■ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမည့် ကစားသမားများအား Quarantine ကင်းလွတ်ခွင့်ပြုပေးရန် ဗြိတိန်အစိုးရအား ပရီးမီးယားလိဂ် တောင်းဆို

■ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမည့် ကစားသမားများအား Quarantine ကင်းလွတ်ခွင့်ပြုပေးရန် ဗြိတိန်အစိုးရအား ပရီးမီးယားလိဂ် တောင်းဆို
Photo : Daily Mail
Photo : Daily Mail
Published 24 August 2021

ပရီးမီးယားလိဂ်တာဝန်ရှိသူများသည် နိုင်ငံအသီးသီးသို့ ကမ္ဘာ့ဖလားခြေစစ်ပွဲသွားရောက်ကစားမည့် ကစားသမားများအား သက်ဆိုင်ရာနိုင်ငံများမှ ပြန်လာပါက ပုံမှန်စည်းမျဉ်းစည်းကမ်းများအတိုင်း သီးခြားနေထိုင်မှု (Quarantine) မပြုလုပ်စေဘဲ ကင်းလွတ်ခွင့်ပေးရန်အတွက် ဗြိတိန်အစိုးရတာဝန်ရှိသူများထံ တောင်းဆိုလျက်ရှိကြောင်း သိရသည်။

ရှေ့လာမည့် စက်တင်ဘာလအတွင်း ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များကစားရန်ရှိနေရာ ပရီးမီးယားလိဂ်ကစားသမားတော်တော်များများမှာ ၎င်းတို့၏ နိုင်ငံလက်ရွေးစင်အသင်းများသို့ ပြန်လည်ဆက်သွယ်ပြီး ခြေစစ်ပွဲများ ကစားရမည်ဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်းစုံသို့ ပရီးမီးယားလိဂ်ကစားသမားများ သွားလာရမည်ဖြစ်ရာ အချို့သောနိုင်ငံများမှာ ဗြိတိန်အစိုးရက Red List သတ်မှတ်ထားသော နိုင်ငံများစာရင်းတွင် ပါဝင်နေသည်။

ဗြိတိန်အစိုးရသည် Red List သတ်မှတ်ထားသည့် နိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများကို သတ်မှတ်ချက်များအတိုင်း သီးခြားနေထိုင်မှု ပြုလုပ်ရန် ညွှန်ကြားထားသည်။

ယင်းညွှန်ကြားချက်အရ ပရီးမီးယားလိဂ်ကစားသမားအများစုမှာ နိုင်ငံတကာပွဲများ ကစားပြီးပြန်လာပါက Quarantine ဝင်ရမည်ဖြစ်သည်။

ဗြိတိန်အစိုးရက Red List  သတ်မှတ်ထားသောနိုင်ငံများစာရင်းတွင် ဘရာဇီးလ်၊ အာဂျင်တီးနား၊ အီဂျစ်ကဲ့သို့သော နိုင်ငံများလည်းပါဝင်နေရာ ပရီးမီးယားလိဂ်မှ နာမည်ကြီးကစားသမားများဖြစ်သည့် ရစ်ချာလီဆန်၊ အီဒါဆန်၊ အယ်လစ် ဆန်၊ တဲလက်စ်၊ ဖရက်ဒ်၊ ဖာဘင်ညို၊ ဖေမီနို၊ သီယာဂိုဆေးလ်ဗား၊ ဂျေးဇူး၊ ဆယ်လ်ဆို၊ ဆာလာအစရှိသော ကစားသမားများမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲများ ကစားပြီးပြန်လာပါက သေချာပေါက် Quarantine ဝင်ရမည်ဖြစ်သည်။

ယင်းကဲ့သို့ Quarantine ဝင်ရပါက ယင်းကစားသမားများအနေဖြင့် ပရီးမီးယားလိဂ်ပွဲစဉ်အချို့ကို လွဲချော်မည့်အပြင် စက်တင်ဘာလအတွင်း စတင်ကစားမည့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်ကိုလည်း လွဲချော်မည်ဖြစ်သည်။

ချန်ပီယံလိဂ်ဝင်ခွင့်မရသည့် အခြားအသင်းများမှ ကစားသမားအချို့အနေဖြင့်လည်း ပရီးမီးယားလိဂ်ပွဲစဉ်(၂)ပွဲအပြင် လိဂ်ဖလားတတိယအဆင့် ပွဲစဉ်(၁)ပွဲကို လွဲချော်မည်ဖြစ်သည်။

သို့ဖြစ်ရာ ပရီးမီး ယားလိဂ်အသင်းအများစုသည် ၎င်းတို့၏ကစားသမားများကို နိုင်ငံလက်ရွေးစင်အသင်းများသို့ စေလွှတ်ရန် ဆန္ဒမရှိ ဖြစ်နေကြပြီး ကလပ်အသင်းနှင့် နိုင်ငံလက်ရွေးစင်အသင်းအကြား အငြင်းပွားမှုပြဿနာများ ဖြစ်ပေါ်လာဖွယ်ရှိနေသည်။

သို့ဖြစ်ရာ ပရီးမီးယားလိဂ်တာဝန်ရှိသူများသည် ဗြိတိန်အချက်အလက်၊ ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများကို ဆက်သွယ်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမည့် ကစားသမားများအား သီးခြားနေထိုင်မှုမပြုလုပ်စေဘဲ ကင်းလွတ်ခွင့်ပေးရန်အတွက် တောင်းဆိုလျက်ရှိကြောင်း သိရှိရသည်။     

 

Most Read

Most Recent