အာဖဂန်နစ္စတန်မှ ဆုတ်ခွာပြီးနောက် စူပါပါဝါနိုင်ငံမဟုတ်တော့သည့် အမေရိကန်၏စစ်ပွဲများ

အာဖဂန်နစ္စတန်မှ ဆုတ်ခွာပြီးနောက် စူပါပါဝါနိုင်ငံမဟုတ်တော့သည့် အမေရိကန်၏စစ်ပွဲများ
၂၀၁၀ ပြည့်နှစ်က အာဖဂန်နစ္စတန်နိုင်ငံ ပက်တီကာပြည်နယ်၌ လုံခြုံရေးယူထားသည့် အမေရိကန်စစ်သားနှစ်ဦး (Photo: Britannica)
၂၀၁၀ ပြည့်နှစ်က အာဖဂန်နစ္စတန်နိုင်ငံ ပက်တီကာပြည်နယ်၌ လုံခြုံရေးယူထားသည့် အမေရိကန်စစ်သားနှစ်ဦး (Photo: Britannica)
Published 5 September 2021
မိုးဧအောင်

ဗြိတိန်ကာကွယ်ရေးဝန်ကြီး၏ နှုတ်ထွက်စကား

အမေရိကန်သည် အာဖဂန်နစ္စတန်တွင် အခက်အခဲများကို ကြိုးပမ်းဖြေရှင်းရန် ဆန္ဒမရှိခဲ့သဖြင့် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘင်ဝဲလေ့စ်က Spectator မဂ္ဂဇင်းနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

“ဗြိတိန်ဟာလည်း စူပါပါ၀ါနိုင်ငံမဟုတ်တာ သိသာထင်ရှားနေပါတယ်” ဟု ၎င်းကဆိုသည်။ ထို့ပြင် အာဖဂန်မှ အမေရိကန်တပ်များ ရုပ်သိမ်းမှုနှင့်ပတ်သက်ပြီး ရည်ညွှန်းပြောဆိုခဲ့သည့် မှတ်ချက်များအရ “စူပါပါ၀ါနိုင်ငံဆိုတာ ဆုံးဖြတ်ထားတဲ့ကိစ္စတစ်ခုကို ကြိုးစားပမ်းစားရင်ဆိုင်ဖြေရှင်းဖို့ ပြင်ဆင်မထားဘူးဆိုရင် ဒါဟာစူပါပါ၀ါနိုင်ငံလို့ ပြောလို့မရပါဘူး။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ အင်အားတစ်ခု လုံးဝမဟုတ်ပါဘူး။ ကြီးမားတဲ့စွမ်းအားတစ်ခုလို့ပဲ ပြောလို့ရပါလိမ့်မယ်” ဟု ဝဲလေ့စ်က ပြောကြားခဲ့သည်။

ဝဲလေ့စ်သည် အာဖဂန်မှ အမေရိကန်တပ်များ ရုပ်သိမ်းမှုကို ယခင်ကတည်းက ဝေဖန်ခဲ့သူဖြစ်ပြီး ယင်းကဲ့သို့အခြေအနေမျိုး ဖြစ်စေရန်လုပ်ဆောင်ခဲ့သည့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်အား အပြစ်တင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလက ထရန့်အစိုးရအဖွဲ့သည် အာဖဂန်မှအမေရိကန်တပ်များကို ရုပ်သိမ်းရန် တာလီဘန်များနှင့် သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့သည်။

ဘိုင်ဒင်အစိုးရသည် တပ်ရုပ်သိမ်းရန် အချိန်ဇယားကို ချဲ့ထွင်ခဲ့သော်လည်း အဆိုပါသဘောတူညီချက် အစိတ်အပိုင်းများစွာကို ဆက်လက်သဘောတူထားခဲ့သည်။

“ကျွန်တော့်ရဲ့ လေ့လာချက်ကို သိချင်တယ်ဆိုရင်တော့ ဒေါ်နယ်ထရန့်က သဘောတူညီချက် လုပ်လိုက်တဲ့အချိန်မှာ ပြည်ဖုံးကားကျသွားပြီဆိုတာပါပဲ” ဟု ဝဲလေ့စ် က BBC ၏ Breakfast အစီအစဉ်သို့ လွန်ခဲ့သည့်လက ပြောကြားခဲ့သည်။

“သမ္မတဘိုင်ဒင်ဟာ (ဆက်လိမ့်နေတဲ့) အရှိန်အဟုန်တစ်ခုကို ဆက်ခံခဲ့ရတာပါ။အခုအချိန်မှာ သူတို့အနိုင်ရတယ်ရယ်လို့ တာလီဘန်တွေ ယူဆနေကြတာမို့ အဲဒီအရှိန်အဟုန်ကို တာလီဘန်တွေကို ပေးလိုက်ရတာပဲပေါ့။ ဘိုင်ဒင်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ (အမေရိကန်အနေနဲ့) တပ်ဆုတ်သွားတဲ့ အရှိန်အဟုန်တစ်ခုကိုလည်း ဆက်ခံခဲ့ရတာပါပဲ” ဟုလည်း ဝဲလေ့စ်က ပြောကြားခဲ့သည်။

“မကြာသေးမီ သီတင်းပတ်တွေအတွင်းက အာဖဂန်နစ္စတန်မှာ ကမ္ဘာကြီးအနေနဲ့ ကြုံတွေ့လိုက်ရတဲ့ အရာတွေရဲ့ အကြောင်းရင်းခံတွေဟာ သမ္မတဘိုင်ဒင် အာဏာမရခင်ကတည်းက မျိုးစေ့ချပြီးသားပါ” ဟု ဝဲလေ့စ်က ဆိုသည်။

ဝဲလေ့စ်က ဧပြီလအထိ ပြန်ကြည့်ကာ ထရန့်၏တာလီဘန်တို့နှင့် ရယူခဲ့သည့် သဘောတူညီချက်ကို “ပုပ်သိုးနေပြီးသား” ဟု ခေါ်ဆိုခဲ့သည်။

“ထရန့်ကတာလီဘန်တွေနဲ့ သဘောတူညီခဲ့တဲ့အချိန်မှာ ကျွန်တော်ကတော့ အဲဒီသဘောတူညီချက်ကို အဲဒီပုံစံမျိုးနဲ့လုပ်ခဲ့တာမျိုးကို အမှားတစ်ရပ်ပဲလို့ ရှင်းရှင်းလင်းလင်း မြင်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ရပ်လို့ ယူလိုက်တဲ့အခါ အဲဒါရဲ့အကျိုးဆက်တွေအတွက် ကျွန်တော်တို့ ပေးဆပ်ရနိုင်ပါတယ်” ဟုလည်း ဝဲလေ့စ်က ပြောကြားခဲ့သည်။

“ဒိုဟာမှာလုပ်ခဲ့တဲ့ သဘောတူညီချက်ဟာ ပုပ်သိုးနေတဲ့ သဘောတူညီချက်ပါပဲ။ အဲဒီသဘောတူညီချက်ဟာ အနိုင်ရနေတာ မဟုတ်တာကို သူတို့နိုင်နေပါတယ်လို့ တာလီဘန်တစ်ယောက်ကို ပြောလိုက်သလိုပါပဲ။ ပြီးတော့ အာဖဂန်အစိုးရကို နှိမ့်ချလိုက်သလိုပါပဲ။အခုတော့ တာလီဘန်တွေ နိုင်ငံတစ်လွှားမှာ အရှိန်ရသွားတာ သိသာနေတဲ့ အနေအထားတစ်ရပ်ထဲ ကျွန်တော်တို့ကျရောက်သွားပါပြီ” ဟု ဝဲလေ့စ်က ပြောကြားခဲ့သည်။

စစ်ဆိုသည်မှာ

စစ်ဆိုသည်မှာ နိုင်ငံအချင်းချင်း၊ အစိုးရအချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်း၊ လက်နက်ကိုင်အုပ်စုအချင်းချင်း၊ သောင်းကျန်းသူအချင်းချင်း၊ စစ်သွေးကြွအချင်းချင်းအကြား ပြင်းပြင်းထန်ထန် လက်နက်စွဲကိုင် တိုက်ခိုက်ကြခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် လွန်ကျူးစွာအကြမ်းဖက်ခြင်း၊ အဓမ္မကျူးကျော်ခြင်း၊ ဖျက်ဆီးခြင်းနှင့် သတ်ဖြတ်ခြင်းတို့သည် စစ်၏လက္ခဏာရပ်များ ဖြစ်လေ၏။

ဤကဲ့သို့ စစ်ပွဲ၏ယေဘုယျလက္ခဏာရပ်တစ်ခုခု ဖြစ်ထွန်းပေါ်ပေါက်နေခြင်းကို စစ်ဖြစ်နေခြင်းဟု ဖွင့်ဆိုနိုင်သည်။ အလုံးစုံစစ်ပွဲဟူသည် တရားဝင်တိုက်ပွဲဆင်နေသော စစ်ဆင်ရေးပစ်မှတ်များကိုသာမက တိုင်းသူပြည်သားအများစုကိုပါ ထိခိုက်စေခြင်း သို့မဟုတ် လက်နက်ကိုင်မဟုတ်သူများကိုပါ ဒုက္ခရောက်ထိခိုက်သေဆုံးစေခြင်း ဖြစ်သည်။

စစ်ပွဲလေ့လာသူ သုတေသီများက စစ်ပွဲဟူသည် လူသားတို့အဖို့ ဘိုးဘေးဘီဘင်တို့၏ လက်ထက်ကပင် စီးဆင်းလာသော သွေးထဲကပါလာသည့် စရိုက်ဘာဝဟု ယူဆကြပြီး အချို့ကမူ ဤအဆိုကို လက်မခံဘဲ လူမှုဓလေ့၊ စီးပွားရေး သို့မဟုတ် ဂေဟဗေဒဆိုင်ရာ လွှမ်းမိုးသက်ရောက်ခြင်းတို့ကြောင့် ပေါ်ပေါက်လာသည့် အပြုအမူဟု စောဒကတက်ကြပါသည်။ ပညာရှင် မာဗင်ဘန်ဂျမင်ဖရိုက်က စစ်ပွဲ၏ပန်းတိုင်မှာ “အလိုရှိသောနယ် မြေပိုင်နက်၊ စီးပွားရေး၊ စစ်ရေးဆိုင်ရာ သို့မဟုတ် စစ်ပွဲအောင်နိုင်ပါက ထွက်ပေါ်လာမည့် အကျိုးအမြတ်များကို ရည်မျှော်လျက်” စစ်တိုက်ကြခြင်းဖြစ်သည်ဟု ဖွင့်ဆိုခဲ့၏။

စူပါပါ၀ါနိုင်ငံအဖြစ် ရပ်တည်လာခဲ့သည့် အမေရိကန်၏ စစ်ပွဲများအကြောင်း တစေ့တစောင်း လေ့လာကြည့်ပါမည်။

အမေရိကန်ပြည်ထောင်စုနှင့် စစ်ပွဲများ

“ဘုရားသခင်ကို ကျွန်ုပ်တို့ သက်ဝင်ယုံကြည်သည်” (“In God We Trust”) ဆိုသည့် ဆောင်ပုဒ်နှင့် ဒီမိုကရေစီနိုင်ငံကို ထူထောင်လာခဲ့သော အမေရိကန်ပြည်ထောင်စုသည် ၁၇၇၆ ခုနှစ် ဇူလိုင် ၄ ရက်တွင် လွတ်လပ်ရေးကြေညာစာတမ်းကို ထုတ်ပြန်ခဲ့၏။ ယနေ့ဆိုလျှင် လွတ်လပ်ရေးသက်တမ်း ၂၄၅ နှစ်တင်းတင်း ပြည့်မြောက်ခဲ့သည့် နိုင်ငံဖြစ်၏။ တိုင်းပြည်၏ အုပ်ချုပ်ရေးစနစ်မှာ တရားဝင်ဖော်ပြချက်အရ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေပြုသမ္မတနိုင်ငံ (Federal presidential constitutional republic) ဖြစ်သည်။

နိုင်ငံတစ်ခု အောင်အောင်မြင်မြင် အချုပ်အနှောင်ကင်းကင်း ပေါ်ထွန်းရပ်တည်ရန်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ပါ။ တစ်ဖန် အချုပ်အခြာအာဏာ (Sovereign) တို့ မည်သည် ပိုင်နက်နယ်မြေ အပိုင်းအခြား (Territory) နှင့် ထိုနယ်မြေ၌ အခြေချနေထိုင်သည့် လူဦးရေ (Population) တို့ ပေါင်းစပ်မှု အခြေခံဖြစ်၏။ မိမိ၏အချုပ်အခြာအာဏာကို တန်ဖိုးထားသကဲ့သို့ အခြားနိုင်ငံ၏ အချုပ်အခြာအာဏာကိုလည်း လေးစားရမည်မှာ အလွန်ရိုးရှင်းသည့် အခြေခံစည်းမျဉ်းဖြစ်၏။ သို့သော် ကမ္ဘာ့သမိုင်းက ထိုသို့ မဖြောင့်တန်းခဲ့ပါ။ ဒေသပိုင်နက်တစ်ခုအတွင်း မှီတင်းနေထိုင်သူများနှင့် အာဏာပိုင်အစိုးရတို့မှာလည်း အစဉ်အမြဲ သဟဇာတဖြစ်နေကြသည် မဟုတ်ပါ။

တစ်ဖန် ကမ္ဘာ့အတွေးအခေါ်ပညာရှင် အဆက်ဆက်တို့ကလည်း မိမိတို့သန်ရာသန်ရာ အထူးပြုလျက် နိုင်ငံကိုတည်ဆောက်မည့် စနစ်အမျိုးမျိုးတို့ကို ကြံဆဖွင့်ဟခဲ့ကြပြန်သည်။ လူ့သမိုင်းကို ခေတ်ကြီးများအလိုက် တစ်ကြောင်းဆွဲ အကျဉ်းချုပ်လိုက်လျှင် ကျောက်ခေတ်၊ ကျေးပိုင်ကျွန်ပိုင်ခေတ်၊ မြေရှင်ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်ဟုလည်း မှတ်တမ်းပြုခဲ့ကြသလို “သမိုင်းနိဂုံးချုပ်သွားပြီ” ဟုလည်း ကောက်ချက်ဆွဲခဲ့ကြဖူးသည်။ မည်သို့ဆိုစေ နိုင်ငံတစ်ခု၏ အုပ်ချုပ်သူအစိုးရ၏ စနစ်တစ်ခုအပေါ် ယုံကြည်ခံယူ ကျင့်သုံးခြင်း ရှိမရှိကိစ္စပေါ် အရင်းခံလျက် ကျန်အင်အားကြီးနိုင်ငံတစ်နိုင်ငံက ဝင်ရောက်ကျူးကျော်ခြင်းလည်း ဤရာစုအထိ မျက်ဝါးထင်ထင် မြင်နေရပါသေးသည်။

ကျန်ရာစုများကို အသာထား၊ ကပ်လျက် ၂၀ ရာစုအတွင်း၌ပင် ကမ္ဘာစစ်ကြီးနှစ်ကြိမ်ဖြစ်ခဲ့၏။ လူ့အသက်ကို အစုလိုက်အပြုံလိုက် သေစေနိုင်သော လက်နက်များ တီထွင်ခဲ့ကြသည်။ လူလုပ်သည့် အဏုမြူဗုံးဒဏ်ကို လူသားမျိုးဆက်တို့ ခံစားခဲ့ကြရ၏။ ထို့နောက်တွင်တော့ ၀ါဒရေးရာအခြေပြု စူပါပါ၀ါကြီးတို့ အသည်းအသန်ပြိုင်ဆိုင်ကြသော စစ်အေးကာလကြီးကို ရာစုဝက်မျှ တထိတ်ထိတ် တလန့်လန့် ဖြတ်သန်းခဲ့ကြရ၏။ ၀ါဒတူနိုင်ငံများကို သြဇာလွှမ်းမိုးနိုင်သည့် ရုပ်ပြအစိုးရများ ထူထောင်ပေးခဲ့သလို ၀ါဒမတူသည့်နိုင်ငံများအပေါ် အချုပ်အခြာအာဏာကို ထိပါးစော်ကားလျက် ကျူးကျော်ဝင်ရောက်မှု ပြုခဲ့ကြ၏။ တကယ်တော့ လစ်ဘရယ်ဒီမိုကရေစီ၊ အခြေခံလူ့အခွင့်အရေး၊ အာဏာရှင်ကြီးစိုးမှု ရပ်တန့်ရေးစသည့် လူကြိုက်များ ခေါင်းစဉ်ကောင်းသော အကြောင်းပြချက်မျိုးစုံဖြင့် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံအချို့ကို ကျူးကျော်ခဲ့သူစာရင်း၌ အမေရိကန်ပြည်ထောင်စုသည် ထိပ်ဆုံးမှာရှိနေသည်။

၂၀ ရာစု ဒုတိယနှစ် ၅၀ အတွင်း ကမ္ဘာအရပ်ရပ်၌ အမေရိကန်ပါဝင်ဆင်နွှဲခဲ့သည့် စစ်ပွဲများကို အကြမ်းဖျင်းဖော်ပြရလျှင် ကိုရီးယားစစ်ပွဲ (၁၉၅၀ - ၅၃)၊ ဗီယက်နမ်စစ်ပွဲ (၁၉၅၅ - ၆၄၊ ၁၉၆၅ - ၇၄၊ ၁၉၇၅ - ၇၆)၊ လက်ဘနွန်ပဋိပက္ခ (၁၉၅၈)၊ ဒိုမီနီကန် ပြည်တွင်းစစ် (၁၉၆၅ - ၆၆)၊ ဂရန်နာဒါကျူးကျော်မှု (၁၉၈၃)၊ ပနားမားကျူးကျော်ခြင်း (၁၉၈၉ - ၉၀)၊ ပင်လယ်ကွေ့စစ်ပွဲ (၁၉၉၀ - ၉၁)၊ အီရတ်မပျံသန်းရဇုန် (၁၉၉၁ -၂၀၀၃)၊ ဆိုမာလီယာ ပြည်တွင်းစစ် ဝင်ရောက်စွက်ဖက်ခြင်း (၁၉၉၂ -၉၅၊ ၂၀၀၇ မှ ယနေ့ထိ)၊ ဘော့စနီးယားစစ်ပွဲ (၁၉၉၂ - ၉၅)၊ ဟေတီဝင်ရောက်စွက်ဖက်ခြင်း (၁၉၉၄ - ၉၅) စသဖြင့် တွေ့ရမည်။ တစ်ဖန် ၂၁ ရာစုအစမှ ယနေ့ထိ အမေရိကန် ကျူးကျော်စွက်ဖက် ဝင်ရောက်မှုများကို ထပ်မံထည့်သွင်းပါက အာဖဂန်နစ္စတန်စစ်ပွဲ (၂၀၀၁ - ၂၁)၊ အီရတ်စစ်ပွဲ (၂၀၀၃ - ၁၁)၊ လစ်ဗျားသို့ နိုင်ငံတကာတပ်ဖွဲ့ ဝင်ရောက်ခြင်း (၂၀၁၁)၊ ဆီးရီးယားသို့ အမေရိကန် ဦးဆောင်ဝင်ရောက်ခြင်း (၂၀၁၄ - ယနေ့အထိ) ဖြစ်ပါသည်။

အဆိုပါစစ်ပွဲအသီးသီးကို မှတ်တမ်းတင်သူများအနေဖြင့် မိမိအစွဲသန်ရာ ဘက်၊ ၀ါဒအလိုက် အတိမ်းအယိမ်း ရှိနိုင်သော်ငြား သေချာသည့်အချက်ကတော့ ကျူးကျော်စွက်ဖက်ခံ နိုင်ငံများအဖို့ မိမိတို့အချုပ်အခြာအာဏာအပေါ် ပြန်လည်ရယူတိုက်ပွဲဝင်ကြမည်မှာ သမိုင်းပေးတာဝန်ဖြစ်၏။ ထိုသို့ ကျူးကျော်သူ အမေရိကန်ကို ပြန်လည်တွန်းလှန်ခဲ့သည့် သမိုင်းများထဲမှ သာဓကအဖြစ် နိုင်ငံသုံးခုကိုထုတ်နုတ်တင်ပြသွားပါမည်။

ဗီယက်နမ် - အမေရိကန်

အရှေ့တောင်အာရှရှိ ဗီယက်နမ်သည် ကိုယ့်မင်းကိုယ့်ချင်း တိုင်းပြည်အဖြစ်မှ ၁၈၈၇ ခုနှစ်၌ ပြင်သစ်၏ ကိုလိုနီဘဝသို့ ကျရောက်ခဲ့၏။ ကိုလိုနီလက်အောက်ခံ ဗီယက်နမ်နိုင်ငံမှ မျိုးချစ်လူငယ် ဟိုချီမင်းကို ၁၉၂၃ မှ ၁၉၂၅ ခုနှစ်အတွင်း ဆိုဗီယက်ယူနီယံက ကမ္ဘာ့ကွန်မြူနစ် လူငယ်လှုပ်ရှားမှုအတွင်း သွတ်သွင်းလေ့ကျင့်ပေးခဲ့၏။ ၁၉၃၀ ပြည့်နှစ်၌ ဟိုချီမင်းသည် ဟောင်ကောင်တွင် ကျင်းပခဲ့သော အစည်းအဝေး၌ အင်ဒိုချိုင်းနား ကွန်မြူနစ်ပါတီကို တည်ထောင်ခဲ့သည်။ပြင်သစ်နိုင်ငံ နာဇီဂျာမနီ လက်အောက်သို့ ကျရောက်နေချိန် ၁၉၄၁ ခုနှစ်တွင် ဟိုချီမင်းနှင့် ဗီယက်နမ်မျိုးချစ်လူငယ်များ စုပေါင်း၍ ဗီယက်နမ်လွတ်မြောက်ရေးအဖွဲ့ချုပ် တည်ထောင်ကာ သူတို့ကို ဗီယက်မင်းများဟု သမိုင်းမှတ်တမ်းတင်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် မြောက်ဗီယက်နမ်ကို ဟိုချီမင်းက လွတ်လပ်ရေးကြေညာခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် ပြင်သစ်တို့ ကမ်းလှမ်းလာသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့်ကို ငြင်းပယ်ကာ ဗီယက်မင်းတို့၏ ပြောက်ကျားစစ်ဖြင့် ပြင်သစ်တို့ကို တော်လှန်ခဲ့ကြသည်။

ထိုအချိန်၌ ကမ္ဘာလုံးဆိုင်ရာဝါဒရေးရာတိုက်ပွဲကလည်း လှုပ်လှုပ်ခတ်ခတ် စတင်လာပြီဖြစ်သည်။ ၁၉၄၉ ခု သြဂုတ်လတွင် ဆိုဗီယက်တို့က ကာဇက်စတန်တွင် ပထမဆုံး အက်တမ်ဗုံးကို အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲလိုက်ခြင်းဖြင့် စစ်အေးခေတ်ကြီး အစပြုခဲ့သည်ဟု သမိုင်းကဆိုပါသည်။ တစ်ဖန် ထိုနှစ်အောက်တိုဘာတွင် မော်စီတုံးက တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ပြလိုက်သည်။ စစ်အေးကာလစတင်သည့် အချိန်မတိုင်မီကပင် အမေရိကန်အတွက် ကွန်မြူနစ်ဝါဒအပေါ် အချက်ပေးခေါင်းလောင်းက မြည်သံပေးနေပါပြီ။ ၁၉၄၇ ခုနှစ် မတ်လအတွင်း သမ္မတဟယ်ရီထရူးမင်းက အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒမှာ ကွန်မြူနစ်ဝါဒ၏ ခြိမ်းခြောက်မှုကြောင့် တည်ငြိမ်မှု ပျက်ပြားနေသည့် မည်သည့်နိုင်ငံကိုမဆို အကူအညီပေးရန်ဖြစ်ကြောင်း ကွန်ဂရက်သို့ မိန့်ခွန်းပြောကြားခဲ့သည်။

၁၉၅၄ ခုနှစ် မတ်လမှ မေလအတွင်း ဆိုဗီယက်နှင့် တရုတ်ကွန်မြူနစ်ပါတီတို့၏ ပ့ံပိုးကူညီမှုဖြင့် ဗီယက်မင်းတို့သည် ဒိန်ဘင်ဖူးခံတပ်ကို သိမ်းပိုက်ကာ ပြင်သစ်တို့ကို ဗီယက်နမ်မှ တိုက်ထုတ်ခဲ့ကြသည်။ ထိုနှစ် ဧပြီလတွင်တော့ ကမ္ဘာ့သမိုင်းတွင် ယနေ့တိုင်အထင်ကရဖြစ်နေဆဲ ‘ဒိုမီနို’ သီဝရီကို သမ္မတဒွိုက်အိုက်ဆင်ဟောင်ဝါက လူသိရှင်ကြား ပြောကြားခဲ့သည်။ ဤသက်ရောက်မှု၏ ဆိုလိုချက်မှာ လောင်းကစားဝိုင်း၌ ထိချက်ပြင်းလိုက်သည်နှင့် အစီအရီ အတုံးအရုံး လဲကျသွားသည့် ဒိုမီနိုကတ်လေးများကဲ့သို့ အင်ဒိုချိုင်းနားဒေသ၌ ပြင်သစ် (အရင်းရှင်နိုင်ငံ) ကျရှုံးခြင်းသည် အရှေ့တောင်အာရှတစ်ခုလုံး ကွန်မြူနစ်တို့ လွှမ်းမိုးသွားတော့မည်ဟူသည့် အယူအဆဖြစ်သည်။

ထိုနှစ်များအတွင်း ဗီယက်နမ်၏ အခြေအနေမှာ တောင်နှင့်မြောက် နှစ်ပိုင်းကွဲနေပြီး မြောက်ဗီယက်နမ်၌ ကွန်မြူနစ်ပါတီကကြီးစိုးကာ တောင်ဗီယက်နမ်၌ အရင်းရှင်အလိုကျ အစိုးရအဖွဲ့များ ဆက်လက်အာဏာရယူလျက်ရှိခဲ့၏။ ၁၉၆၀ ပြည့်နှစ် ဒီဇင်ဘာတွင် မြောက်ဗီယက်နမ်တို့က ဦးဆောင်ကာ တောင်ဗီယက်နမ်ကို ထကြွပုန်ကန်လျက်ရှိသော အင်အားစုများနှင့် ပေါင်းစည်းလျက် အမျိုးသားလွတ်မြောက်ရေးတပ်ဦး (The National Liberation Front - NLF) ကို ဖွဲ့စည်းခဲ့၏။ အမေရိကန်ပြည်ထောင်စုက NLF ကို ကွန်မြူ နစ်ရန်သူများဟု သတ်မှတ်လျက် အတိုကောက်အားဖြင့် ဗီယက်ကောင်း (Vietnam Cong-san or Vietnamese communists) ဟု ခေါ်ဝေါ်ခဲ့သည်။ ၁၉၆၁ ခုနှစ် သမ္မတဂျွန်အက်ဖ်ကနေဒီ လက်ထက်တွင် ဗီယက်ကောင်းတို့ကို ဖြိုခွင်းရန် ဟယ်လီကော်ပတာများနှင့် စစ်သည်အင်အား ၄၀၀ ကို တောင်ဗီယက်နမ်သို့ စေလွှတ်ခဲ့ပြီး နောက်တစ်နှစ် ၁၉၆၂ တွင် ပြုလုပ်ခဲ့သည့် အမေရိကန်လေတပ်၏ စစ်ဆင်ရေးတွင် ပြောက်ကျားတပ်များအတွက် စားရေရိက္ခာ ပြတ်လပ်စေရန် ရည်ရွယ်ချက်ဖြင့် တောင်ဗီယက်နမ် ကျေးလက်ဒေသစိုက်ခင်းများနှင့် တောအုပ်များအပေါ် အပင်သတ်ဆေး Agent Orange များကို လေကြောင်းမှ ဖျန်းချခဲ့၏။ ထိုသို့ အမေရိကန်က ကျောထောက် နောက်ခံပြုပေးခဲ့သည့်တိုင် ၁၉၆၃ မှ ၁၉၆၅ ခုနှစ်အတွင်း တောင်ဗီယက်နမ်တွင် အစိုးရ ၁၂ ဆက် ပြောင်းခဲ့ရ၏။

၁၉၆၅ ခုနှစ် မတ်လ အမေရိကန်သမ္မတ ဂျွန်ဆင်က မြောက်ဗီယက်နမ်နှင့် ဟိုချီမင်းမြို့တော်ကို ပစ်မှတ်ထားဗုံးကြဲမည့် သုံနှစ်စီမံချက် မိုးကြိုးသွားစစ်ဆင်ရေး (Operation Rolling Thunder) စတင်လျက် တောင်ဗီယက်နမ်ရှိ ဒါနန်းသဲသောင်ပြင်၌ အမေရိကန်စစ်သားများ ဆင်းသက်စေကာ ဗီယက်နမ်မြေအတွင်း စတင်ဝင်ရောက်ခဲ့ပါတော့သည်။ စီမံချက်အရ တစ်လလျှင် စစ်သား ၅၀,၀၀၀ အထိ စေလွှတ်ရန် ရည်ရွယ်ခဲ့ပြီး အကြမ်းဖျင်းအားဖြင့် ဗီယက်နမ် စစ်မြေပြင်သို့ တစ်လလျှင် ၃၅,၀၀၀ ကျော် အမှန်တကယ် ရောက်ရှိလာကြသည်။ ထိုနှစ်နိုဝင်ဘာလသို့ ရောက်ရှိလာချိန်တွင် အမေရိကန်တပ်သား ၃၀၀ ကျော် သေဆုံးခဲ့ပြီး အမေရိကန်ပြည်တွင်း၌ စစ်ဆန့်ကျင်ရေးအသံများ စတင်ကြားလာရ၏။ စစ်ဌာချုပ် ပင်တဂွန်မျက်နှာစာတွင် ဘာလ်တီမိုးမှ အသက် ၃၁ အရွယ် နော်မန်မော်ရီဆန်က ဗီယက်နမ်စစ်ကို ဆန့်ကျင်သောအားဖြင့် သူ့ကိုယ်သူ မီးရှို့ဆန္ဒပြခဲ့သည်။ နှစ်အလိုက် ဗီယက်နမ်စစ် မြေပြင်ရောက် အမေရိကန်စစ်သား အရေအတွက်မှာ ၁၉၆၆ ခုနှစ်တွင် ၄၀၀,၀၀၀၊ ၁၉၆၇ ခုနှစ်တွင် ၅၀၀,၀၀၀ အထိ ရှိလာခဲ့ပြီး ၁၉၆၈ ဖေဖော်ဝါရီလအတွင်း ဗီယက်ကောင်းတို့နှင့် ထိတွေ့တိုက်ပွဲ၌ တစ်ပတ်အတွင်း အမေရိကန်စစ်သား ၅၄၃ ယောက် သေဆုံးခဲ့၏။

၁၉၆၉ မှ ၁၉၇၂ ခုနှစ်ကာလ၊ သမ္မတနစ် ကဆင်လက်ထက်တွင် တပ်သားအရေအတွက် ၅၄၉,၀၀၀ မှ ၆၉,၀၀၀ ထိ လျှော့ချခဲ့၏။ ၁၉၇၀ ဖေဖော်ဝါရီ၌ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဟင်နရီကစ်ဆင်ဂျာနှင့် ဟနွိုင်း ပေါ်လစ်ဗျူရိုအဖွဲ့ဝင် လီဒပ်သိုတို့ ပြင်သစ်နိုင်ငံ၊ ပဲရစ်တွင် ငြိမ်းချမ်းရေးအတွက် တိုးတိုးတိတ်တိတ် တွေ့ဆုံခဲ့ကြသည်။ ထိုနှစ် မေလ ၄ ရက်၌ အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်ယိုပြည်နယ်၊ Kent State University ပရိဝုဏ်တွင်း စစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သည့် ကျောင်းသားကျောင်းသူများကို အမျိုးသားလုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းရာ ၄ ယောက်သေဆုံးပြီး ကိုးယောက်ဒဏ်ရာရခဲ့၏။ ၁၉၇၂ ခု ဒီဇင်ဘာလတွင် သမ္မတနစ်ကဆင်၏ အမိန့်အရ လူနေထူထပ်သည့် ဟနွိုင်းနှင့် ဟိုင်ဖုန်းမြို့ကြီးများအကြား စုစုပေါင်းတန်ချိန် ၂၀,၀၀၀ ကျော် ဗုံးကြဲချခဲ့သည်။ သို့သော် ဗီယက်ကောင်းတို့နှင့် ဗီယက်နမ်ပြည်သူတို့၏ အကျအဆုံးများစွာ ရင်ဆိုင်ခုခံတော်လှန်မှုများ၊ သမ္မတနစ်ကဆင်ကိုယ်တိုင် ရင်ဆိုင်နေရသည့် အရှုပ်အထွေးများ၊ အမေရိကန်ပြည်တွင်း၏ စစ်ဆန့်ကျင်ရေး ဒီရေမြင့်သစ်တို့ကြောင့် ၁၉၇၃ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ပဲရစ်ငြိမ်းချမ်းရေး သဘောတူညီချက် (Paris Peace Accords) ကို သမ္မတ နစ်ကဆင် လက်မှတ်ရေးထိုးလိုက်ခြင်းဖြင့် ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်ပါဝင်မှုကို အဆုံးသတ်ခဲ့၏။

၁၉၇၅ ခု ဧပြီလတွင် တောင်ဗီယက်နမ်၏မြို့တော် ဆိုင်ဂုံကို ကွန်မြူနစ်များ သိမ်းပိုက်နိုင်ခဲ့ပြီး တောင်ဗီယက်နမ်အစိုးရနှင့် အမေရိကန်နိုင်ငံသား ၁,၀၀၀ ကျော်၊ တောင်ဗီယက်နမ် ဒုက္ခသည် ၇,၀၀၀ နီးပါးကို ၁၈ နာရီအတွင်း လေတပ်ဟယ်လီကော့ပတာများနှင့် ကယ်ထုတ်ခဲ့ရသည်။ ထိုနှစ် ဇူလိုင်လတွင်တော့ မြောက်နှင့် တောင်ဗီယက်နမ်တို့ ပြန်လည်ပေါင်းစည်းပြီး ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံအဖြစ် ရောက်ရှိခဲ့ပါသည်။

ဤဗီယက်နမ်စစ်ပွဲ စာရင်းချုပ်သော် အမေရိကန် ၅၈,၀၀၀ သေဆုံး၊ ဗီယက်ကောင်းနှင့် မြောက်ဗီယက်နမ် ၁ ဒသမ ၁ သန်း သေဆုံး၊ တောင်ဗီယက်နမ်စစ်သား ၂၅၀,၀၀၀ သေဆုံးခဲ့ရပြီး နှစ်ဖက်လုံးမှ အရပ်သားပြည်သူ နှစ်သန်းကျော် သေဆုံးခဲ့ရပါသည်။

အီရတ် - အမေရိကန်

၁၉၉၀ ပြည့်နှစ် သြဂုတ်လတွင် ဆဒမ်ဟူစိန်၏ အီရတ်တပ်ဖွဲ့များသည် ကူဝိတ်နိုင်ငံအား တိုက်ခိုက်၍ အီရတ်၏ပိုင်နက်အဖြစ် ကြေညာခဲ့၏။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အီရတ်တပ်များ ပြန်လည်ရုပ်သိမ်းရန် အမိန့်ပေးခဲ့သော်လည်း အီရတ်တို့ မလိုက်နာခဲ့ပါ။ ထို့ကြောင့် ကုန်သွယ်ရေးပိတ်ဆို့မှုများ ပြုလုပ်ပြီး ၁၉၉၁ ဇန်နဝါရီလလယ်အထိ ပြန်လည်ဆုတ်ခွာရန် နောက်ဆုံးရက်သတ်မှတ်ပေးခဲ့၏။ တစ်ချိန်တည်းတွင် ပင်လယ်ကွေ့ဒေသ၌ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ၊ ဆိုဗီယက်ရုရှားနှင့် အခြားနိုင်ငံပေါင်း ၂၀ ပါဝင်သော ကြည်း၊ ရေ၊ လေညွန့်ပေါင်းတပ်ဖွဲ့များ အသင့်နေရာယူထားခဲ့သည်။ ဆုတ်ခွာရန်ရာဇသံပေးထားသည့် သတ်မှတ်ရက် စေ့ရောက်သည့်အခါ အီရတ်ကို လေကြောင်းမှ စတင်တိုက်ခိုက်ခဲ့ပြီး ကူဝိတ်ကို လေးရက်အတွင်း လွတ်မြောက်အောင် လုပ်ပေးနိုင်ခဲ့၏။

အီရတ်တို့ စစ်ပွဲရှုံးသွားသည့်အတွက် လူအမြောက်အမြား သေစေနိုင်သော လက်နက်များ ထုတ်လုပ်သိုမှီးခြင်းအပေါ် လေ့လာစောင့်ကြည့်ရေး ကော်မရှင်ကို လက်ခံခဲ့ရ၏။ သို့သော် ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲသည် ဘယ်သောအခါမှ ပြည်ဖုံးကားမချခဲ့ဟု ဆိုရပါမည်။ အမေရိကန်၊ အီရတ်နှင့် ကုလသမဂ္ဂတို့အကြား အရေးယူမှု၊ ဆုံးဖြတ်ချက်များ၊ ပြစ်တင်ဝေဖန်မှု၊ တိုက်တွန်းချက်စသည့် ထုတ်ပြန်ချက်ပေါင်းစုံနှင့် လိပ်ခဲတည်းလည်း ဖြစ်နေခဲ့သည်။ အီရတ်ခေါင်းဆောင် ဆဒမ်ဟူစိန်အနေနှင့်လည်း ကူဝိတ်မှ ဆုတ်ခွာလာခဲ့သည့်တိုင် စစ်ရေးစစ်ရာနှင့် ပတ်သက်၍ စစ်ပြီးကာလ လိုက်နာဖွယ်ရာများကို ဥပေက္ခာပြုခဲ့၏။ တစ်ဖန် အမေရိကန်နှင့် ကုလသမဂ္ဂတို့သည် အီရတ်၏ လေယာဉ်မပျံသန်းရဇုန်ကိစ္စအတွက် တင်းတင်းကျပ်ကျပ် ဖိအားပေးခဲ့သလို အီရတ်လက်နက်များ စစ်ဆေးခွင့်စသည့် ၀ိုင်းပတ်ပိတ်ဆို့မှုဗျူဟာကို ယူကေ၊ ပြင်သစ်စသည့် နိုင်ငံများ၏ ထောက်ခံမှုကို ရယူလျက် တောက်လျှောက်ကျင့်သုံးခဲ့ကြသည်။ ၂၀၀၂ ခုနှစ်တွင် လုံခြုံရေးကောင်စီက ချမှတ်လိုက်သည့် ဆုံးဖြတ်ချက် ၁၄၄၁ အရ အီရတ်နိုင်ငံအတွင်း “လက်နက်ဖျက်သိမ်းရေး တာဝန်ပြဋ္ဌာန်းချက်” သည် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံအတွင်း လက်နက်များကို ပြင်ပအင်အားစုက သွားရောက်စစ်ဆေးမှုသာမက၊ အီရတ်၏တည်ဆဲအစိုးရကိုပါ ရှင်းပစ်ရန်ရည်ရွယ်ရာ ရောက်နေကြောင်း စစ်ဆေးရေးမှူး စကော့ရစ်တာက ထောက်ပြခဲ့၏။ ထို့ပြင် သမ္မတကလင်တန်လက်ထက် ၁၉၉၈ ခုနှစ်တွင် အမေရိကန်ကွန်ဂရက်က အတည်ပြုခဲ့သည့် Iraq Liberation Act အရ “ဆဒမ်ဟူစိန်၏ ဦးဆောင်မှုအာဏာကို ဖယ်ရှားနိုင်ရေးအတွက် လိုအပ်သည့် ပ့ံပိုးဆောင်ရွက်မှုများပြုရန်” အမေရိကန်မူဝါဒအဖြစ် ပြဋ္ဌာန်းခဲ့ပြီးဖြစ်၏။

နယူးယောက်မျှော်စင်ညီနောင် တိုက်ခိုက်ခံရပြီးနောက် နှစ်ရက်အကြာတွင် ကာကွယ်ရေးဝန်ကြီး ဒေါ်နယ်ရမ်းစ်ဖဲက “အိုစမာဘင်လာဒင်သာမက ဆဒမ်ဟူစိန်ကိုပါ တစ်ချိန်တည်းတိုက်ရန်” မှတ်ချက်ပြုခဲ့သေးသည်။ ၂၀၀၃ ခုနှစ် အီရတ်ကို အမေရိကန်တို့ ဝင်တိုက်မည့် အချိန်တွင်တော့ ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၆၇၈ နှင့် ၆၈၇ တို့ကို ရည်ညွှန်းကာ “အဖျက်စွမ်းအားမြင့် လက်နက်များ (Weapons of Mass Destruction - WMDs) ပိုင်ဆိုင်နေသည့် အစိုးရတစ်ရပ်၊ အကြမ်းဖက်သူများကို လက်သင့်ခံလျက် ပ့ံပိုးနေသည့်နိုင်ငံ” ဟုအကြောင်းပြကာ ဝင်ရောက်ကျူးကျော်ခဲ့ပါသည်။

၂၀၀၃ ခုနှစ် မတ် ၂၀ ရက်တွင် အမေရိကန်တို့၏ အီရတ်နိုင်ငံအပေါ် ကျူးကျော်စစ် စတင်ခဲ့သည်။ သို့သော် အီရတ်ကို စစ်တိုက်သိမ်းပိုက်ရန် သူတို့အကြောင်းပြခဲ့သည့် “အဖျက်စွမ်းအားမြင့် လက်နက်များ” ကိုတော့ လုံးလုံးမတွေ့ခဲ့ရပါ။ ရလဒ်အနေနှင့် ဆဒမ်အစိုးရပြုတ်ကျသွားခြင်း၊ အီရတ်အစိုးရသစ် ပေါ်ပေါက်လာခြင်းတို့ ဖြစ်ပေါ်ခဲ့၏။ သို့သော် ဒီမိုကရေစီကို အီရတ်နိုင်ငံအတွင်း တင်သွင်းပေးလိုသည့် အမေရိကန်တို့၏ လစ်ဘရယ်အိပ်မက်များ အီရတ်တွင်ပျက်ပြယ်ခဲ့ရပြီး အမေရိကန်တပ်များအားလုံး ၂၀၁၁ ခုနှစ် ရောက်မှသာ အပြီးသတ်ဆုတ်ခွာနိုင်ခဲ့သည်။

ကျူးကျော်စစ်ပွဲကာလအတွင်း အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့များဘက်မှ ၂၃၈ ယောက် သေဆုံး၊ ၁,၀၀၀ ကျော်ဒဏ်ရာရခဲ့၏။ အီရတ်တို့ဘက်မှ စစ်သားရော အရပ်သားပါ ၇,၆၀၀ မှ ၄၅,၀၀၀ အထိ သေဆုံးခဲ့ရသည်။

၂၀၀၃ ခုနှစ် မတ်လအတွင်း အမေရိကန်တို့ အီရတ်ကို ကျူးကျော်ပြီး နောက်တစ်ရက်တွင် ကောက်ယူခဲ့သည့် ဂဲလာ့ပ်စစ်တမ်းအရ ၇၆ ရာခိုင်နှုန်းသော အမေရိကန်တို့က အီရတ်ကို စစ်ရေးအရ အရေးယူမှုအပေါ် ထောက်ခံခဲ့ကြပြီး နောင် ၁၀ နှစ်အကြာ ၂၀၁၃ ခုနှစ် စစ်တမ်းတွင်တော့ အီရတ်စစ်ပွဲသည် အမှားကြီးလုံးလုံးဖြစ်ကြောင်း အမေရိကန် ၅၃ ရာခိုင်နှုန်းက ယုံကြည်ကြပါ၏။

အာဖဂန်နစ္စတန် - အမေရိကန်

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ မျှော်စင်ညီနောင်ကို အယ်လ်ကေဒါ ကျောထောက် နောက်ခံပေးထားသည့် ၀ါဟပ်ဗီ အစ္စလာမ်မစ် အကြမ်းဖက်အုပ်စု (Wahhabi Islamist Terrorist) က တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၂,၉၉၆ ဦး သေဆုံးခဲ့ရ၏။ လေယာဉ်များကို အပိုင်စီးကာ သက်ရှိဗုံးအဖြစ် တိုက်ခိုက်သွားသည့်ပုံစံဖြစ်ပြီး ပင်တဂွန်စစ်ဌာနချုပ်နှင့် အမေရိကန်လွှတ်တော် သို့မဟုတ် သမ္မတအိမ်ဖြူတော်ကိုပါ တစ်ချိန်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်က “အကြမ်းဖက်ဝါဒကို ဆန့်ကျင်သည့်စစ်ပွဲဆင်နွှဲရမည်” ဟု ကြွေးကြော်ကာ အာဖဂန်နိုင်ငံတွင်းရှိ အိုစမာဘင်လာဒင်နှင့် အယ်လ်ကေဒါအဖွဲ့ကို ပစ်မှတ်အဖြစ် ကြေညာခဲ့၏။ ဤသို့ဖြင့် ၂၀၀၁ ခုနှစ် အောက်တိုဘာ ၇ ရက်မှသည် ၂၀၂၁ ခုနှစ် သြဂုတ် ၁၅ ရက်ထိ ၁၉ နှစ် ၁၀ လ ၁ ပတ်နှင့် ၁ ရက်ကြာ အာဖဂန်နစ္စတန် - အမေရိကန်စစ်ပွဲကြီး စတင်ခဲ့ပါတော့သည်။

၂၀၀၁ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် စတင်ခဲ့သည့်စစ်ပွဲကို “လွတ်မြောက်မှု အဓွန့်ရှည် စစ်ဆင်ရေး” (Operation Enduring Freedom) ဟု အမည်ပေးခဲ့ပြီး တာလီဘန်တပ်ဖွဲ့များအပေါ် ဗုံးကြဲစစ်ဆင်ရေးဖြင့် အစပြုခဲ့သည်။ ဗြိတိသျှ၊ ကနေဒါ၊ ဂျာမနီနှင့် ပြင်သစ်တို့ ပူးတွဲတိုက်ပွဲဝင်ခဲ့ပြီး တာလီဘန်နှင့် အယ်လ်ကေဒါများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ အမေရိကန်အထူးတပ်ဖွဲ့ဝင် ၁,၀၀၀ သည် မြောက်ပိုင်းမဟာမိတ်များ၊ တာလီဘန်ကိုဆန့်ကျင်သည့် ပထန်မျိုးနွယ်စုများနှင့်အတူ ထိုးစစ်ဆင်ခဲ့၏။ လေကြောင်းစစ်ဆင်ပြီး ၁၂ ရက်အကြာမှသာ မြေပြင်တိုက်ပွဲ စတင်နိုင်ခဲ့သည်။

၂၀၀၁ ခုနှစ် နိုဝင်ဘာလအတွင်း တာလီဘန်အစိုးရသည် ပြိုကွဲစပြုလာပြီး တယ်လိုကန်၊ ဘာမီယန်၊ ဟီစတ်၊ ကဘူး၊ ဂျလာလာဘတ် စသည့်မြို့ကြီးများကို လက်လွှတ်ခဲ့ရ၏။ ထောက်လှမ်းရေးများ၊ ခေတ်မီနည်းနာများနှင့် မည်သို့ခြေရာခံခဲ့သည်ဖြစ်စေ အယ်လ်ကေဒါခေါင်းဆောင် ဘင်လာဒင်ကတော့ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလအတွင်း အာဖဂန်နစ္စတန်မှ လွတ်ထွက်သွားခဲ့သည်။

တာလီဘန်တို့လက်မှ ကဘူးကျဆုံးပြီးနောက် ကမ္ဘာ့ကုလသမဂ္ဂက ကြီးမှူး၍ အာဖဂန်နိုင်ငံတွင်း အုပ်စုများကိုဖိတ်ခေါ်လျက် ဂျာမနီနိုင်ငံ ဘွန်းမြို့တွင် ညီလာခံတစ်ရပ် ကျင်းပပေးခဲ့ရာ ဒီဇင်ဘာ ၅ ရက်၌ ဘွန်းသဘောတူညီချက်ကို အုပ်စုအားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲ့၏။ ဟာမစ်ကာဇိုင်း ဦးဆောင်သည့် ကြားဖြတ်ကောင်စီကို တင်ပေးပြီး ကမ္ဘာ့ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၁၃၈၆ အရ လုံခြုံရေးအထောက်အကူပြု နိုင်ငံတကာတပ်ဖွဲ့ (International Security Assistance Force - ISAF) ကို ဖွဲ့စည်းတည်ထောင်ခဲ့၏။

၂၀၀၂ ဇွန်လတွင် အာဖဂန်နစ္စတန်၏ ခရိုင် ၃၆၄ ခုမှ ကိုယ်စားလှယ် ၁,၅၅၀ တက်ရောက်ခဲ့သည့် အရေးပေါ်ညီလာခံက ဟာမစ်ကာဇိုင်းကို ကြားဖြတ်အစိုးရ အကြီးအကဲအဖြစ် တင်မြှောက်ခဲ့၏။ ထိုနှစ် နိုဝင်ဘာလမှ အစပြု၍ မြို့ပြအုပ်ချုပ်ရေးနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများပါ  ပူးပေါင်းလျက် ဖွံ့ဖြိုးရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်ခဲ့သည်။ ၂၀၀၃ မေလတွင် အဓိကစစ်ဆင်ရေး ပြီးဆုံးပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဒေါ်နယ်ရမ်းစ်ဖဲလ်က ကြေညာခဲ့၏။

 ၂၀၀၄ ခုနှစ် ဇန်နဝါရီတွင် ၅၀၂ ဦးသော အာဖဂန်ကိုယ်စားလှယ်များက သမ္မတစနစ်ကို အခြေပြုသည့် အာဖဂန်နစ္စတန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောတူခဲ့ကြသည်။ ရွေးကောက်ပွဲ ကျင်းပပြီးနောက် ထိုနှစ် အောက်တိုဘာလတွင် ကာဇိုင်းမှာ ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်တင်မြှောက်ခံရသည့် ပထမဆုံးသမ္မတ ဖြစ်လာ၏။

၂၀၀၅ ခုနှစ် မေလအတွင်း အမေရိကန်သမ္မတ အိမ်ဖြူတော်၌ သမ္မတဘုရှ်နှင့် အာဖဂန်သမ္မတကာဇိုင်းတို့ တွေ့ဆုံကာ အာဖဂန်စစ်တပ်ကို ဖွဲ့စည်းခြင်း၊ လေ့ကျင့်သင်ကြားခြင်း၊ လက်နက်တပ်ဆင်ခြင်းနှင့် စွမ်းရည်မြှင့်တင်ခြင်းများ ပြုလုပ်ပေးရန် သဘောတူခဲ့သည်။

တစ်ဖက်တွင်လည်း ၂၀၀၆ ခုနှစ်အတွင်း အသေခံဗုံးခွဲမှုများမှာ ယခင်နှစ်ကထက် ငါးဆတက်လာသည်။ ၂၀၀၅ ခုနှစ်တွင် ၂၇ ခုသာ ရှိသော်လည်း ၂၀၀၆ ၌ ၁၃၉ ကြိမ်အထိ ရှိလာခဲ့သည်။ တဖန် အဝေးထိန်းစနစ်နှင့် ချိန်ကိုက်ဗုံးခွဲမှုများမှာ ၁၆၇၇ ကြိမ်သို့ ရောက်ရှိလာခဲ့၏။ ထိုသို့ သောင်းကျန်းမှုများ မြင့်တက်လာလေလေ အုပ်ချုပ်ရေးစနစ် ထူထောင်မှုကို ထိခိုက်လာလေလေ ဖြစ်နေတော့သည်။ ရဲတပ်ဖွဲ့အနေနှင့် ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်ရန် ခက်ခဲလာခဲ့၏။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း သမ္မတ အိုဘားမားလက်ထက်တွင် အာဖဂန်စစ်မြေပြင်သို့ အမေရိကန်တပ်သား ၁၇,၀၀ ထပ်မံစေလွှတ်ရန် ကတိပြုခဲ့၏။ ၂၀၀၉ မှ၂၀၁၁ ခုနှစ်အတွင်း အမေရိကန် တပ်ဖွဲ့ဝင်အင်အား အာဖဂန်၌ တစ်ဟုန်တိုးတိုးချဲ့ခဲ့ရာ စုစုပေါင်း ၁၄၀,၀၀၀ အထိ ရှိလာခဲ့သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် NATO သည် လုံခြုံရေး အထောက်အကူပြု နိုင်ငံတကာတပ်ဖွဲ့ (International Security Assistance Force - ISAF) ၏ အခန်းကဏ္ဍကို ရပ်တန့်လျက် အာဖဂန်နစ္စတန်အစိုးရထံ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာ တာဝန်အားလုံး လွှဲအပ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် အမေရိကန်နှင့် တာလီဘန်တို့ ငြိမ်းချမ်းရေးဆွေးနွေးကာ ဒိုဟာသဘောတူညီချက်ရခဲ့ကြသည်။ အမေရိကန်တို့ အာဖဂန်မှ ၁၄ အတွင်း ဆုတ်ခွာရန်နှင့် တာလီဘန်တို့အနေနှင့်လည်း “အယ်လ်ကေဒါ အပါအဝင် အမေရိကန်နှင့် မဟာမိတ်များ၏ လုံခြုံရေးကိုထိပါးလာမည့် မည်သည့်အကြမ်းဖက်အုပ်စု၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမှ အာဖဂန်နစ္စတန်တွင် ရပ်တည်ခွင့်မပြုရန်” သဘောတူခဲ့ကြသည်။

ဤသဘောတူညီချက်အရ ၂၀၂၁ ခုနှစ်တွင် အမေရိကန် သမ္မတသစ် ဂျိုးဘိုင်ဒန် တက်လာသည့်အခါ နဂိုသဘောတူခဲ့သည့် အချိန်ဇယားအရ အမေရိကန်တို့ ဆုတ်ခွာမည့်အချိန် မေ ၁ ရက်နေ့အစား စက်တင်ဘာ ၁၁ ရက်၊ နောက်ပိုင်းတွင် သြဂုတ် ၃၁ ရက်သို့ နောက်ဆုတ်ခဲ့သည်။ ထိုရွှေ့ဆိုင်းချက်အပေါ် တာလီဘန်တို့က အလေးမထားခဲ့ဘဲ မူလသဘောတူခဲ့သည့် မေလ ၁ ရက်ကျော်သည်နှင့် တိုက်ပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ဆင်နွှဲခဲ့ရာ သြဂုတ် ၁၅ ရက်တွင် မြို့တော်ကဘူးကို သိမ်းပိုက်သွားနိုင်ခဲ့၏။ ထိုနေ့၌ပင် အာဖဂန်နစ္စတန်သမ္မတ အက်ရှ်ရက်ဖ်ဂါနီ တိုင်းပြည်မှထွက်ပြေးခဲ့၏။ တာလီဘန်တို့အောင်ပွဲခံကာ စစ်ပွဲပြီးဆုံးပြီဖြစ်ကြောင်း ကြေညာခဲ့ကြသည်။ သြဂုတ် ၁၆ ရက်တွင် အမေရိကန်သမ္မတ ဘိုင်ဒန်ကတာလီဘန်တို့ အာဖဂန်နစ္စတန်ကို ပြန်လည်ဦးဆောင်သွားနိုင်ပြီဖြစ်ကြောင်းနှင့် လက်ကျန်အမေရိကန်တပ်များလည်း အပြီးသတ်ဆုတ်ခွာတော့မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါသည်။

အာဖဂန်နိုင်ငံတွင်းမှ ထွက်ခွာမည့် မိမိနိုင်ငံသားများနှင့် ပြည်ပထွက်ခွာမည့် အာဖဂန်ဒုက္ခသည်များ ပြည့်နှက်နေသည့် ကဘူးမြို့၊ ဟာမစ်ကာဇိုင်းလေဆိပ်ကို ၂၀၂၁ ခုနှစ် သြဂုတ် ၂၆ ရက်၊ ကြာသပတေးနေ့တွင် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အုပ်စု အိုင်အက်စ် - ကေသည် အသေခံဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့၏။ လေဆိပ်အတွင်းလုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် အမေရိကန်မရိန်းတပ်သားများရှိနေပြီး လေဆိပ်ဝန်းကျင်၌လည်း အမေရိကန်တို့ နောက်ဆုံးထွက်ခွာသွားမည့် သြဂုတ် ၃၁ အမီ လေယာဉ်ပေါ်တက်ရောက်နိုင်ရေး ကြိုးပမ်းစောင့်ဆိုင်းလျက်ရှိသော လူအုပ်ကြီးရှိသည်။ အသေခံဗုံးခွဲမှုကြောင့် အာဖဂန်လူမျိုး ၁၇၀ ကျော်၊ အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးပြီး ၂၀၀ ခန့် ဒဏ်ရာရခဲ့၏။

နောက်ဆုံးဆုတ်ခွာမည်ဟု ကတိပြုထားသည့် ၂၀၂၁ ခုနှစ် သြဂုတ် ၃၁ ရက်တွင်တော့ အမေရိကန်တပ်ဖွဲ့များ အာဖဂန်နစ္စတန်နိုင်ငံမှ အလုံးစုံထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

မြေကြီးကိုချစ်သည့် တိုင်းရင်းနွယ်ဖွားများ

တကယ်တော့ ပြီးခဲ့သည့် ၂၀ ရာစုအတွင်း အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒကို ပြန်ကြည့်လျှင် မတူညီသည့်လားရာဆီ နှစ် ၅၀ စီ သွားခဲ့သည်ဟု ဆိုနိုင်၏။

ပထမကမ္ဘာစစ်အပြီး ဗာဆိုင်းစာချုပ်ကို သမ္မတဝီလ်ဆင်က ကမကထပြု၍ နိုင်ငံပေါင်းချုပ်အသင်းကြီး ပေါ်ထွက်လာသည့်တိုင်အောင် ကမ္ဘာ့အရေးမှ ဝေးဝေးနေလျက် နောက်ပိုင်းနှစ်များအတွင်း အမေရိကန်ပြည်ထောင်စုသည် ဧကစာဝါဒ (Isolationism) ကို ကျင့်သုံးနေထိုင်ခဲ့ပါသည်။ ထို့နောက် ဒုတိယကမ္ဘာစစ်အတွင်း ကုလသမဂ္ဂတည်ထောင်သည်မှ အစပြု၍ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်ဝယ် စစ်နိုင်တိုင်းပြည်တစ်ခုအနေနှင့် အမြင်အကြား အတွေ့အထိ များလာခဲ့သည်။ တစ်ဖန် စစ်အေးကာလတည်းဟူသော အရင်းရှင်-ကွန်မြူနစ် အားပြိုင်ပွဲတွင်မူ ဆိုဗီယက်ယူနီယံနှင့်အပြိုင် စူပါပါ၀ါ (Super Power) တိုင်းပြည်အဖြစ် ရောက်ရှိနေရာယူရင်း ကမ္ဘာအရပ်ရပ်ရှိနိုင်ငံစုံ၌ အကျိုးစီးပွားအခြေပြု ဝင်ရောက်ပတ်သက်မှုများ တိုးပွားလာခဲ့၏။ တစ်ဖန် ဆိုဗီယက် ယူနီယံပြိုကွဲသွားသည့်အခါ လစ်ဘရယ်အုပ်စုဝင်အပေါင်းက ဧကဝင်ရိုး (Unipolar) အဖြစ် တွန်းတင်ကြပြန်သည်။

အမေရိကန်အနေနှင့် အကြောင်းမညီညွတ်၍ မိမိ၏နိုင်ငံခြားရေးမူဝါဒအရ ကျန်အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခုခုကို ကျူးကျော်ခဲ့သည်ဆိုပါက မည်သို့ပင် တရားနည်းလမ်းကျကျ မူဘောင်သွတ်သွင်းသည်ဖြစ်စေ၊ သက်ဆိုင်ရာနိုင်ငံသားတို့၏ ခုခံတွန်းလှန်မှုကတော့ အနှေးနှင့်အမြန် မလွဲမသွေရှိနေမည်မှာ မြေကြီးကိုချစ်သော လူသားတိုင်းအတွက် တစ်နည်းဆိုသော် အချုပ်အခြာအာဏာပိုင်ဆိုင်သည့် တိုင်းရင်းသားဇာတိနွယ်ဖွားတိုင်းအတွက် အမှန်တရားစစ်စစ် ဖြစ်ပါ၏။

“သဘာဝအတိုင်းပြောရရင် ရုရှားဖြစ်ဖြစ်၊ အင်္ဂလန်ဖြစ်ဖြစ်၊ အမေရိကန်ဖြစ်ဖြစ်၊ ဟောဒီ ဂျာမနီကဖြစ်ဖြစ်၊ သာမန်ပြည်သူပြည်သား ဘယ်သူကမှ စစ်မတိုက်ချင်ကြဘူး။ ဒါ လူတိုင်းနားလည်နိုင်တယ်။ ဒါပေမဲ့ တိုင်းပြည်ကိုမူဝါဒချမှတ်နေတဲ့ ခေါင်းဆောင်တွေဆိုတာမျိုးက ဒီမိုကရေစီဖြစ်ဖြစ်၊ ဖက်ဆစ်အာဏာရှင်ဖြစ်ဖြစ်၊ ပါလီမန်ဖြစ်ဖြစ်၊ ဒါမှမဟုတ် ကွန်မြူနစ်အာဏာရှင်တိုင်းပြည်ဖြစ်ဖြစ် လူထုကိုတရွတ်တိုက်ဆွဲခေါ်တတ်ကြပြီး လူထုခမျာလည်း ခေါင်းဆောင်ခေါ်ရာ လိုက်ရရှာတာပါပဲ။ ရှင်းရှင်းလေးပါ။ ခင်ဗျားက သူတို့ကိုမျိုးချစ်စိတ်လို့ပြောပြီး စစ်တိုက်ခိုင်း၊ ရွှေပြည်အေးဝါဒီတွေကို ဆန့်ကျင်ခိုင်း၊ ပြီးရင်တိုင်းပြည်ကို ချောက်ထဲဆွဲခေါ်သွားကြည့်၊ ဘယ်တိုင်းပြည်မဆို ဒီအတိုင်းတစ်သီကြီး လိုက်ကြမှာပဲ။”

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန် နျူရင်ဘတ်စစ်ခုံရုံး၌ ထိပ်တန်းနာဇီခေါင်းဆောင်များက တိုက်ခိုက်ခဲ့သောစစ်၊ ကျူးကျော်ခဲ့သောစစ်၊ ကျွံဝင်ခဲ့သောစစ်အတွက် ထွက်ဆိုချက်များ ပေးခဲ့ကြ၏။ ထိုအထဲမှ ဟာမန်းဂိုးအာရင်း၏ ၁၉၄၆ ခု ဧပြီ ၁၈ ရက် ထွက်ဆိုချက်စကားဖြင့် ဤစာစုကို နိဂုံးချုပ်လိုက်ခြင်းဖြစ်ပါသည်။

References: https://www.businessinsider.com/uk-defense-secretary-suggests-us-no-longer-superpower-after-afghanistan-2021-9

https://en.m.wikipedia.org/wiki/War

https://en.m.wikipedia.org/wiki/List_of_wars_involving_the_United_States

https://www.history.com/this-day-in-history/u-s-withdraws-from-vietnam

https://www.history.com/topics/vietnam-war/vietnam-war-timeline

https://en.m.wikipedia.org/wiki/2003_invasion_of_Iraq

https://en.m.wikipedia.org/wiki/Rationale_for_the_Iraq_War

https://www.britannica.com/event/Iraq-War

https://www.cfr.org/timeline/us-war-afghanistan

https://en.m.wikipedia.org/wiki/War_in_Afghanistan_(2001%E2%80%932021)