တညင်းကုန်းလက်ကားစျေးကြီးအား စီမံခန့်ခွဲနေသည့် မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီ (MAEX) က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွက်ဝင်ငွေမှာ ယခင်နှစ်ထက် ၁၀၅ ရာခိုင်နှုန်း တိုးလာကြောင်း MAEX က ထုတ်ပြန်သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွက် ဘဏ္ဍာရေးရှင်းတမ်းတွင် ဖော်ပြထားသည်။
အဆိုပါအစီရင်ခံစာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၏ ပထမနှစ်ဝက်ဝင်ငွေ ရှင်းသည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်အထိ ပထမခြောက်လတာကာလကို တူညီသောကာလဖြစ်သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာမှ ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက်အထိ ပထမခြောက်လတာကာလနှင့် နှိုင်းယှဉ်တင်ပြထားခြင်းဖြစ်သည်။
ဘဏ္ဍာနှစ်ဝက်အတွက် ဝင်ငွေကျပ် ၂၃၀၁ သန်းရှိခဲ့ရာ ယခင်နှစ်ဘဏ္ဍာနှစ်ဝက်ထက် ၁၀၅ ရာခိုင်နှုန်းတိုးလာ၍ အကြမ်းအမြတ်မှာ ရာခိုင်နှုန်း ၆၀ တိုးလာကာ ဝင်ငွေအပေါ် အကြမ်းအမြတ် ရာခိုင်နှုန်းမှာ ၁၉ ရာခိုင်နှုန်းလျော့သွားသည်။ယခု အစီရင်ခံသော ဘဏ္ဍာရေးကာလခြောက်လတာကာလတွင် အဓိကအားဖြင့် စျေးရုံလုပ်ငန်းလည်ပတ်မှုမှ ဝင်ငွေများ တိုးတက်ရရှိခဲ့၍ Shop House လည်း ရောင်းချရရှိခဲ့သည်။ စျေးရုံလုပ်ငန်းလည်ပတ်မှုမှဝင်ငွေမှာ ကျပ် ၁၅၅၄၁ သန်းဖြစ်ပြီး ယခင်နှစ်ထက် ၃၈ ရာခိုင်နှုန်းတိုးလာသည်။ထိုသို့ တိုးလာခြင်းမှာ စျေးရုံဆိုင်ခန်းများ၊ ငှားရမ်းခနှင့် ယာဉ်ဝင်ခရရှိငွေများ တိုးလာသောကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယခုအစီရင်ခံသော ဘဏ္ဍာရေးကာလ ခြောက်လတာကာလအတွင်း အကြမ်းအမြတ် ရာခိုင်နှုန်း ၁၉ ရာခိုင်နှုန်းလျော့သွားရခြင်းမှာ Shop House ၏ရောင်းရကုန်တန်ဖိုး(တိုက်ရိုက်စရိတ်)မှာ ၇၃ ရာခိုင်နှုန်းပါဝင် သောကြောင့်ဖြစ်ကြောင်း၊ သို့သော် စုစုပေါင်းဝင်ငွေသည် ၁၀၅ ရာခိုင်နှုန်းတိုးလာခဲ့ပြီး စုစုပေါင်းအကြမ်းအမြတ်သည် ရာခိုင်နှုန်း ၆၀ တိုးလာခဲ့ကြောင်း၊ထို့ပြင် စျေးရုံလုပ်ငန်း လည်ပတ်မှုမှအကြမ်းအမြတ် ၄၂ ရာခိုင်နှုန်း တိုးလာကြောင်း၊ ယင်းမှာ ကောင်းမွန်သော စီမံခန့်ခွဲမှုနှင့် ကိုဗစ်-၁၉ မပြန့်ပွားစေရန် စီမံထိန်းချုပ်နိုင်မှုတို့ကြောင့် အခြားစျေးမှ ရာသီပေါ်ဟင်းသီးဟင်းရွက် ရောင်းချသူများ တညင်းကုန်စျေးသို့ ပြောင်းရွှေ့ရောင်းချလာခြင်းကြောင့် ဖြစ်ကြောင်း၊ထို့ကြောင့် စျေးရုံ (၄) တွင် တိုးချဲ့စီစဉ်နေရာချထားပေးခဲ့ကြောင်း၊ထို့အတူ သင့်တော်လုံလောက်သော နေရာအကျယ်အဝန်းရှိခြင်းနှင့် ကိုဗစ်-၁၉ မပြန့်ပွားစေရန် စီမံထိန်းချုပ်နိုင်မှုတို့ကြောင့် စျေးဝယ်သူများလည်း ပိုမိုများပြားလာကြောင်း ဖော်ပြထားသည်။
ထို့ပြင် ယခုအစီရင်ခံသော ဘဏ္ဍာရေးကာလ ခြောက်လတာကာလအတွင်း အခွန်မနှုတ်မီ အသားတင်အမြတ်သည် ယခင်နှစ်အလားတူကာလထက် ၃၁၉ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း၊ ယင်းမှာ ငွေကြေးဖောင်းပွမှုကြောင့် Shop House ရောင်းချရခြင်းနှင့် စျေးရုံလုပ်ငန်း လည်ပတ်မှုဝင်ငွေများ တိုးလာခဲ့သောကြောင့်ဖြစ်ကြောင်း သိရသည်။
အစီရင်ခံသော ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်ရှိ လုပ်ငန်း၏ ငွေနှင့်ဘဏ်လက်ကျန်သည် ကျပ် ၇၆၂၁ သိန်းကျော်ရှိသဖြင့် ယခင်နှစ်ထက် ကျပ် ၁၈၁၀ သိန်းကျော် ပိုလာကြောင်း၊ အဆိုပါအစီရင်ခံသော ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုအတွက် သုံးစွဲငွေကျပ် ၂၉၉၉၉ သိန်းခန့် သုံးစွဲခဲ့ခြင်းမှာ စျေးရုံ(၄) ၊ အခြေခံအဆောက်အအုံများ(လမ်းနှင့်ရေမြောင်းတို့) ပြီးစီးမှုအတွက် ပေးချေခဲ့ခြင်းနှင့် လုပ်ငန်းသုံးကိရိယာများ ဝယ်ယူငွေဖြစ်ကြောင်း၊ ဘဏ္ဍာရေးဆောင်ရွက်ချက်များအတွက် သုံးစွဲငွေကျပ် ၆၀၆၀ သိန်းခန့်မှာ အစုရှယ်ယာရှင်များအား အမြတ်ဝေစု ထုတ်ပေးငွေဖြစ်ကြောင်း အဆိုပါဘဏ္ဍာရေးရှင်းတမ်းတွင် ဖော်ပြထားသည်။















