အာဖဂန်အရေး ပါကစ္စတန်၏ ရွေးချယ်ရာလမ်း

အာဖဂန်အရေး ပါကစ္စတန်၏ ရွေးချယ်ရာလမ်း
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၉ ရက်က အာဖဂန်သမ္မတ ဂါနီ (ယာ) နှင့် ပါကစ္စတန် ဝန်ကြီးချုပ် အီမရန်ခန်းတို့ ကဘူးမြို့ သမ္မတနန်းတော်တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲမတိုင်မီ မတ်တတ်ရပ်နေကြစဉ် (Photo:AP)
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၉ ရက်က အာဖဂန်သမ္မတ ဂါနီ (ယာ) နှင့် ပါကစ္စတန် ဝန်ကြီးချုပ် အီမရန်ခန်းတို့ ကဘူးမြို့ သမ္မတနန်းတော်တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲမတိုင်မီ မတ်တတ်ရပ်နေကြစဉ် (Photo:AP)
Published 16 August 2021
မိုးဧအောင်

ပါကစ္စတန် အမျိုးသားလုံခြုံရေးအကြံပေး မိုးအိဒ်ယူစွတ်၏ ၀ါရှင်တန်ခရီးစဉ်တွင် အမေရိကန်တို့အနေနှင့် သူ့နိုင်ငံ ပါကစ္စတန်အပေါ်အဖက်မတန်သလို ဆက်လက်ပြုမူနေမည်ဆိုပါက အစ္စလာမ္မာဘတ်အတွက် အခြားရွေးချယ်စရာများ လမ်းပွင့်လျက်ရှိကြောင်း အသိပေးခဲ့၏။

သူက ဒေသတွင်းကိစ္စရပ်များတွင် ပါကစ္စတန်နှင့် လက်တွဲဆောင်ရွက်ရန် အမေရိကန်၏ ငြင်းဆန်မှုနှင့် စစ်မီးတောက်နေသော အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ရုပ်သိမ်းမှုအတွက် ပါကစ္စတန်၏ ဖြစ်ပေါ်လတ္တံ့သော အနေအထားကို ပြန်လည်စဉ်းစားဖို့ ရည်ညွှန်းပြောဆိုခဲ့၏။

တကယ်တော့ ပါကစ္စတန်အနေနှင့် အခြားရွေးချယ်ရန်လမ်း ရှိ၏။ အမေရိကန်နှင့် ပါကစ္စတန်အကြား ဆက်ဆံရေးက ‘ဆန်ပေး၍ ဆေးရ’သည့် ဆက်ဆံရေးမျိုးဖြစ်သည်။ အခြားတစ်ဖက်၌ အမေရိကန်က ပါကစ္စတန်ကို နည်းနည်းချင်း ထောက်ပ့ံသည်ဖြစ်စေ၊ လုံးဝမထောက်ပ့ံလျှင်ဖြစ်စေ တရုတ်အနေနှင့် ပါကစ္စတန်ကို ကူညီနေသည်သာဖြစ်သည်။ သို့သော် ကမ္ဘာ့ဖော်နည်းကားအရ မည်သည့်နိုင်ငံကမှ အခြားတစ်နိုင်ငံကို သဒ္ဓါပေါက်၍ လာရောက်ကူညီကြသည် မဟုတ်။ ‘အကျိုးလို၍ ညောင်ရေလောင်း’ ရသည့် ဖြစ်ရပ်သာဓကများစွာ ရှိနေပါသည်။

တရုတ်နိုင်ငံ၏ တစ်နှစ်ထက်တစ်နှစ် ဖွံ့ထွားလာသော စီးပွားရေးအင်အားနှင့် နိုင်ငံခြားရေးရာမူဝါဒတို့က အမေရိကန်ကို မဟာဗျူဟာမြောက် ခြိမ်းခြောက်ချက်တစ်ရပ် ဖြစ်မလာမီထိ ‘ကိစ္စမရှိ’ ခဲ့သေးပါ။ ယခုတော့ ပါကစ္စတန်အဖို့ ဤအင်အားကြီးနှစ်နိုင်ငံအကြား မည်သို့ချိန်ညှိလျှောက်လှမ်းရမည်ကို အကွက်ကျကျ ရွေးရခက်သည့်အချိန်သို့ ရောက်ရှိနေပါပြီ။

အမေရိကန်၏ မအောင်မြင်ခဲ့သော အာဖဂန်သိမ်းပိုက်မှု၊ တရုတ်၏ အင်အားကြီး ထွားလာမှုအပေါ် ဟန့်တားလိုခြင်းနှင့် အိန္ဒိယကို အနာဂတ်မဟာမိတ်အဖြစ် ရွေးချယ်လို ပုံရခြင်း စသည့်လုပ်ရပ်များက ပါကစ္စတန်အတွက် ပိုမိုအကျပ်အတည်း တွေ့လာစေသည့် ပြဿနာများဖြစ်ပါသည်။ ဒေသတွင်းစိုးမိုးမှုအတွက် အရေးပါလှသော တရုတ်၏ ‘ခါးပတ် တစ်ကွင်း၊ လမ်းတစ်စင်း’ စီမံကိန်း၌ ပါကစ္စတန်သည် အခရာကျသည့် ဖြတ်လမ်းဖြစ်နေသည်။ ဤလမ်းကြောင်းအရ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် (CPEC-China Pakistan Economic Corridor) ပေါ်ထွန်းလာခြင်းကို အမေရိကန်ရော အိန္ဒိယကပါ မနှစ်မြို့ကြပါ။

အယ်လ်ကိုင်ဒါနှင့် တာလီဘန် ထောက်ခံသည့်အုပ်စုများကို နှိမ်နင်းရာတွင်လည်းကောင်း၊ (TTP=Tehreek-e-Taliban Pakistan) ဟုခေါ်သည့် ပါကစ္စတန်အခြေပြု တာလီဘန်အဖွဲ့ကို မွေးမြူလေ့ကျင့်ရာတွင် လည်းကောင်း ပါကစ္စတန်သည် အမေရိကန်အတွက် ‘အရေးပေါ်မဟာမိတ်’ အဖြစ် တည်ရှိဆဲဖြစ်သည်။ သာမန်ပြည်သူများ၏ အမြင်တွင် TTP နှင့် တိုက်ပွဲများကို ထိန်းထိန်းသိမ်းသိမ်း ရှိနေသော်ငြား၊ ပါကစ္စတန်ရှိ မျက်စေ့ကြီးနားကြီး အုပ်စုများအမြင်၌ TTP ကို အိန္ဒိယ-ပါကစ္စတန်တိုက်ပွဲအတွက် ‘အစ္စလာမ်၏ ခံတပ်’ သဖွယ် ရှုမြင်ကြပါသည်။

ဤသို့ဖြင့် ပါကစ္စတန်၏ ရပ်တည်ရှင်သန်မှုမှာ မေးခွန်းထုတ်ဖွယ်ရာ ဖြစ်လာပြီး TTP ၏ နောက်ကွယ်မှ အိန္ဒိယကို ရန်သူအစစ်အဖြစ် သဘောထားကာ ပါကစ္စတန်အများစုက အစိုးရနှင့် တစ်သားတည်းရပ်တည် ကြသည်။ TTP ကို တိုင်းပြည်အတွင်းမှ မောင်းထုတ်လိုက်သော်လည်း အပြီးသတ်ချေမှုန်းခြင်း မပြုခဲ့သည်မှာ ထောင်ပေါင်းများစွာသော အသက်များနှင့် သန်းချီသော အမေရိကန် ဒေါ်လာများကြောင့် ဖြစ်ပါ၏။

အာဖဂန်တာလီဘန်များ၏ တိုက်ပွဲများ ပြင်းထန်လာသည်နှင့် ပါကစ္စတန်၏ ရာဝါပင်ဒီနှင့် အစ္စလာမ္မာဘတ်တို့တွင် အထိတ်တလန့် အချက်ပေးသံများ မြည်လာသည်။ စစ်ဘက်ရော အရပ်ဘက်ကပါ လျှို့ဝှက်သတင်းဆိုသည့် ထင်ရာမြင်ရာ ပြောစကားများက ပြန့်ကားလျက်ရှိ၏။ တကယ်တော့ နိုင်ငံရေးသမားတို့၏ အဆိုအရ TTP ခေါ် ပါကစ္စတန်တာလီဘန်နှင့် အာဖဂန်တာလီဘန်တို့ဟူသည် ဒင်္ဂါးပြားတစ်ပြား၏ ခေါင်းနှင့်ပန်းသာ ဖြစ်ပါသည်။

ပါကစ္စတန် စစ်ဗိုလ်ချုပ်များကမူ TTP နှင့် အာဖဂန် တာလီဘန်တို့ ပေါင်းစည်းမှုကို ‘စက္ကူတံတွေးဆွတ်ကပ်သည့် ညီညွတ်ရေး’ အဖြစ်သာ ရှုမြင်သည်။ ရရှိထားသည့် သတင်းများနှင့် လေ့လာချက်များအရ ထိုနှစ်ဖွဲ့၏ ရည်မှန်းချက်နှင့် မဟာဗျူဟာများမှာ ‘ပြဒါးတစ်လမ်း သံတစ်လမ်း’ ဖြစ်နေ၏။

TTP ကိုယ်နှိုက်ကမူ ပါကစ္စတန်အစိုးရကို တိုက်ပွဲဆင်နိုင်ရေးအတွက် တစ်မိုးတည်းအောက် ပူးပေါင်းလာမည့် မည်သည့်အုပ်စုကိုမဆို လက်ခံမည်ဖြစ်ရာ၊ အာဖဂန်တာလီဘန်တို့မှာ ယင်းတို့နှင့် မဟာမိတ်အဖြစ်နိုင်ဆုံး အလားအလာရှိသည့် အုပ်စုဖြစ်သည်။

ထို့ကြောင့် အာဖဂန်တာလီဘန်များ အနေနှင့် အောင်ပွဲအလီလီ ရရှိပြီး ကဘူး အစိုးရ၏ ရာဇပလ္လင်ကို ကိုင်လှုပ်လာလေလေ၊ ပါကစ္စတန်ကို ခြိမ်းခြောက်ရာ ရောက်လေလေဖြစ်နေ၏။ ပါကစ္စတန်အနေနှင့် အိန္ဒိယကိုပါ တွေးလေတိုင်း ‘နာ’ လျက်ရှိသည်။

အမေရိကန်အနေနှင့် အတိတ်ကာလကအတိုင်း ပါကစ္စတန်က တာလီဘန်များကို ဆန့်ကျင်ရန်၊ ကဘူးမှ အမေရိကန် တပ်ရုပ်ခဲ့သည့်တိုင် သူတို့ ကျောထောက်နောက်ခံပေးထားခဲ့သည့်အစိုးရကို လက်ခံအသိအမှတ်ပြုရန် လိုလားသည်။ ပါကစ္စတန်တို့အတွက်မှာမူ ခက်ခက်ခဲခဲယူခဲ့ရသည့် သင်ခန်းစာဖြစ်သည်နှင့်အညီ ‘အားလုံးကောင်းပါသည်ခင်ဗျား’ မလုပ်နိုင်တော့ဘဲ၊ လက်တွေ့ကျသည့် ‘ပထဝီ စီးပွားရေး’ အပေါ် အခြေပြုရန် ပိုမိုအလေးသာလျက်ရှိပါသည်။

ယခုဖော်ပြခဲ့သည်တို့ကို စုစည်းလိုက်ပါက အာဖဂန်နစ္စတန်အရေးနှင့် ပတ်သက်၍ ပါကစ္စတန်အဖို့ ကျဉ်းထဲကြပ်ထဲရောက်နေသည့် ရွေးချယ်စရာလမ်း နည်းပါးပုံကို ညွှန်ပြနေပါသည်။ ပါကစ္စတန်အစိုးရသည် အာဖဂန်ရှိတာလီဘန်များကို အာဏာခွဲဝေမှု၌ ထိုက်သင့်သလောက် ရစေလိုသော်လည်း အစိုးရတစ်ခုလုံး ဖွဲ့သွားနိုင်သည့် အခြေအနေမျိုးထိ မမြင်လိုပါ။ ထို့ထက်ပို၍ ဆိုရလျှင် သူတို့ရန်သူ TTP များက အာဖဂန်တာလီဘန်များအပေါ် အားကျအတုယူသွားမှာကိုတော့ အစိုးရိမ်ဆုံးဖြစ်ပါသည်။ ပါကစ္စတန်မူဝါဒရေးရာ ကျွမ်းကျင်သူများအနေနှင့်တော့ ကဘူးကို သိမ်းမည့် တာလီဘန်တို့ကို ရပ်တန့်ရန် ဖိအားပေးမည်ဆိုပါက နိုင်ငံအနေနှင့် မည်သို့သော အလားအလာများ ပေါ်ပေါက်လာနိုင်သည်ကို စောကြောဝေဖန်လျက်ရှိကြပါသည်။ TTP ကိုလည်း အာဖဂန်တာလီဘန်များကဲ့သို့ ကြီးထွားခွင့်ပေးလိုက်ပါက ပါကစ္စတန်အနေနှင့် အကြီးဆုံးအန္တရာယ်ကို လက်ယပ်ခေါ်သလို ဖြစ်သွားလိမ့်မည်။

တရုတ် - ပါကစ္စတန် စီးပွားရေးစင်္ကြန် (CPEC) နှင့် ‘ရာသီဥတုပြောင်းလဲရေး မဟာမိတ်’ ကိစ္စများ ရပ်တန့်သွားခြင်းအတွက် ချီတုံ ချတုံဖြစ်လျက်ရှိသော ပါကစ္စတန်အာဏာပိုင်များကို တရုတ်က ရေရှည်ဆက်လက်ပြီး သဘောကောင်းနိုင်မည် မဟုတ်ပါ။ တစ်ဖန် ၂၀၂၁ ခုနှစ် ဇူလိုင် ၁၄ ရက်က ပါကစ္စတန် မြောက်ပိုင်း ဒါဆု၌ ဖြစ်ပွားခဲ့သည့် ပါကစ္စတန် တာလီဘန်များ၏ အသေခံဗုံးခွဲမှုတွင် တရုတ်နိုင်ငံသား ကိုးယောက် အသက်ဆုံးရှုံးခဲ့ရ၏။ တရုတ်အနေနှင့် မည်သည့်တာလီဘန်ကိုမဆို နှစ်လိုဖွယ်မရှိသည်မှာ အမှန်ဖြစ်ပြီး အထူးသဖြင့်ကို အရှေ့တာကစ္စတန် အစ္စလာမ်လှုပ်ရှားမှု (East Turkestan Islamic Movement - ETIM) ကဲ့သို့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားလိုသည်။

ပါကစ္စတန်နိုင်ငံရေးသမားများက စစ်ဗိုလ်ချုပ်တို့ကို ပါကစ္စတန်နိုင်ငံအတွင်း တာလီဘန်တို့အား ခိုလှုံခွင့်ပေးလိုက်လျှင်ဆိုသည့် မေးခွန်းကို မေးမြန်းခဲ့ရာ၊ မိမိတို့ ‘နိုင်ငံရေး ရပ်တည်ချက်အတိုင်းသာ’ ဆောင်ရွက်ကြရန် ပြန်ကြားခဲ့၏။ ထိုပါကစ္စတန်စစ်ဗိုလ်ချုပ်များ တုံ့ပြန်ချက်မဆုံးမီမှာပင် အနောက်ဘက် နယ်စပ်တစ်လျှောက် စစ်ပွဲက စတင်လျက်ရှိနေပြီ။ ထိုစစ်ပွဲများသည် အမေရိကန်နှင့် တရုတ်အကြား အားပြိုင်မှုဟု တစ်ထစ်ချ မဆိုနိုင်သော်ငြား ပါကစ္စတန်ကို အမေရိကန်၏ စစ်အခြေစိုက်စခန်းဘဝသို့ ‘အရောက်ပို့’ သွားနိုင်ပါသည်။

ထိုသို့ဖြစ်လာပါက အနာဂတ် CPEC စီမံကိန်းများရော၊ အိန္ဒိယနှင့်ဖြစ်နေကျ နှစ်ရှည်လများ နယ်စပ်ပဋိပက္ခများပါ နိဋ္ဌိတံ သွားပါလိမ့်မည်။ ဆက်လက်၍ ကက်ရှ်မီးယား ကိစ္စနှင့်ပတ်သက်၍ အိန္ဒိယ၏အမြင်ကို လက်ခံခြင်း၊ အာရပ်နိုင်ငံများနှင့် ‘ညီနောင် ဆက်ဆံရေး’ ထူထောင်ခြင်း၊ UAE ၏ ကမကထပြုမှုဖြင့် အိန္ဒိယနှင့် အပစ်အခတ်ရပ်စဲရေးနှင့် တာလီဘန်ဆန့်ကျင်ရေး မဟာမိတ်ဖွဲ့ခြင်းတို့ အိပ်မက်ပမာ ဖြစ်လာမည်လော။

သို့ဖြစ်၍ ပါကစ္စတန်အနေနှင့် အာဖဂန်နစ္စတန်နိုင်ငံတွင်း ဖြစ်ပျက်နေမှုများကို အမေရိကန်ကဲ့သို့ ရှုမြင်နိုင်ခြင်း မရှိခဲ့လျှင် တစ်ခုတည်းသောရွေးစရာလမ်းမှာ တရုတ်ပင် ဖြစ်ပါသည်။ ဤအမြင်အရ အာဖဂန်နစ္စတန်၏ ယနေ့ပြဿနာအရပ်ရပ်သည် ပြည်တွင်းအင်အားစု အချင်းချင်း အာဏာရယူမှု ပဋိပက္ခဟု ရှင်းလင်းစွာလက်ခံပြီး အုပ်စုအသီးသီးအပေါ် သာတူညီမျှ ဆက်ဆံသွားရန်သာ အဖြေထွက်လာပါလိမ့်မည်။