်းလုပ်တဲ့ ကြေးရုပ်တုကို ပန်းခြံမှာ စိုက်ထူခဲ့ကြတာ ဖြစ်တယ်လို့ သိရတယ်။ ဒါဟာ ရခိုင်ပြည်နယ်မှာ ပထမဆုံးသော ဆရာတော်ရဲ့ ရုပ်တုဖြစ်ပြီး  အခုဆယ်စုနှစ်တွေထဲမှာသာ ကျောက်ရုပ်တုတွေ လုပ်ဆောင်လာခဲ့ကြတာ ဖြစ်တယ်။

ဆရာတော် အသျှင်ဥတ္တမဟာ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယား (မန်ချူးရီးယား) နိုင်ငံ၊ ထိုင်းနိုင်ငံ၊ သီဟိုဠ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ စတဲ့နိုင်ငံတွေမှာလည်း လွတ်လပ်ရေး၊ ပညာရေး၊ အမျိုးသားရေး၊ စီးပွားရေးစတာတွေအပြင် ဗြိတိသျှအစိုးရ ကိုလိုနီကျွန်ဘဝမှ လုံးဝ လွတ်လပ်ရေးအတွက် ပထမဦးဆုံး ရှေ့ဆောင်လမ်းပြ၊ လှုံ့ဆော်ရေးတရားတွေ ဟောကြားပြီး လူထု နိုးကြားလာအောင် လုပ်ခဲ့သူ ဖြစ်တယ်။ မိမိကိုယ်တိုင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်် ၁၂ နှစ်တိုင် ချမှတ်ခံခဲ့ရပြီး ဘာမထီ အာဇာနည် စိတ်ဓာတ်ဖြင့် သူတော်ကောင်းတို့၏ ကျင့်စဉ်ထုံးကို ခံယူဖြည့်ကျင့်ခဲ့သူ ဖြစ်တယ်။  မိမိအတွက် ဘာကိုမျှ ရလိုခြင်းမျှမရှိဘဲ အမျိုးဘာသာ၊ သာသနာတော်အတွက် စွန့်လွတ်အနစ်နာခံလျက် အသက်နှင့်ရင်း၍ ပေးဆပ်ခဲ့တဲ့အတွက် “အာရှနေဝန်း” လို့ ဂုဏ်ပြုချီးကျူး ခေါ်ဆိုခဲ့ကြသလို သမိုင်း၊ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းတွင် ကမ္ပည်းတွင်စေခဲ့တဲ့ ဆရာတော် ဖြစ်တယ်။

မိမိရဲ့ ခန္ဓာကိုယ် ရောဂါဝေဒနာကို သည်းခံလျက် ဆင်းဆင်းရဲရဲဖြင့် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ဗိုလ်ချုပ်လမ်း မဟာညောင်ကုန်းကျောင်းတိုက်၊ မင်္ဂလာစံကျောင်းတိုက်မှာ သီတင်းသုံးနေစဉ် ၉၆ ပါး ရောဂါဝေဒနာကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ခရစ်သက္ကရာဇ် ၁၉၃၉ ခုနှစ် စက်တင်ဘာ ၉ ရက် စနေနေ့တွင် သက်တော် ၆၀ (သိက္ခာတော် ၄၀ ၀ါ) တွင် ခန္ဓာဝန်ချ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါတယ်။

ဆရာတော်ဟာ ပါဠိသက္ကတ၊ အင်္ဂလိပ်၊ ဘင်္ဂါလီ၊ နာဂရီ၊ ဟိန္ဒူ၊ ဂျပန်၊ ပြင်သစ်၊ အီတလီ၊ တိဘက်၊ တရုတ် စတဲ့ ဘာသာစကား ၁၀ မျိုးကို တတ်ကျွမ်းခဲ့တယ်။ စာအုပ်တွေလည်း ရေးသား ထုတ်ဝေခဲ့တယ်လို့ သိရတယ်။ ၁၉၂၅ ခုနှစ်  ဥရောပခရီးစဉ် အခန်းဆက်ဆောင်းပါး၊ ၁၉၂၇- ၁၉၂၈ ခုနှစ်  တရုတ်ပြည်ခရီးစဉ် ဆောင်းပါး၊ ၁၉၂၇- ၁၉၂၈ ခုနှစ် ဒိန်းတလိန်းနက် ကိုယ်တွေ့ဝတ္ထု၊ ၁၉၃၇ ခုနှစ်  ဘုန်းဘုန်းကိုယ်တွေ့ ဘုံဓလေ့၊ ၁၉၂၄- ၁၉၂၅ ခုနှစ်  ဟုမ်းရူးမဂ္ဂဒီပနီ (ပထမတွဲ-ဒုတိယတွဲ)၊ ၁၉၁၄ ခုနှစ် ဂျပန်ပြည်အတ္ထုပ္ပတ္တိ၊  ၁၉၃၈ ခုနှစ် တရုတ်နှင့်ဂျပန် စတုတ္ထပုံနှိပ်၊ ၁၉၂၁ ခုနှစ် အာရောဂျယ်ဒီပနီကျမ်း၊ ၁၉၂၂ ခုနှစ် အသျှင်ဥတ္တမနှင့် နိုင်ငံခြားစာများ စတဲ့စာအုပ်တွေကို ထုတ်ဝေခဲ့တယ်လို့လည်း သိရှိရတယ်။

ဆရာတော်ရဲ့ ကျေးဇူးက ကြီးမားလှပေစွ။ ဒါကြောင့် ကျွန်တော်တို့ဟာ ဆရာတော်ကို မမေ့ဖို့လိုတယ်။ ဆရာတော်ရဲ့ ကျေးဇူးကို မမေ့ဖို့လိုတယ်။ ဒီနှစ် ဆရာတော်ရဲ့နေ့မှာ ဘယ်လို အခမ်းအနားမျိုးတွေ မြင်တွေ့ရလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။