ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သည့် မန်ယူနှင့် အာဆင်နယ်တို့သည် ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ တိုလစ်ဆိုကို ခေါ်ယူရန် အပြိုင်ကြိုးပမ်းနေကြကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။
အသက် (၂၇)နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူ တိုလစ်ဆိုသည် ၂၀၂၂ ဇွန်လ (၃၀)ရက်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ၎င်းကို ယခုနွေရာသီတွင် ရောင်းထုတ်ရန် စီစဉ်နေခြင်းဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် တိုလစ်ဆိုအတွက် စျေးနှုန်းကို ကနဦး ပေါင် (၁၇)သန်း သတ်မှတ်ခဲ့သော်လည်း ကမ်းလှမ်းမှုမရှိသည့်အတွက် ပေါင် (၈.၅)သန်းဖြင့် ရောင်းထုတ်ဖွယ်ရှိနေကြောင်း Bild က ဖော်ပြခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် တိုလစ်ဆိုကို လစာ လျှော့ချရန်နှင့် လိုက်ပ်ဇစ်ကွင်းလယ်လူ ဆာဘစ်ဇာကို ခေါ်ယူရန်အတွက် ယခုနွေတွင် ရောင်းထုတ်လိုနေခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းကိုခေါ်ယူရန် မန်ယူနှင့် အာဆင်နယ်အသင်းအပါအဝင် ဥရောပကလပ်အသင်းများစွာက စိတ်ဝင်စားနေကြကြောင်း သိရသည်။
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် ၂၀၂၂ နွေရာသီတွင် အသင်းမှပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာဖွယ်ရှိနေသည့် ပေါ့ဘာ၏နေရာတွင် အစားထိုးရန် တိုလစ်ဆိုကို အလိုရှိနေပြီး အာဆင်နယ်အသင်းကမူ ကွင်းလယ်တွင် ပါတေးနှင့် တွဲဖက်ပေးရန် ၎င်းကို အလိုရှိနေကြောင်း သိရှိရသည်။
တိုလစ်ဆိုသည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီတွင် ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်ခဲ့ရပြီး ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ (၂၄)ပွဲသာ ကစားပေးနိုင်ခဲ့ကာ (၃)ဂိုး သွင်းယူပေးခဲ့သည်။















