တရုတ်နိုင်ငံ ရွှေလီမြို့၌ COVID-19 ကပ်ရောဂါကာလရက်ရှည် Lockdown ချထားစဉ်အတွင်း အလုပ်အကိုင် အခက်အခဲဖြစ်နေသော မြန်မာရွှေ့ပြောင်းလုပ်သားများသည် မူဆယ်မြို့ နှစ်နိုင်ငံပြည်ဝင်ပြည်ထွက် စစ်ရေးဂိတ်နန်းတော်ဂိတ်မှ တရားဝင်ပြန်လည်ဝင်ရောက်လာရာ ၂၇ ရက်အတွင်း ၅၃၃၅ ဦးရှိကြောင်း သိရသည်။
တရုတ်နိုင်ငံ ရွှေလီ၊ ကျယ်ဂေါင်၊ ၀ိမ်တိန်မြို့များတွင် COVID-19 တစ်ကျော့ ပြန်တွေ့ရှိမှုဖြစ်စဉ်ကြောင့် Lockdown ချထားစဉ်အတွင်း ပိတ်မိနေသော မြန်မာနိုင်ငံသားများ အခက်အခဲမျိုးစုံ ဖြစ်နေမှုကို မူဆယ်-ရွှေလီ-ကျယ်ဂေါင်တို့ရှိ လူမှုရေးအသင်းအဖွဲ့များထံ အကူအညီတောင်းခံလာမှုကြောင့် ၎င်းအဖွဲ့အစည်းများက မူဆယ်ဒေသဆိုင်ရာ တာဝန်ရှိသူများထံတင်ပြခဲ့ရာမှ မြန်မာ-တရုတ် တာဝန်ရှိသူများ သဘောတူညီမှုဖြင့် မြန်မာနိုင်ငံသားများ ပြန်လည်လွှဲပြောင်းလက်ခံမှုကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ မြန်မာရွှေ့ပြောင်းလုပ်သားများလက်ခံရာတွင် မြန်မာ-တရုတ် COVID ကာကွယ်ရေး နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ အခက်အခဲကြုံနေရသော မြန်မာနိုင်ငံသားများအား နှစ်နိုင်ငံ တရားဝင်ထွက်ပေါက်မှ ပြန်လည်ထွက်ခွာလာနိုင်ရန်စီစဉ်ခဲ့ရာ နန်းတော်စစ်ဆေးရေးဂိတ်ပေါက်မှ ဇူလိုင်လ ၂၆ ရက်မှစတင်၍ သြဂုတ်လ ၂၁ ရက်အထိ ပြန်လည်လက်ခံခဲ့ကြောင်း လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ရက် (မူဆယ်) ထံမှ သိရသည်။
“နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မြန်မာတာဝန်ရှိသူတွေက လက်ခံကြိုဆိုဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီနေ့(သြဂုတ် ၂၁ ရက်)နံနက် ၈ နာရီခွဲအချိန်မှစပြီး အမျိုးသား ၂၃၅ ဦး၊ အမျိုးသမီး ၂၂၆ ဦး စုစုပေါင်း ၄၆၁ ဦး ပြန်လည်ဝင်ရောက်လာတယ်။ ဒီကနေ့အထိ ပြည်တော်ပြန်ဝင်လာသူ မြန်မာနိုင်ငံသားအမျိုးသား ၂၇၇၈ ဦး အမျိုးသမီး ၂၅၅၇ ဦး စုစုပေါင်း ၅၃၃၅ ဦး ရှိသွားပါပြီ။ မနက်ဖြန်လည်း တရုတ်ဘက်က လွှဲပေးရင် ပြန်လာမယ့်သူလည်းရှိပါတယ်။ တရုတ်နိုင်ငံ ဂျယ်ဂေါင်မြို့၊ ရွှေလီမြို့ ဝမ်တိန်မြို့တို့မှာရှိတဲ့သူတွေလည်း ပြန်လာဖို့ အများအပြားရှိတယ်” ဟု လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ရက် (မူဆယ်) မှ ဥက္ကဋ္ဌ ကိုဌေးက ပြောကြားသည်။
အဆိုပါ မြန်မာနိုင်ငံသားများအား တရုတ်နိုင်ငံ၏ ပြန်လည်စေလွှတ်မှုပေါ် မူတည်၍ လက်ခံဆောင်ရွက်ပေးနေကြောင်း ပြည်တော်ပြန်နိုင်ငံသားများ လက်ခံစေလွှတ်ရေးအဖွဲ့ထံမှ သိရသည်။
“ကျွန်တော်တို့တာဝန်ရှိသူတွေအနေနဲ့ကတော့ မြန်မာနိုင်ငံသားတွေ အမိနိုင်ငံကိုပြန်ဝင်ရောက်လာတာကို အမြဲလက်ခံဆောင်ရွက်ပေးနေပါတယ်။ တရုတ်ဘက်ကခွင့်ပြုရင် ဘယ်ရက်ပဲဖြစ်ဖြစ် လက်ခံပေးနေပြီး ၎င်းတို့ရဲ့နေရပ်ဒေသအသီးသီးကို ချောမွေ့စွာပြန်နိုင်ဖို့လည်း လုပ်ဆောင်ပေးထားပါတယ်” ဟု ပြည်တော်ပြန်နိုင်ငံသားများ လက်ခံစေလွှတ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
နေရပ်ပြန်မြန်မာနိုင်ငံသားများကို ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၁၀ ရက်အထိ အမျိုးသား ၂၄၄၃ ဦး အမျိုးသမီး ၂၂၁၁ ဦး စုစုပေါင်း ၄၆၅၄ ဦးကို လက်ခံခဲ့ကြောင်းသိရပြီး တရုတ်နိုင်ငံက သြဂုတ် ၁၁ ရက်မှစတင်ကာ မြန်မာနိုင်ငံသို့ ထွက်ခွာခွင့်ကို ယာယီပြန်လည်ပိတ်ထားခဲ့သည်။
သြဂုတ် ၁၆ ရက်က နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်းမှုဖြင့် တစ်ရက်သာပြန်လည် ထွက်ခွာခွင့်ပြုခဲ့ပြန်ရာ အမျိုးသား ၁၀၀ ဦး အမျိုးသမီး ၁၂၀ ဦး စုစုပေါင်း ၂၂၀ ဦး ပြန်လည်ထွက်ခွာခွင့်ရရှိခဲ့ပြီး ပြန်လည်၍ယာယီပိတ်ထားခဲ့သည်။
ထိုသို့ပြန်လည်ပိတ်ထားစဉ်အတွင်း သြဂုတ်လ ၁၈ ရက်က နေရပ်ပြန်ရန် အခက်အခဲရှိသူများက တရုတ်ရဲဌာနသို့ သွားရောက် အကူအညီတောင်းဆိုခဲ့ရာ နှစ်နိုင်ငံသဘောတူညီမှုဖြင့် သြဂုတ် ၂၁ ရက်တွင် ပြန်လည်၍ ထွက်ခွာခွင့်ပြုခဲ့ရာ အမျိုးသား ၂၃၅ ဦး အမျိုးသမီး ၂၂၆ ဦး စုစုပေါင်း ၄၆၁ ဦး တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ခွင့်ရရှိခဲ့ကြောင်း သိရှိရသည်။
“တရုတ်ဘက်ခြမ်းကနေ ပြန်လို့ရပါပြီ။ မနေ့က စာရင်းသွင်းထားတဲ့သူတွေပါ။ ဟိုက်ကွမ်းမှာ စာရင်း၊ အာခေါင်ဆေးစစ်စာရွက်တွေ စစ်ဆေးတယ်။ ၁၈ ရက်နေ့ညကပြန်ဖို့ အကူအညီသွားတောင်းတဲ့လူတွေ၊ ရဲစခန်း ရှေ့အိပ်ရတဲ့လူတွေ အကုန်မပါသေးဘူး။ အားလုံးမပါဘူး။ ရက်ချိန်းမယ်ထင်တာပဲ။ PPE အတွက် ပိုက်ဆံမပေးရပါဘူး။ ပြန်လာမယ့်လူဦးရေက ခန့်မှန်းလို့မရသေးဘူး။ COVID-19 ကပ်ရောဂါကာလအတွင်း တရုတ်ဘက်မှာ စက်ရုံအလုပ်ရုံနဲ့ စျေးဆိုင်တွေ ပိတ်ခဲ့တာကြောင့် အလုပ်အကိုင်နဲ့ နေထိုင်စရာရှာဖို့ အဆင်မပြေတဲ့သူတွေကတော့ အတော်များများ ကျန်သေးတယ်” ဟု မြန်မာနိုင်ငံဘက်သို့ ပြန်ဝင်လာသူများထံမှ သိရသည်။
ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၂၁ ရက်အထိ စုစုပေါင်း ပြန်လည်ဝင်ရောက်မှုမှာ မြန်မာနိုင်ငံသား အမျိုးသား ၂၇၇၈ ဦးနှင့် အမျိုးသမီး ၂၅၅၇ ဦး စုစုပေါင်း ၅၃၃၅ ဦးဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသူ ထောင်နှင့်ချီ ကျန်ရှိနေသေးကြောင်း သိရသည်။















