မြန်မာလူငယ်တိုက်စစ်ကစားသမား စောနိုင်မိုးအောင် ထိုင်းလိဂ်-၃ ကလပ် Patong City အသင်းနှင့် လမ်းခွဲခဲ့ပြီး ရာသီဝက်အပြောင်းအရွှေ့ကာလတွင် အသင်းပြောင်းရွှေ့ကစားရန် ကြိုးပမ်းနေ

မြန်မာလူငယ်တိုက်စစ်ကစားသမား စောနိုင်မိုးအောင် ထိုင်းလိဂ်-၃ ကလပ် Patong City အသင်းနှင့် လမ်းခွဲခဲ့ပြီး ရာသီဝက်အပြောင်းအရွှေ့ကာလတွင် အသင်းပြောင်းရွှေ့ကစားရန် ကြိုးပမ်းနေ
Photo: Saw Naing Moe Aung Facebook
Photo: Saw Naing Moe Aung Facebook
Published 6 September 2021

 မြန်မာလူငယ်တိုက်စစ်ကစားသမား စောနိုင်မိုးအောင်သည် ယခုရာသီတွင် ထိုင်းလိဂ်-၃ ကလပ် Patong City အသင်းနှင့် လမ်းခွဲခဲ့ပြီး ရာသီဝက်အပြောင်းအရွှေ့ကာလ၌ အသင်းပြောင်းရွှေ့ကစားရန် ကြိုးပမ်းနေကြောင်း Eleven Sports သို့ ပြောကြားသည်။

စောနိုင်မိုးအောင်က ''ဖူးခက်မှာက မြန်မာတွေမှာ COVID ရောဂါပိုတွေ့နှုန်းက အရမ်းများနေတယ်။ မြန်မာတွေဆိုရင် ညနေ ၆ နာရီနောက်ပိုင်း အရေးတကြီး အကြောင်းမရှိရင် အပြင်တောင်ထွက်လို့မရဘူး။ အဲဒီတော့ ကျွန်တော်လည်း COVID ကာကွယ်ဆေးထိုးတာ နောက်ကျသွားတယ်။ ဖူးခက်အပြင်ထွက်လို့မရတော့ ဗီဇာကိစ္စကလည်း မမီလိုက်ဘူး။ COVID ကူးစက်တာတွေက အရမ်းများနေတော့ ကျွန်တော်လည်း ဘောလုံးကွင်းသွားလို့ မရဘူးဖြစ်သွားတယ်။ အကြောင်းတွေ တိုက်ဆိုင်သွားတာပေါ့။ ဒါကြောင့် အခုရာသီအစမှာတော့ ကျွန်တော် အသင်းလက်မဲ့ဖြစ်သွားပြီး မကစားဖြစ်တော့တာပါ။ ရာသီဝက်အပြောင်းအရွှေ့ကာလ ရောက်ရင်တော့ ကျွန်တော့်ကို ကမ်းလှမ်းထားတဲ့အသင်းရှိပါတယ်။ ထိုင်းလိဂ်-၃ ကလပ်ပါပဲ။ ဇုန်လည်းအတူတူပဲဗျ။ တောင်ပိုင်းဇုန်က ကလပ်အသင်းပါပဲ။ အခုရာသီအစမှာကတည်းက အဲဒီအသင်းမှာကစားဖို့ စီစဉ်ထားတာ။ ဖူးခက်ကနေ မြို့ပြင်ကိုထွက်မရလို့ သွားမကစားဖြစ်တော့တာပါ။ ရာသီဝက် အပြောင်းအရွှေ့ကာလမှာ အဲဒီအသင်းနဲ့ ပြန်ညှိနှိုင်းလို့အဆင်ပြေရင် ကစားသွားမှာပါ။ Patong City အသင်းနဲ့က COVID ကူးစက်မှုတွေများလာကတည်းက ကျွန်တော်နဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီ။ စာချုပ်ဖျက်လိုက်တာက တစ်ဖက်အသင်းနဲ့လည်း ပြောထားဆိုထားပြီး ဖြစ်နေလို့ပါ။ အခုတော့ လေ့ကျင့်မှုမပြတ်အောင်ဘဲ ကြိုးစားနေပါတယ်'' ဟု Eleven Sports သို့ ပြောကြားသည်။

စောနိုင်မိုးအောင်သည် ပြီးခဲ့သည့် ၂၀၂၀ ရာသီက ထိုင်းလိဂ်-၄ ကလပ် ဟတ်ရိုင်စီးတီးအသင်းတွင် စတင်ကစားခဲ့ပြီး Patong City အသင်းသို့ ပြောင်းရွှေခဲ့ခြင်းဖြစ်သည်။

ယခုရာသီ ထိုင်းလိဂ်ပြိုင်ပွဲတွင် မြန်မာကစားသမား (၄)ဦး ကစားနေပြီး လိဂ်-၁ ကလပ် ဘူရီရမ်အသင်းတွင် အောင်သူ၊ လိဂ်-၂ ကလပ် ဖာရေးယူနိုက်တက်အသင်းတွင် ကျော်ကိုကို နှင့် ထရတ်အသင်းတွင် ဇော်မင်းထွန်း၊ လိဂ်-၃ ကလပ် Pattaya Dolphins United အသင်းတွင် အောင်ကျော်နိုင်တို့ ကစားလျက်ရှိသည်။

Most Read

Most Recent