စူပါမစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ပေါင်းစည်းပွဲအဖြစ် နာမည်ကြီး မက္ကဆီကို လက်ဝှေ့သမား ဆာအူလ်ကာနီလိုအယ်လ်ဗာရက်ဇ်နှင့် အမေရိကန်လက်ဝှေ့သမား ကာလက်ပလန့်တို့ နိုဝင်ဘာ ၆ ရက်တွင် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။
ဆာအူလ်၏ WBA (Super)၊ WBC၊ WBO ချန်ပီယံခါးပတ်နှင့် ကာလက်ပလန့်၏ IBF ချန်ပီယံခါးပတ်ပေါင်းစည်းပွဲ ထိုးသတ်ခြင်းဖြစ်ပြီး အနိုင်ရသူမှာ အငြင်းပွားဖွယ်မရှိ စူပါမစ်ဒယ်ဝိတ်တန်းချန်ပီယံအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။
ယင်းပွဲကို စက်တင်ဘာတွင်ကျင်းပရန် ဆွေးနွေးရာ သဘောတူညီမှုမရသော်လည်း နိုဝင်ဘာ ၆ ရက်တွင် ထိုးသတ်ရန် အတည်ပြုနိုင်ခဲ့ပြီဖြစ်ပြီး ကျင်းပမည့်နေရာကို မရွေးချယ်ရသေးသော်လည်း အမေရိကန်ပြည်ထောင်စု လတ်စ်ဗေးဂတ်စ် မြို့ရှိ MGM Grand Garden Arena ၌ ကျင်းပဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။ "နိုဝင်ဘာ ၆ ရက်မှာ မက္ကဆီကို ရဲ့ လက်ဝှေ့အဆင့်အတန်းကို ထိပ်ဆုံးရောက် ဖို့ ကျွန်တော်တို့ ဆွဲတင်သွားမှာပါ။ လိုအပ်နေ တဲ့ ချန်ပီယံခါးပတ်ကို ရယူမှာပါ" ဟု ဆာအူလ် က Twitter မှတစ်ဆင့် ပြောကြားခဲ့သည်။
ဆာအူလ် (၃၁ နှစ်) သည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၅၉ ပွဲထိုးသတ်ရာတွင် မေဝယ်သာတစ်ဦးတည်းကိုသာ ရှုံးနိမ့်ဖူးပြီး WBO လိုက်ဟဲဗီးဝိတ်၊ WBA (Super)၊ WBC၊ IBF မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်များလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။ ကာလက်ပလန့် (၂၉ နှစ်) မှာလည်း ၂၁ ပွဲစလုံး ရှုံးပွဲမရှိ အနိုင်ရထားသူဖြစ်ကြောင်း သိရသည်။















