ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် ရွေးချယ်ထားသည့် မြန်မာအားကစားအဖွဲ့များအနက် အားကစားနည်းခြောက်မျိုးမှ အားကစားသမား ၇၉ ဦးမှာ ပြည်ပနိုင်ငံ၌ သွားရောက်လေ့ကျင့်နေကြောင်း သိရသည်။
ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မြန်မာအား ကစားအဖွဲ့အချို့မှာ နှစ်လယ်ပိုင်းမတိုင်မီကတည်းက ပြည်ပနိုင်ငံ$ သွားရောက်လေ့ကျင့်နေခြင်းဖြစ်ပြီး ထပ်မံသွားရောက်မည့် အားကစားအဖွဲ့များလည်းရှိနေကြောင်း သိရသည်။ ပြည်ပနိုင်ငံ၌ သွားရောက်လေ့ကျင့်နေသည့် မြန်မာအားကစားအဖွဲ့များမှာ ဝူရှူး၊ အလေးမ၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ဘော်လီ ဘောနှင့် ကနူး/ကယက်အားကစားနည်းတို့ ဖြစ်ပြီး အုပ်ချုပ်မှုအဖွဲ့၊ နည်းပြနှင့် ကစား သမားစုစုပေါင်းအင်အား ၁၀၀ ဝန်းကျင်ရှိ ကြောင်း သိရသည်။
မြန်မာအားကစားအဖွဲ့များသည် ယခင်က ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာအထိ လေ့ကျင့်ရန် စီစဉ်ထားသော်လည်း ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲ အပြောင်းအလဲကြောင့် လေ့ကျင့်မည့်ကာလလည်း အပြောင်းအလဲ ပြုလုပ်ရဖွယ်ရှိနေသည်။ မြန်မာအားကစားအဖွဲ့များသည် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ် ပြိုင်ပွဲပြီးကတည်းက လေ့ကျင့်မှုပြုလုပ်ရခြင်း မရှိတော့သလို နိုင်ငံတကာပြိုင်ပွဲများလည်း ယှဉ်ပြိုင်နိုင်ခြင်းမရှိတော့သဖြင့် ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ အကြိုပြင်ဆင်မှုအဖြစ် ပြည်ပနိုင်ငံများ၌ သွားရောက်လေ့ကျင့်နေခြင်းဖြစ်သည်။ မြန်မာအားကစားအဖွဲ့များ သည် ဆီးဂိမ်းစ်ပြိုင်ပွဲကဲ့သို့ အဓိကနိုင်ငံတကာ ပြိုင်ပွဲများ မယှဉ်ပြိုင်မီ ပြည်ပနိုင်ငံများ၌ကာလရှည် သွားရောက်လေ့ကျင့်လေ့ရှိပြီး ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီလည်း လေ့ကျင့်ခြင်းဖြစ်သည်။
ပြည်ပနိုင်ငံ၌ သွားရောက်လေ့ကျင့်မည့် မြန်မာအားကစားအဖွဲ့ ကျန်ရှိနေသေးပြီး ကပ်ရောဂါအခြေအနေအပေါ်မူတည်၍ စေလွှတ်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေ ဖြင့် ပြည်ပနိုင်ငံများသို့ Joint Training စေ လွှတ်ရာတွင် အားကစားနည်းအလိုက် အား သာသည့်နိုင်ငံများသို့ စေလွှတ်ခြင်းဖြစ်ပြီး အချို့နိုင်ငံများမှာမူ ကပ်ရောဂါကြောင့် ခရီး သွားလာခွင့်ကန့်သတ်ထားသဖြင့် လေ့ကျင့် နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
မြန်မာ နိုင်ငံအနေဖြင့် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အားကစားနည်း ၁၈ မျိုး ဝင်ရောက်ယှဉ်ပြိုင် ရန် စီစဉ်ထားပြီး အားကစားနည်းတစ်ဝက် ကျော်ခန့် ပြည်ပနိုင်ငံများတွင် သွားရောက် လေ့ကျင့်မည်ဖြစ်သည်။ COVID-19 ကပ် ရောဂါကြောင့် အရှေ့တောင်အာရှနှင့် အာရှ နိုင်ငံများတွင် အားကစားပြိုင်ပွဲများကျင်းပ နိုင်မှုနည်းပါးခဲ့ရာ မြန်မာအားကစားအဖွဲ့များ အနေဖြင့် တစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံတကာပြိုင်ပွဲများနှင့် ကင်းကွာနေပြီး သေနတ်ပစ်လက်ရွေးစင် ရဲထွန်းနောင်နှင့် ကြက်တောင်အားကစားမယ် သက်ထားသူဇာ တို့သာ တိုကျိုအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ရသည်။
ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲကို လာမည့် နှစ် ဧပြီလကုန် သို့မဟုတ် မေလဆန်းတွင် ကျင်းပမည်ဖြစ်ပြီး ကပ်ရောဂါကြောင့် ရွှေ့ ဆိုင်းထားသောကြောင့် မြန်မာအားကစား အဖွဲ့များအနေဖြင့် ပြင်ဆင်ချိန်ပိုမိုရရှိမည်ဖြစ်ကြောင်း သိရသည်။ မြန်မာအားကစားအဖွဲ့ များသည် ကပ်ရောဂါကြောင့် ယခုနှစ် မတ်လဆန်းပိုင်းမှသာ စတင်လေ့ကျင့်နိုင်ခဲ့ပြီး ပြီးခဲ့သည့်ဆီးဂိမ်းစ်ပြိုင်ပွဲများထက် ပြင်ဆင်ချိန် တစ်နှစ်ဝန်းကျင် နောက်ကျခဲ့ကြောင်း သိရသည်။















