ရိုဒရီ ရာသီကုန်အထိ အနားယူရဖွယ်ရှိခြင်းကြောင့် မန်စီးတီးအသင်း၏ ပရီးမီးယားလိဂ် ငါးနှစ်ဆက်ချန်ပီယံအိပ်မက်အတွက် များစွာထိခိုက်နိုင်သည်ဟု ဗြိတိန်မီဒီယာများ အချက်အလက်များနှင့် သုံးသပ်

ရိုဒရီ ရာသီကုန်အထိ အနားယူရဖွယ်ရှိခြင်းကြောင့် မန်စီးတီးအသင်း၏ ပရီးမီးယားလိဂ် ငါးနှစ်ဆက်ချန်ပီယံအိပ်မက်အတွက် များစွာထိခိုက်နိုင်သည်ဟု ဗြိတိန်မီဒီယာများ အချက်အလက်များနှင့် သုံးသပ်
Photo: Daily Mail
Photo: Daily Mail
Published 25 September 2024

 

အာဆင်နယ်အသင်းနှင့် နှစ်ဂိုးစီသရေကျသည့်ပွဲတွင် ဒူးဒဏ်ရာရရှိ ခဲ့သည့် မန်စီးတီးကွင်းလယ်လူ ရိုဒရီသည် ရာသီကုန်အထိ အနားယူရဖွယ်ရှိခြင်းကြောင့် မန်စီးတီးအသင်း၏ ပရီးမီးယားလိဂ် ငါးနှစ်ဆက်ချန်ပီယံအိပ်မက်အတွက် များစွာထိခိုက်နိုင်သည်ဟု ဗြိတိန်မီဒီယာများက အချက်အလက်များနှင့်တကွ သုံးသပ်ခဲ့ကြသည်။

မန်စီးတီးအသင်းက ရိုဒရီ၏ဒဏ်ရာနှင့်ပတ်သက်ပြီး မည်မျှအနားယူရမည်ကို တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ရာသီကုန်အထိ အနားယူရဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ လက်ရှိ အချိန်၌ မန်စီးတီးအသင်း၏ အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသော ရိုဒရီသည် အာဆင်နယ်နှင့်ပွဲ၌ ပါတေးနှင့် ဘောလုံးယှဉ်လုရင်း ညာဘက်ဒူးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် ပွဲချိန် ၂၁ မိနစ်မှာပင် ကိုဗာချစ်နှင့် လူစားလဲခဲ့ရသည်။ ရိုဒရီ၏ဒဏ်ရာကို စမ်းသပ်စစ်ဆေးမှုများ ထပ်မံပြုလုပ်ရဦးမည်ဖြစ်သော်လည်း ဒူးအရွတ်စုတ်ပြဲသည့် ACL ဒဏ်ရာဖြစ်ရန် အလားအလာများနေသည့်အတွက် ယခုရာသီအတွင်း ပြန်ကစားနိုင်ဖွယ်မရှိတော့ဟု မန်စီးတီးအသင်းနှင့် နီးစပ်သူများထံမှ သတင်းထွက်လာကြောင်း သိရသည်။ 

စပိန်ကွင်းလယ်လူ ရိုဒရီ (၂၈ နှစ်) သည် ၂၀၁၉ နွေရာသီတွင် အက်သလက်တီကိုအသင်းမှ မန်စီးတီး အသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး ၂၀၁၉-၂၀ ရာသီမှစ၍ မန်စီးတီးအသင်း၏ အမာခံကစားသမားအဖြစ် ရပ်တည်လာခဲ့သည်။ ထို့ကြောင့် ၎င်းအား ရာသီကုန်အထိ လက်လွှတ်ရမည့်အခြေအနေမှာ မန်စီးတီး အသင်းအတွက် ပြင်းထန်သည့် ထိုးနှက်ချက်ဖြစ်လာဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ 

မန်စီးတီးအသင်းသည် ရိုဒရီပါဝင်သည့် ပွဲများတွင် နိုင်ပွဲ ပိုမိုရယူနိုင်လေ့ရှိသည့် မှတ်တမ်းကောင်းရှိနေကြောင်းလည်း သိရသည်။ ရိုဒရီသည် ဘောလုံးရာသီတစ်ခုအတွင်း ပွဲပေါင်းများစွာ ယှဉ်ပြိုင်ကစားနေရခြင်းကြောင့် ကစားသမားများအနေဖြင့် ဒဏ်ရာ ရရှိရန် အလားအလာပိုများလာကြောင်း ဝေဖန်ထားသူဖြစ်ပြီး ယခုအခါ ၎င်းကိုယ်တိုင် ပြင်းထန်သည့် ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရသည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ရာသီက ပယ်နယ်တီအဆုံးအဖြတ်မပါ ပြိုင်ပွဲစုံ ငါးပွဲသာ ရှုံးခဲ့ပြီး လေးပွဲမှာ ရိုဒရီမပါဝင်သည့် ပရီးမီးယားလိဂ် သုံးပွဲနှင့် လိဂ်ဖလား တစ်ပွဲဖြစ်သည်။ FA ဖလား ဗိုလ်လုပွဲ အရေးနိမ့်မှုမှာ ရိုဒရီ ပါဝင်ကစားသည့် ပြိုင်ပွဲစုံ ၇၄ ပွဲဆက် ရှုံးပွဲမရှိမှု ရပ်တန့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မန်စီးတီးအသင်းကို ရိုဒရီ ရောက်လာကတည်းက ပြိုင်ပွဲစုံတွင် ၇၄ ရာခိုင်နှုန်း အနိုင်ရခဲ့ပြီး ၁၅ ရာခိုင်နှုန်း သရေနှင့် ၁၁ ရာခိုင်နှုန်း အရေးနိမ့်ခဲ့သည်။ ရိုဒရီ မကစားနိုင်သည့် ပြိုင်ပွဲစုံ ၄၅ ပွဲတွင် အနိုင်ရလဒ်မှာ ၆၄ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပြီး လိဂ်ပွဲ ၂၁ ပွဲတွင်လည်း ၂၃ မှတ်အထိ ဆုံးရှုံးထားခဲ့ကြောင်း စစ်တမ်းများက ဖော်ပြခဲ့သည်။

Most Read

Most Recent