ပြီးခဲ့သည့်တစ်ပတ်က ကျင်းပပြီးစီးသွားပြီဖြစ်သည့် ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ် ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ၏ ပွဲစဉ်နှစ်ပွဲအား လုပ်ပွဲပြုလုပ်ကြောင်း သံသယရှိသဖြင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
မည်သည့်ပွဲစဉ်တွင် လုပ်ပွဲပြုလုပ်ခြင်းဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ခြင်းမရှိသော်လည်း အစောပိုင်းအဆင့် တစ်ဦးချင်းပွဲစဉ်နှင့် အမျိုးသားနှစ်ယောက်တွဲပွဲစဉ်တို့ဖြစ်ကြောင်း သိရသည်။
တစ်ဦးချင်းပွဲစဉ်မှာ ငါးပွဲအပြည့် ယှဉ်ပြိုင်ကစားခဲ့ရပြီး ဒုတိယပွဲရလဒ်အတိအကျကို လောင်းကြေးထပ်ခဲ့ခြင်းဖြစ်သလို နှစ်ယောက်တွဲပွဲစဉ်မှာလည်း ပိုရေပန်းစားသည့်အတွဲက ပထမပွဲရှုံးနိမ့်သည့်ရလဒ်ကို လောင်းကြေးထပ်ခဲ့ခြင်းဖြစ်သည်။
ဂျာမနီနိုင်ငံထုတ် Die Welt သတင်းစာကလည်း လုပ်ပွဲသံသယရှိသည့် တစ်ဦးချင်းပွဲစဉ်မှာ ဂျာမနီကစားသမား ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲ ဖြစ်ပြီး ၎င်းအနေဖြင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခံရခြင်းမရှိကြောင်း ဖော်ပြသည်။
ယခုနှစ် ဝင်ဘယ်လ်ဒန်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် (၁)ကစားသမားများ အနိုင်ရဗိုလ်စွဲခဲ့ပြီး အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ဆားဘီးယားတင်း နစ်သမား ဂျိုကိုဗစ်နှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် သြစတြေးလျနိုင်ငံသူ ဘာတီတို့ ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့သည်။
အပြည်ပြည်ဆိုင်ရာ တင်းနစ်သမာဓိအေဂျင်စီ(ITIA)သည် လုပ်ပွဲဖြစ်ရပ်များကို ပြစ်ဒဏ်ကြီးလေးစွာချမှတ်လေ့ရှိပြီး ဧပြီတွင် အာဂျင်တီးနားတင်းနစ်သမား ဖရန်ကိုဖီအစ်ကို ရာသက်ပန် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။















