စကားလက် ဂျိုဟန်ဆန်သည် သူမပါဝင်သရုပ်ဆောင်ထားသည့် Black Widow ရုပ်ရှင်ကားကြီးကို ရုံတင်ပြသချိန်နှင့် တစ်ပြိုင်တည်း ရုပ်သံလိုင်းမှ Streaming ပြသခံရသည့်အတွက် ဒစ္စနေကုမ္ပဏီကို စာချုပ်ချိုးဖောက်မှုဖြင့် တရားစွဲဆိုလိုက်သည်။
Black Widow ဇာတ်ကားကြီးကို ကမ္ဘာတစ်ဝန်းရှိ ရုပ်ရှင်ရုံများတွင် ၂၀၂၁ ခုနှစ် ဇွန် ၂၉ ရက်တွင် စတင်ပြသခဲ့ပြီး အမေရိကန် ပြည်ထောင်စုတွင်မူ ဇူလိုင် ၉ ရက်မှ စတင်ကာ ရုံလည်းတင်၊ အခကြေးငွေဖြင့်ကြည့်ရသည့် Disney+ ရုပ်သံလိုင်းမှလည်း တစ်ပြိုင်တည်း ပြသလိုက်သည်။
ကိုဗစ်ကပ်ရောဂါ ကာလဖြစ်သော်ငြားလည်း စူပါဟီးရိုးရုပ်ရှင် Black Widow ရုံတင်ရရှိသည့် Box Office ဝင်ငွေသည် ရုံတင်ပြီးနောက် ပထမသီတင်းပတ်အကုန်တွင် အမေရိကန်ဒေါ်လာ ၂၁၈ သန်းအထိ စံချိန်တင်ရရှိခဲ့သည်။
ပထမသီတင်းပတ်အကုန်တွင် မြောက်အမေရိကတွင် အမေရိကန်ဒေါ်လာသန်း ၈၀၊ နိုင်ငံတကာတွင် ၇၈ သန်းရရှိကာ Disney+ ရုပ်သံပြသမှုမှ သန်း ၆၀ ရရှိခဲ့ခြင်းဖြစ်သည်။
သို့သော် နောက်ပိုင်းရက်များတွင် Box Office ဝင်ငွေမှာ သိသိသာသာလျော့လာပြီး ဂျိုဟန်ဆန်က သူဝင်ငွေများ ရသင့်သလောက် မရတော့ကြောင်း ပြောဆိုလိုက်သည်။
တရားစွဲဆိုမှုကို လော့စ်အန်ဂျလိစ်တွင် ပြုလုပ်ထားခြင်းဖြစ်ပြီး Disney ဘက်ကမူ တစ်စုံတစ်ရာမှတ်ချက်ပေးလာခြင်း မရှိသေးပေ။
ဒစ္စနေ ပိုင်ဆိုင်သည့် Marvel Studios က Black Widow ရုပ်ရှင်ကားကို ရုံတင်မည်ဟု သူမကို ကတိပေးပြောဆိုထားသည့်အတွက် Streaming မပြသမီအချိန်ကာလတစ်ခု ကြာလိမ့်ဦးမည်ဟု သူမနားလည်ထားကြောင်း ပြောသည်။
မင်းသမီးနှင့်နီးစပ်သူများက ဂျိုဟန်ဆန်သည် အမေရိကန်ဒေါ်လာသန်း ၅၀ ခန့် နစ်နာသွားသည်ဟု ခန့်မှန်းပြောဆိုကြသည်။
COVID-19 ကမ္ဘာ့ကပ်ရောဂါမဖြစ်ပွားမီက ဟောလိဝုဒ်ရုပ်ရှင်ပရိသတ်များသည် ရုပ်ရှင်ဇာတ်ကားကြီးများကို ရုပ်ရှင်ရုံတွင်သာ ဦးစွာကြည့်ရှုနိုင်ပြီး ရုပ်သံလိုင်းများတွင် Streaming ကြည့်ရှုနိုင်ရန် အချိန်သုံးလ စောင့်ရလေ့ရှိသည်။
သို့သော် ကပ်ရောဂါဖြစ်ပွားလာချိန် ကြည့်ရှုသူများက ရုံသို့လာရောက်အားပေးမှု နည်းသွားသည့်အတွက် ရုပ်ရှင်ကုမ္ပဏီကြီးများက ရုံတင်ခြင်းနှင့် Streaming ပြသခြင်းကို ရော၍ပြုလုပ်လာကြသည်။
ယခုလည်း Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးက The Suicide Squad ဇာတ်ကားကြီးကို ရှေ့လတွင် ရုံလည်းတင်၊ HBO Max ရုပ်သံလိုင်းတွင်လည်း တစ်ပြိုင်တည်း ပြသသွားမည်ဖြစ်သည်။