မြန်မာနိုင်ငံသားအဖြစ် တရားဝင်အသိအမှတ်ပြုခြင်း (Myanmar Citizenship)

မြန်မာနိုင်ငံသားအဖြစ် တရားဝင်အသိအမှတ်ပြုခြင်း (Myanmar Citizenship)
Published 15 August 2021
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူ ငယ်ရွယ်စဉ်အလယ်တန်း ကျောင်းသားဘဝအချိန်ကာလ ဆရာကြီးတစ်ဦး၏ ဆုံးမသြဝါဒစကားဖြင့် စတင်လိုပါသည်။ ဆရာကြီးက လူ့လောက၊ လူ့ပတ်ဝန်းကျင်ဆိုသည်မှာ ယနေ့ဆရာတို့သင် ကြားပြသလျက်ရှိသည့် အသိဉာဏ် ပညာကြီးမားမှု၊ စာရိတ္တ၊ သိက္ခာ ကိုယ်ကျင့်တရား ထိန်းသိမ်းနိုင်မှု၊ အများအကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်နိုင်မှုစသည်တို့ အပေါ်တွင် မူတည်ခြင်းမရှိဘဲ ရာထူးရာခံရှိမှု၊ ငွေကြေးအမြောက်အမြား ပိုင်ဆိုင်မှု၊ အိုးအိမ်တိုက်တာပိုင်ဆိုင်မှုစသည် ပကာသနများအပေါ်တွင် မူတည်နေတတ်သည်မှာ စိတ်ပျက်မုန်းတီး စက်ဆုပ်ဖွယ်ရာ ဖြစ်ပါကြောင်းနှင့် အဆိုပါစိတ်ပျက်မုန်းတီးစက်ဆုပ်ဖွယ်ရာ လောကကြီးကို မကျေမနပ်ဖြစ်နေရမည်မဟုတ်ဘဲ ချစ်ခင်မြတ်နိုးဖွယ်ရာ လောကကြီး ဖြစ်လာစေရန် မိမိကိုယ်ကိုယ် မိမိသာပြင်ဆင်ပြောင်းလဲ ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုနည်းတူစွာ နိုင်ငံတကာ အသိုင်းအဝိုင်းသည်လည်း အဖွဲ့အစည်းတွင် ပါဝင်သည့် တိုင်းပြည်နိုင်ငံများ လိုက်နာကြစေရန် စံချိန်၊ စံနှုန်းများ ချမှတ်လေ့ရှိပြီး  တစ်ခါတစ်ရံ အဆိုပါ စံချိန်၊ စံနှုန်းများအား လိုလျှင်လိုသလို၊ မလိုလျှင်မလိုသလို အဓိပ္ပာယ်များကောက်ယူကာ စိတ်ပျက်မုန်းတီးစက်ဆုပ်ဖွယ်ရာ ကောင်းလောက်အောင်ပင် အကြိမ်ကြိမ်ဆွဲဆောင်ခြင်း၊ အမျိုးမျိုးဖိအားပေးခြင်း၊ မသိမသာ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများ ပြုလုပ်လေ့ရှိပါသည်။ အဆိုပါ စိတ်ပျက်မုန်းတီး စက်ဆုပ်ဖွယ်ရာ လုပ်ဆောင်ချက်များကို မကျေမနပ် ဖြစ်နေရမည်မဟုတ်ဘဲ ချစ်ခင်မြတ်နိုးဖွယ်ရာ နိုင်ငံတကာ အသိုင်းအဝိုင်းဖြစ်လာစေရန် မိမိတို့၏တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်နိုင်ရမည် ဖြစ်ပါသည်။

တိုင်းပြည်နိုင်ငံတော် တည်ဆောက်ခြင်းဆိုသည်မှာ တိုင်းပြည်နိုင်ငံတော်၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို အခြေခံထားရှိခြင်း သို့မဟုတ် အခြေခံမထားရှိခြင်းများအရ ကွဲပြားခြားနားမည် ဖြစ်သော်လည်း အဓိကအားဖြင့် ဂရိတို့၏စံနှုန်းဖြစ်သည့် ဒီမိုကရေစီ၊ လွတ်လပ်မှု၊ အခွင့်အရေးတန်းတူညီမျှမှုနှင့် ရောမတို့၏ စံနှုန်းဖြစ်သည့် တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှု၊ အချုပ်အခြာအာဏာတို့ကို ပေါင်းစပ်ကျင့်သုံးထားခြင်း ဖြစ်ပါသည်။ ဂရိစံနှုန်းလွန်ကဲပါက မင်းမဲ့စရိုက်များ ဖြစ်ပေါ်လာစေမည်ဖြစ်ပြီး ရောမစံနှုန်းလွန်ကဲပါက အာဏာရှင်စနစ် ဖြစ်ပေါ်လာစေမည် ဖြစ်ပါသည်။

ကမ္ဘာပေါ်ရှိ သြဇာကြီးမားသည့် နိုင်ငံကြီးများသည် နိုင်ငံတကာ အဖွဲ့အစည်းများတွင် နိုင်ငံတကာစံနှုန်းများကို အဖွဲ့ဝင်နိုင်ငံများ သဘောတူ လိုက်ပါဆောင်ရွက်နိုင်စေရေး သတ်မှတ်ပြဋ္ဌာန်းနိုင်စေရန် ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိကြရာတွင် အဓိကအားဖြင့် ဂရိစံနှုန်းကို အခြေခံသည့် ဒီမိုကရေစီ၊ လွတ်လပ်မှုနှင့် အခွင့်အရေး တန်းတူညီမျှမှု စသည်တို့သည် အတော်ပင် ခရီးရောက်လျက်ရှိနေပါသည်။ ဥပမာအားဖြင့် လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (The Universal Declaration of Human Rights) ဆိုပါလျှင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးတွင် ပါဝင်သည့် နိုင်ငံအားလုံးနီးပါးက လေးစားလိုက်နာရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်ပါသည်။

စာဖတ်သူတို့အနေဖြင့် သတိပြုစေလိုသည့်အချက်မှာ အင်္ဂလိပ်ဘာသာစကား Universal ဆိုသည့် စကားလုံး၊ စကားရပ်ပါဝင်လာသည်ဆိုပါက အဆိုပါစံနှုန်းကို လိုက်နာဆောင်ရွက်ရမည့် အခြေအနေသည် တိုင်းပြည်နိုင်ငံတိုင်း၏ အချုပ်အခြာအာဏာကို ကျော်လွန်ကာ ပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံများအားလုံး မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည်ဆိုသည့် အနက်အဓိပ္ပာယ် ဆောင်နေပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ နိုင်ငံတကာအသိုင်းအဝိုင်း သို့မဟုတ် နိုင်ငံတကာရှိအစိုးရ မဟုတ်သော အဖွဲ့အစည်းအချို့က နိုင်ငံသားအဖြစ် တရားဝင်အသိအမှတ်ပြုခြင်း (Citizenship) သဘောတရားနှင့် ပတ်သက်ပြီး မိမိတို့ တိုင်းပြည်နိုင်ငံအပေါ်တွင် Universal တန်းညှိနိုင်ရန် ကြိုးပမ်းအားထုတ်နေသည့် အခြေအနေကို စနစ်တကျ တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ တိုင်းပြည်နိုင်ငံတော်တွင် နေထိုင်လျက်ရှိကြသည့် နိုင်ငံသားများ၊ ဧည့်နိုင်ငံသားများ၊နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီးဖြစ်သူများအနေဖြင့် မိမိတို့အတွက် ရရှိနိုင်မည့် အခွင့်အရေးများကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ကြစေရန်နှင့် အခွင့်အရေးရရှိသည့်နည်းတူ ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို တာဝန်ယူမှု၊တာဝန်ခံမှုစသည်တို့ကိုလည်း အလိုအလျောက် အလွယ်တကူ သိမြင်နားလည်ပြီး လိုက်ပါဆောင်ရွက်နိုင်စေမည့် ပတ်ဝန်းကျင်ကောင်းကို တည်ဆောက်နိုင်ကြစေရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လက်ခံအတည်ပြုပြီးဖြစ်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (The Universal Declaration of Human Rights) နှင့် နိုင်ငံသားအဖြစ် တရားဝင် အသိအမှတ်ပြုခြင်း (Citizenship) (နောက်ပိုင်းတွင် နိုင်ငံသားဖြစ်ခြင်း (Citizenship) ဟု အသုံးပြုပါမည်။) သဘောတရား တစ်နည်းအားဖြင့် နိုင်ငံသားဖြစ်ခြင်း အခွင့်အရေး (The Right of Citizenship) တို့၏ ဆက်စပ်မှုကို လေ့လာပါမည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် နိုင်ငံသားဖြစ်ခြင်း အခွင့်အရေးနှင့် ပတ်သက်သည့် အပိုဒ်ခွဲတစ်ပိုဒ်မျှ မပါဝင်ပါ။ အဆိုပါအချက်ကို စာရေးသူသည် မိမိအတွက် သိမြင်နားလည်နိုင်ရန် ခက်ခဲစေခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်ခွဲ-၁၅ (The Universal Declaration of Human Rights Article 15) ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။

ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများတွင် လူ့အခွင့်အရေးနှင့်နိုင်ငံသားဖြစ်ခြင်း အခွင့်အရေးကို တိုက်ရိုက်ချိတ်ဆက်ထားရှိသည့် တိုင်းပြည်နိုင်ငံမရှိပါ။ မိမိတို့ တိုင်းပြည်နိုင်ငံအား လူ့အခွင့်အရေးနှင့် နိုင်ငံသားဖြစ်ခြင်း အခွင့်အရေးကို တိုက်ရိုက်ချိတ်ဆက်ထားရှိနိုင်ရန် ကြိုးစားအားထုတ်နေကြခြင်းမှာ မေးခွန်းထုတ်ဖွယ်ရာ ဖြစ်နေပါသည်။ ဖော်ပြပါကဲ့သို့ အခြေအမြစ်မဲ့ ကြိုးပမ်းအားထုတ်မှုများကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကောင်းမွန်မှန်ကန်ခိုင်မာသည့် ကိစ္စရပ်များကိုပင် စိတ်ချ၊ လက်ချ အတူတကွ ပူးပေါင်းဆောင်ရွက်ရန် သံသယစိတ်များကို ပေါက်ပွားလာစေခဲ့ပါသည်။ မြန်မာတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများအရ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအပေါ်တွင်သာ ယုံကြည်မှုတည်ဆောက်တတ်လေ့ရှိပြီး ကိစ္စရပ်တစ်ခုချင်းအပေါ်တွင် လေ့လာသုံးသပ်ကာ အဓိပ္ပာယ်ရှိသည် (Make Sense)၊ အဓိပ္ပာယ်မရှိဟု ဆုံးဖြတ်ကာ အမြဲတမ်းသံသယဖြင့် နေထိုင်တတ်သည့် သဘောသဘာဝမရှိတတ်ပါ။ ထို့ကြောင့် လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ဖွဲ့သည် အဓိပ္ပာယ်မရှိသည့် လုပ်ရပ်တစ်ခုကို ဆောင်ရွက်ခဲ့ပါက အဆိုပါလူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအပေါ်တွင် ယုံကြည်မှုမှာ ပျက်ပြားသွားပါတော့သည်။

စာရေးသူအနေဖြင့် လူ့အခွင့်အရေးနှင့် နိုင်ငံသားဖြစ်မှု အခွင့်အရေးကို တိုက်ရိုက်ချိတ်ဆက်ထားရှိနိုင်ရန် ကြိုးပမ်းအားထုတ်မှုများကို လေ့လာကြည့်ရာတွင် အောက်ပါအတိုင်းတွေ့ရှိရပါသည်။ 

နိုင်ငံသားဖြစ်ခြင်းအခွင့်အရေးကို လူ့အခွင့်အရေး (Human Right) ကဲ့သို့ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကျော်လွန်ကာ (Universal) ကို တန်းညှိပြုလုပ်နိုင်ရန် ကြိုးပမ်းအားထုတ်နေမှုများကို ရှင်းလင်းတင်ပြနိုင်စေရန်အတွက် အင်္ဂလိပ်စကားလုံး၊ စကားရပ်များကို တိုက်ရိုက်အသုံးပြုထားပါသည်။

Western societies have steadily moved to a condition in which the rights of citizenship are universal. Where these rights are still withheld, conflict is apparent and often violent. (Reference: 1).

ဤဖော်ပြထားချက်အရ အနောက်နိုင်ငံများသည် နိုင်ငံသားဖြစ်ခြင်းအခွင့်အရေးများ (The Rights of Citizenship) ကို  နိုင်ငံတကာအဆင့် (Universal) သို့ တဖြည်းဖြည်းချင်း ပြောင်းလဲအသိအမှတ်ပြုနိုင်စေရန် ကြိုးပမ်းအားထုတ်ခဲ့ကြပါသည်။  နိုင်ငံသားဖြစ်ခြင်း အခွင့်အရေးများကို တန်းညှိနိုင်ရန် ယနေ့ထက်တိုင်ဆုပ်ကိုင် ဆောင်ရွက်မှုများ၏ အကျိုးဆက်အဖြစ် သဘောထားကွဲလွဲမှု၊ အငြင်းပွားမှု၊ ၀ိရောဓိ၊ ပဋိပက္ခများဖြစ်ပေါ်လျက်ရှိသည့်အပြင် တစ်ခါတစ်ရံ ရက်စက်၊ ကြမ်းကြုတ်၊ ပြင်းထန်သော ဖြစ်ရပ်များပင် ဖြစ်ပေါ်စေပါသည်။ စာဖတ်သူများအနေဖြင့် ယခုသဘောတရားသည် မည်သူ့ထံမှ ဆင်းသက်လာသည်ကို ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။

နိုင်ငံတကာအသိုင်းအဝိုင်းတွင်ရှိ အဖွဲ့အစည်း၊ အေဂျင်စီအချို့တို့၏ သဘောသဘာဝကို စာရေးသူ၏ ကိုယ်ပိုင်အမြင်ဖြင့် တင်ပြပါမည်။ အဆိုပါအဖွဲ့အစည်းများသည် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အားနှင့် စစ်ရေးအင်အား နည်းပါးသည့်  နိုင်ငံများအပေါ်တွင် သြဇာကြီးမားပြီး ငွေကြေးထည့်ဝင်မှု များပြားသည့်  နိုင်ငံကြီးများ၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းနိုင်စေရန်အတွက် ဆွဲဆောင်ခြင်း၊ ဖိအားပေးခြင်း၊ တွန်းအားပေးခြင်း၊ မသိမသာ ခြိမ်းခြောက်ခြင်း၊ မသိမသာ အကျပ်ကိုင်ခြင်း နည်းလမ်းများကို ပညာသားပါပါ အသုံးပြုလေ့ရှိကြပါသည်။ အထက်ဖော်ပြပါ ဆောင်ရွက်ချက်များကို ပညာသားပါပါ မတုန့်ပြန်နိုင်ခြင်းနှင့် မသိချင်ယောင်ဆောင်ခြင်းများ ပြုလုပ်နေပါက ၎င်းတို့၏လိုအင်ဆန္ဒသို့ ရောက်ရှိစေသည်အထိ တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပြုလုပ်လာမည် ဖြစ်သည်။ အထောက်အထား ခိုင်မာမှုမရှိဘဲ ကြမ်းတမ်းစွာ ပြောဆိုတုံ့ပြန် ဆောင်ရွက်မည်ဆိုပါလျှင်လည်း မှန်သည်၊ မှားသည်၊ တရားသည်၊ မတရားသည် စသည်တို့ကို အခြေခံမစဉ်းစားဘဲ နိုင်ငံတကာ အသိုင်းအဝိုင်း၏ အင်အားကို အသုံးပြုကာ အမျိုးမျိုးသော ဖိနှိပ်မှုများကို ခံကြရမည်ဖြစ်ပါသည်။  နိုင်ငံတကာအသိုင်းအဝိုင်း၏ တန်ဖိုးစံနှုန်းမှာ လူ့အသက်များကို ကယ်တင်ရန် (Saving Lives) ဖြစ်သော်လည်း ထိုကဲ့သို့သော အခြေအနေတွင် လူ့အသက်များကို သတ်ဖြတ်ခြင်း (Killing Lives) ကို တိုက်ရိုက်မဟုတ်သော်လည်း သွယ်ဝိုက်အားပေးသည့် အခြေအနေသို့ ရောက်ရှိနေတတ်ပါသည်။

နိုင်ငံသားဖြစ်ခြင်း (Citizenship) သဘောတရားနှင့် အခွင့်အရေးများ (Rights) ကို ဆက်စပ်ထားသည့် အခြားအခြေအနေတစ်ရပ်မှာ ပြည်သူ့အခွင့်အရေး (ပြည်သူ့ရပိုင်ခွင့်) ၊ နိုင်ငံရေးအခွင့်အရေး (နိုင်ငံရေးရပိုင်ခွင့်) နှင့် လူမှုရေးအခွင့်အရေး (လူမှုရေးရပိုင်ခွင့်)တို့ ဖြစ်ကြပါသည်။ အဆိုပါအခွင့်အရေးတို့နှင့်ပတ်သက်ပြီး ရှင်းလင်းချက်များကို တိုက်ရိုက်တင်ပြပါသည်။ ဘာသာပြန်ဆိုခြင်း မပြုတော့ပါ။

Civil Rights: (such as liberty of person, freedom of speech, thought and faith, the right to own property and to conclude valid contracts, and the right to justice) Political Rights: (such as the franchise and the right of access to public office) Social Rights: (ranging from the right to a modicum of economic welfare and security to the right to share to the full in the social heritage and to live the life of a civilized being according to the standards prevailing in the society) (Reference: 2).

ထပ်မံပြီး ရှင်းလင်းတင်ပြလိုသည်မှာ စာရေးသူ လေ့လာသင်ယူသိရှိချက်များအရ မိမိတို့တိုင်းပြည်နိုင်ငံသည် (The International Covenant on Civil and Political Rights (ICCPR)) ကို လက်မှတ်ရေးထိုးထားခြင်း မရှိပါ။

အထက်ပါ ဖော်ပြထားချက်များအရ မြန်မာနိုင်ငံသားအဖြစ် တရားဝင်သတ်မှတ်ခြင်း (Myanmar Citizenship) သည် Universal ဖြင့် တန်းညှိထားခြင်း မရှိသကဲ့သို့ အခွင့်အရေးများ (Rights) ဖြင့်လည်း တိုက်ရိုက်ချိတ်ဆက်ထားခြင်း မရှိပါ။ သို့သော်လည်း မြန်မာနိုင်ငံ၏ အခြေအနေနှင့် တည်ရှိဖြစ်ပေါ်နေမှုများကို စနစ်တကျ လေ့လာခြင်းမပြုဘဲ မိမိတို့တတ်ကျွမ်း သိရှိနားလည်မှုများကို မိမိတို့၏အကျိုးစီးပွားနှင့် မိမိတို့ဖြစ်စေလိုသည့် စိတ်ခံစားမှု အလိုဆန္ဒများအပေါ်တွင် အခြေခံကာ လေ့လာတင်ပြထားသည်များကို (Reference: 3) တွင် ဥပမာအနေဖြင့် တွေ့မြင်နိုင်ပါသည်။

ဒုတိယအနေဖြင့် မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) ကို ယခုကဲ့သို့ အတည်ပြုပြဋ္ဌာန်းနိုင်စေရန် မိမိတို့တိုင်းပြည်နိုင်ငံ၏ အခြေအနေအချို့ကို စာရေးသူ၏ အသိ၊ အမြင်ဖြင့် တင်ပြပါမည်။ စာဖတ်သူတို့ သိရှိပြီးဖြစ်သည့်အတိုင်း မိမိတို့တိုင်းပြည်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသည် ကြီးမားကျယ်ပြန့်ပြီး လူဦးရေများပြားသော တရုတ်နှင့် အိန္ဒိယနိုင်ငံကြီးများအပြင် လူဦးရေထူထပ်လှသော ဘင်္ဂလားဒေ့ရှ်နိုင်ငံလည်း တည်ရှိနေပြီး မတူညီသည့် နိုင်ငံရေးစနစ် အမျိုးမျိုးကိုလည်း ကျင့်သုံးလျက်ရှိနေကြပါသည်။

ထို့ပြင် လွတ်လပ်ရေးမရရှိမီ ဂျပန်စစ်အုပ်ချုပ်ရေးခေတ် ရန်ကုန်မြို့တွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေကို တင်ပြပါမည်။

၁၉၄၃ ခုနှစ် မတ်လ၌ ဂျပန်တို့ကောက်ယူခဲ့သည့် “ရန်ကုန်မြို့ သန်ကောင်စာရင်းကောက်ခြင်း” (မူရင်းအတိုင်း) တွေ့ရှိချက်ကို စာအုပ်တွင် ဖော်ပြထားသည့်အတိုင်း တိုက်ရိုက်တင်ပြပါသည်။ “သန်ကောင်စာရင်းကို ကြည့်ရှုခြင်းအားဖြင့် ရန်ကုန်မြို့၏ လူဦးရေမှာ စုစုပေါင်း တစ်သိန်းခုနစ်သောင်း ကိုးထောင်နှစ်ရာ့ကိုးဆယ် (၁၇၉၂၉၀)  ဖြစ်ကြောင်း သိရသည်။ ၁၉၃၁ ခုနှစ်က လူဦးရေ လေးသိန်းလေးရာတစ်ဆယ့်ငါး (၄၀၀၄၁၅) ယောက်နှင့်စာလျှင် ၄၅ ရာခိုင်နှုန်းမျှသာ ရှိသည်။ ၁၉၄၁ ခုနှစ်ကာလက ရှိခဲ့သောဦးရေ ငါးသိန်းရှစ်ရာ (၅၀၀၈၀၀) နှင့် နှိုင်းယှဉ်ကြည့်လျှင်လည်း ၃၆ ရာခိုင်နှုန်းအထိ လျော့နေသည်” (Reference: 4)

ဆိုလိုသည်မှာ လွတ်လပ်ရေးမရရှိမီ မိမိတို့တိုင်းပြည်နိုင်ငံ၏ လူဦးရေသည် တည်ငြိမ်ခြင်းမရှိဘဲ ရုတ်ခြည်းပြောင်းလဲနေသည့် အခြေအနေကို တင်ပြခြင်းဖြစ်ပါသည်။ ဤနေရာတွင် စာရင်းအင်းပညာ ရှုထောင့်အရ တင်ပြပါမည်။ လူဦးရေစာရင်းအင်း (Population Statistics) နှင့် နိုင်ငံသားစာရင်းအင်း (Citizenship Statistics) တို့၏ သဘောသဘာဝ၊ အနေအထားနှင့် အသုံးဝင်မှု အခြေအနေတို့မှာ မတူညီပါ။ လူတိုင်း၊ နေရာတိုင်း၊ အချိန်တိုင်းအတွက် နိုင်ငံသားစာရင်းအင်းကို စနစ်တကျ မှန်ကန်သေချာစွာ မတည်ဆောက်နိုင်လျှင်၊  နိုင်ငံသားအဖြစ် အလွယ်တကူ သတ်မှတ်ခွဲခြားခြင်း မပြုနိုင်ပါက ရေရှည်အနာဂတ်တွင် နိုင်ငံသားများအတွက် အခွင့်အရေး အပြည့်အဝရရှိစေပြီး လေးစားလိုက်နာသည့်  နိုင်ငံအဖြစ်သတ်မှတ်ရန်မှာ မေးခွန်းထုတ်ဖွယ်ဖြစ်နေပါမည်။

တတိယအနေဖြင့် မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) ကို သာမန်နိုင်ငံသားတစ်ဦးအနေဖြင့် လေ့လာတင်ပြပါမည်။ မြန်မာနိုင်ငံသား ဥပဒေ (၁၉၈၂) သည် လွတ်လပ်ရေးမရရှိမီနှင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း အတွေ့အကြုံများကို အခြေခံကာ မိမိတို့တိုင်းပြည် နိုင်ငံတည်ရှိမှုအခြေအနေနှင့် အကိုက်ညီဆုံးဖြစ်စေရန် ရေးဆွဲအတည်ပြု ပြဋ္ဌာန်းထားရှိသည်ကို တွေ့ရှိရပါသည်။ မြေနယ်နိမိတ်အရ ရုတ်ခြည်းလူဦးရေအပြောင်းအလဲများသည့် အခြေအနေတွင် နိုင်ငံသားဖြစ်မှုကို မြေနယ်နိမိတ်အရ အခြေခံခြင်းမပြုဘဲ သွေးသားတော်စပ်မှုအပေါ်တွင် အခြေခံထားရှိခြင်းမှာ မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်ပါသည် ။ မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) တွင် ပါရှိသည့် မြန်မာနိုင်ငံ၏ နိုင်ငံသားအဖြစ် တရားဝင်သတ်မှတ်ခြင်း (Myanmar Citizenship) ၏ သဘောတရားအကျဉ်းချုပ်ကို ပုံတွင်ဖော်ပြထားပါသည်။

မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) သည် အခြေခံအားဖြင့် (၁)  နိုင်ငံသားဖြစ်ခြင်း၊ (၂) ဧည့်နိုင်ငံသားဖြစ်ခြင်း၊ (၃)  နိုင်ငံသား ပြုခွင့်ရသူဖြစ်ခြင်းတို့ကို စိစစ်ခြင်းသာဖြစ်ပါသည်။ ထို့ကြောင့်လည်း ထုတ်ပေးထားရှိသည့် ပန်းရောင်ကတ်ပြားတွင် “နိုင်ငံသားစိစစ်ရေးကတ်ပြား” ဟုသာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ စိစစ်သည့် လုပ်ငန်းစဉ်များသာပါဝင်ပါသည်။ မွေးရာပါ အခွင့်အရေး၊  နိုင်ငံသား အခွင့်အရေး၊ ဧည့်နိုင်ငံသားအခွင့်အရေး၊နိုင်ငံသားပြုခွင့်ရသူအခွင့်အရေး စသည်တို့ကို ယေဘုယျသာ ဖော်ပြထားပြီး မဖြစ်မနေ ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများ၊ တာဝန်ခံမှုများ၊ တာဝန်ယူမှုများကိုလည်း ဖော်ပြထားခြင်းမရှိသဖြင့် အခွင့်အရေးနှင့် တာဝန်ဝတ္တရားများကို အခြေခံပြီး မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) ကို ဝေဖန်အကြံပြုမည်ဆိုပါလျှင် အဓိပ္ပာယ်ရှိမည်မဟုတ်ပါ။

နောက်ဆုံးအနေဖြင့် မိမိတို့တိုင်းပြည်နိုင်ငံက ကျင့်သုံးအကောင်အထည် ဖော်လျက်ရှိသည့် နိုင်ငံသားအဖြစ် တရားဝင်အသိအမှတ်ပြုခြင်း (Citizenship) သဘောတရားအပေါ်တွင် စာရေးသူ၏ သဘောထားအမြင်နှင့် စိန်ခေါ်မှုများကို တင်ပြပါမည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ၃၄ နှစ်ကြာမြင့်ချိန် မြန်မာနိုင်ငံသား ဥပဒေ (၁၉၈၂) ကို ရေးဆွဲအတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်။ ယနေ့ဆိုလျှင် ၃၉ နှစ် သက်တမ်းကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) ကို အခြေခံသည့် အခြေခံကိန်းဂဏန်း အချက်လက်များ (Data) နှင့် သတင်းအချက်အလက်များ (Information) ထုတ်ပြန်ခြင်းကို စာရေးသူအနေဖြင့် ယနေ့အချိန်အထိ တွေ့မြင်ဖူးခြင်းမရှိပါ။ မည်သည့် ကိစ္စရပ်တွင်မဆို မှန်ကန်ခိုင်မာသည့် သတင်းအချက်အလက်မရှိလျင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကမ္ဘာ့နိုင်ငံများကို စနစ်တကျ တုံ့ပြန်ပြောဆိုရန် မဖြစ်နိုင်ပါ။ မိမိတို့အနေဖြင့် မည်မျှမှန်ကန်ပြီး တရားမျှတမှု ရှိနေသည်ဖြစ်စေ မှန်ကန်ခိုင်မာသော သတင်းအချက်အလက်များဖြင့် မတင်ပြ၊ မပြောဆိုနိုင်လျှင် မိမိတို့၏အားနည်းချက်ဖြစ်သွားပြီး မိမိတို့ကပင်မှားသယောင် ဖြစ်သွားပါမည်။

စာရေးသူ၏ အတွေ့အကြုံ၊ လေ့လာသိမြင်ချက်များအရ မိမိတို့ တိုင်းပြည်နိုင်ငံ၏ အဓိကစိန်ခေါ်မှုမှာ စာရင်းမရှိ၊ အင်းမရှိ၊ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားပြီး နံကြားထောက်ဆုံးဖြတ်ကာ တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်နေကြခြင်းပင် ဖြစ်ပါသည်။ စာရေးသူအနေဖြင့် လွတ်လပ်ရေးမရရှိမီ ၁၉၃၁ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၃၇ ခုနှစ်တွင်ဒုတိယအကြိမ်နှင့် လွတ်လပ်ရေးရရှိပြီး ၁၉၅၇ ခုနှစ်တွင် (လွန်ခဲ့သည့် ၆၄ နှစ်ခန့်) တတိယအကြိမ် ထုတ်ဝေသည့် ဆရာကြီးဂျေအက် (စ်) ဖာနီဗယ် (J.S.Furnivall) သတိပေး၊ နိမိတ်ဖတ်ထားသည်ကို တာဝန်ရှိသူများ သိရှိ၊ သတိပြုနိုင်စေရန် တိုက်ရိုက်တင်ပြပါသည်။

“But the inevitable alternative, as I ventured to predict, was, sooner or later, the end of British rule in Burma, followed by a period of anarchy, more or less prolonged and eventually perhaps, the incorporation of Burma in China.” (Reference: 5).

ဤရေးသားတင်ပြချက်အရ “ကျွန်ုပ်အနေဖြင့် မြန်မာ့အနာဂတ်ကို စွန့်စားလျက် ဟောကိန်းထုတ်ရမည်ဆိုပါလျှင် ဗြိတိသျှအုပ်ချုပ်ရေး အဆုံးသတ်ပြီးနောက်များ မကြာမီကာလတွင် မြန်မာပြည်သည် မင်းမဲ့စရိုက်ထူပြောသောကာလကို ဖြတ်သန်းရပါလိမ့်မည်။ နောက်ဆုံးတစ်နေ့ ဖြစ်လာနိုင်သည်မှာ ရွေးချယ်ရန်လမ်းမရှိသည့် တစ်နေ့၌ တရုတ်၏သိမ်းသွင်းမှုကို မလွဲမသွေ လက်ခံသွားရပါလိမ့်မည်။”

အခြားစိန်ခေါ်မှုမှာ မိမိတို့တိုင်းပြည်နိုင်ငံသည် လွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း ၇၃ နှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယနေ့ထက်တိုင် စာရင်းအင်းပညာ၏ အခြေခံဖြစ်သည့် မိမိတို့တိုင်းပြည်နိုင်ငံ၏ အမည်သင်္ကေတကို တစ်သမတ်တည်း ဌာနအားလုံးတူညီစွာ အသုံးမပြုနိုင်သေးခြင်းပင်ဖြစ်ပါသည်။ ဥပမာအားဖြင့် နိုင်ငံကူးလက်မှတ်တွင် “MMR” အသုံးပြုပြီး အချို့သောဌာနများ၌ “MM” or “MYR” or “MYA” စသည်ဖြင့် အမျိုးမျိုး အသုံးပြုလျက်ရှိနေပါသည်။ ထိုနည်းတူစွာ ရန်ကုန်ကို ကားနံပါတ်များတွင် “YGN” အဖြစ် လည်းကောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားတွင် “12/” ဖြင့် လည်းကောင်း အသုံးပြုလျက်ရှိနေပါသည်။

အထက်ဖော်ပြပါ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်စေမည့် နည်းလမ်းတစ်ရပ်ကို တင်ပြလိုပါသည်။ ၂၀၂၀ ပြည့်နှစ် မေ ၂၇ ရက် ကြေးမုံသတင်းစာတွင် မြင့်မြတ်ရန်ပိုင်၏ “လှိုက်လှဲစွာကြိုဆိုရမည့် မြန်မာနိုင်ငံ၏ အီလက်ထရွန်နစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်း” ကို တင်ပြထားသည်မှာ ကျေနပ်အားရဖွယ်ဖြစ်ပါသည်။ စာရေးသူအနေဖြင့် အဆိုပြုလိုပါသည်။ တင်ပြထားချက်အား အနည်းငယ်ပြင်ဆင်ပြီး အလျင်အမြန်၊ အရေးတကြီး၊ ချက်ချင်းဆောင်ရွက်သင့်သည်မှာ မြန်မာနိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူ၍ တစ်ဦးချင်းစီကို Unique Identity (UID) Number တစ်ခုစီပေးပြီး အီလက်ထရွန်နစ်စနစ်ဖြင့် Main Database တွင် မှတ်တမ်းတင်သိမ်းဆည်းထားခြင်း ဖြစ်ပါသည်။

သို့မှသာလျှင် လိုအပ်မည့် Data နှင့် Information ကို အလျင်အမြန်၊ ချက်ချင်းရရှိနိုင်မည် ဖြစ်ပါသည်။ ကျန်ရှိသည့် နိုင်ငံသားမဖြစ်သူ၊ တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိသူ အားလုံးကိုလည်း သီးခြား Database ဖြင့် တစ်ပြိုင်နက်တည်း မှတ်တမ်းတင်သင့်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ မိမိတို့တိုင်းပြည်နိုင်ငံတော်အား ကမ္ဘာ့အလယ်နိုင်ငံတကာ အသိုင်းအဝိုင်းတွင်ဂုဏ်သိက္ခာရှိစွာ ရေရှည်ရှင်သန်ရပ်တည်နိုင်စေရန်အတွက် မိမိတို့တိုင်းပြည်နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းများသည် နိုင်ငံတကာဥပဒေများနှင့် ကိုက်ညီမှုရှိသည်ကို အကြောင်းနှင့်အကျိုး အခြေခံပြီး အခြေခံကိန်းဂဏန်း အချက်အလက်များ (Data) နှင့် သတင်းအချက်အလက်များ (Information) ကို အသုံးပြုကာ ခိုင်မာစွာတု့ံ့ပြန်ပြောဆိုနိုင်ကြစေရန်နှင့် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားရှိသည့် နိုင်ငံတကာ ကတိကဝတ်များ၊ စာချုပ်များ၊ ပဋိညာဉ်များ၊ ပဋိညာဉ်စာချုပ်များတွင် ပါရှိသည့်အချက်များနှင့် မြန်မာနိုင်ငံက ပြဋ္ဌာန်းထားရှိသည့် တည်ဆဲဥပဒေပါအချက်များကို နှိုင်းယှဉ်စိစစ်ပြီး  နိုင်ငံသားများ အလွယ်တကူ သိမြင်၊ ပါဝင်ဆောင်ရွက်နိုင်စေမည့် အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို လမ်းခင်းပြသပေးကြပါရန် တိုက်တွန်းနှိုးဆော် ရေးသားတင်ပြအပ်ပါသည်။

References:

1.    Reinhard Bendix (1964), “NATION-BUILDING AND CITIZENSHIP Studies of our Changing Social Order”, John Wiley & Sons, Inc., 1964, pp-3.

2.    T.H Marshall (1964), “Class, Citizenship and Social Development”, (Garden City, New York: Doubleday & Co., Inc., 1964), pp-71-72.

3.    International Commission of Jurist (ICJ) (2019), “Citizenship and Human Rights in Myanmar: Why Law Reform is Urgent and Possible A Legal Briefing”, June, 2019.

4.    မစ္စတာ အိုးတတက်ဆူနေဇို (ရေးသားပြီး) မစ္စတာ အိုးနိုတိုးရု (မြန်မာဘာသာပြန်) (၁၉၇၅) “ဂျပန်စစ်အုပ်ချုပ်ရေးခေတ် မြန်မာနိုင်ငံ” ၊ ပုဂံစာအုပ်။ စာမျက်နှာ ၁၁၁ - ၁၁၂။

5.    J.S. Furnivall (1957), “An Introduction to the Political Economy of Burma”, People’s Literature Committee & House. (pp-f)