ဘာစီလိုနာအသင်းက အသင်းခေါင်းဆောင်များဖြစ်သည့် ဘူးစကွက်စ်နှင့် အယ်လ်ဘာတို့ လစာလျှော့ယူခဲ့ခြင်းကြောင့် နွေရာသီတွင် ခေါ်ယူခဲ့သည့် တိုက်စစ်မှူး အဂွဲရိုးကို လာလီဂါပြိုင်ပွဲ၌ မှတ်ပုံတင်နိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
ဘာစီလိုနာအသင်းသည် လာလီဂါ၏ လစာကန့်သတ်မှုစည်းမျဉ်းကြောင့် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်းမရှိဘဲ လက်လွှတ်ခဲ့ရသလို၊ နွေရာသီ အပြောင်းအရွှေ့တွင် ခေါ်ယူခဲ့သည့် ကစားသမားသစ်များကိုလည်း မှတ်ပုံတင်ရန် ရုန်းကန်ခဲ့ရသည်။
ထို့ကြောင့် ကစားသမားသစ်များကို မှတ်ပုံတင်နိုင်ရန်အတွက် သြဂုတ်လလယ်ပိုင်းတွင် အသင်းဝါရင့် နောက်ခံလူ ပီကေး လစာလျှော့ယူခဲ့ပြီး ၎င်း၏လစာလျှော့ယူမှုကြောင့် ဒီပိုင်းနှင့် အဲရစ်ဂါစီယာတို့ကို မှတ်ပုံတင်နိုင်ခဲ့သည်။ ယခုအခါ ဘူးစကွက်စ်နှင့် အယ်လ်ဘာတို့ လစာလျှော့ယူခဲ့ခြင်းကြောင့် အဂွဲရိုးကို မှတ်ပုံတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘာစီလိုနာအသင်း၏ထုတ်ပြန်ချက်တွင် "အသင်းခေါင်းဆောင် (၄)ဦးထဲမှ (၂)ဦးဖြစ်သည့် ဘူးစကွက်စ်နှင့် အယ်လ်ဘာတို့သည် လစာလျှော့ယူခဲ့ခြင်းကြောင့် ဘာစီလိုနာအသင်းအနေဖြင့် လစာကန့်သတ်မှုစည်းမျဉ်းနှင့်အညီ အဂွဲရိုးကို လာလီဂါပြိုင်ပွဲတွင် မှတ်ပုံတင်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ အယ်လ်ဘာနှင့် ဘူးစကွက်စ်တို့သည် ယခုရာသီတွင် လစာလျှော့ယူမည်ဖြစ်ပြီး လာမည့်ရာသီတွင် အရစ်ကျစနစ်ဖြင့် လစာယူသွားရန် သဘောတူခဲ့ကြောင်း၊ ၎င်းတို့ (၂)ဦးသည် ပီကေးပြီးနောက် ကစားသမားသစ်များကို လာလီဂါတွင် မှတ်ပုံတင်နိုင်ရန် ကူညီပေးခဲ့သူဖြစ်ကြောင်း၊ ထို့ကြောင့် ဘာစီလိုနာအသင်း အနေဖြင့် ကစားသမားသစ်များကို လာလီဂါတွင် မှတ်ပုံတင်နိုင်ခဲ့ပြီဖြစ်ကြောင်း" ဖော်ပြပါရှိသည်။