မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းသည်ကို မြင်တွေ့လိုပြီး ပဋိပက္ခအဆုံးသတ်နိုင်ရေး နိုင်ငံတကာနှင့် လက်တွဲလုပ်ဆောင်မည်ဟု ထိုင်းနိုင်ငံ ကတိပြု

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းသည်ကို မြင်တွေ့လိုပြီး ပဋိပက္ခအဆုံးသတ်နိုင်ရေး နိုင်ငံတကာနှင့် လက်တွဲလုပ်ဆောင်မည်ဟု ထိုင်းနိုင်ငံ ကတိပြု
Published 14 July 2021
Ref : Bangkok Post

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းသည်ကို မြင်တွေ့လိုကြောင်း ထိုင်းနိုင်ငံက ပြောကြားခဲ့ပြီး ပဋိပက္ခကို အဆုံးသတ်နိုင်ရန်အတွက် အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA စင်တာ) အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လက်တွဲအလုပ်လုပ်သွားမည်ဟု ကတိပြုခဲ့သည်။

ဇူလိုင် ၁၂ ရက်က ထိုင်းအစိုးရ ပြောခွင့်ရနှင့် ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ တာနီးဆန်ဂရတ်က အိမ်နီးချင်း မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်ပြီး ထိုင်းအစိုးရ၏ သဘောထားအပေါ် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ယခုလို ပြောဆိုသွားခြင်းဖြစ်သည်။

ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး နိုင်ငံ၏နေရာအများအပြားတွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့်အပေါ် စိုးရိမ်မိကြောင်းနှင့် ယင်းအခြေအနေသည် လူသားချင်းစာနာမှု အကျပ်အတည်း ဖြစ်သည်ဟု ၎င်းက ပြောဆိုခဲ့သည်။

“ အနီးကပ် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံအနေနဲ့ ထိုင်းဟာ မြန်မာပြည်သူတွေရဲ့ ကောင်းကျိုးနဲ့ တည်ငြိမ်အေးချမ်းမှုကို မြင်တွေ့လိုပါတယ်။ ထိုင်းဟာ စိတ်ချလက်ချနေနိုင်တဲ့ အကွာအဝေးမှာ မရှိသလို မြန်မာနိုင်ငံနဲ့ ကုန်းမြေဧရိယာ ၂၄၀၀ ကျော် ထိစပ်နေတဲ့ ပကတိအခြေအနေကို ထည့်သွင်းစဉ်းစားရမှာဖြစ်တယ်” ဟု ၎င်းက ပြောကြားသည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံတွင် စေ့စပ်ဆွေးနွေးမှုများ ပေါ်ပေါက်လာရန် အထောက်အကူပေးနိုင်မည့် ပတ်ဝန်းကျင်တစ်ခုကို ၀ိုင်းဝန်းဖန်တီးပေးရာ၌ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဟု ထိုင်းနိုင်ငံက ယုံကြည်ကြောင်းကိုလည်း ၎င်းက ပြောသည်။ ထို့ကြောင့် ပဋိပက္ခဖြစ်နေသည့်   မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ဆွေးနွေးမှုများ အမြန်ဆုံး စတင်နိုင်ရန် အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်ခြင်းကို ထိုင်းနိုင်ငံက မြင်တွေ့လိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ မြန်မာနိုင်ငံမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအကြား စေ့စပ်ဆွေးနွေးမှုတွေ မရှိဘူးဆိုရင် COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုအပါအဝင် လက်ရှိကြုံနေရတဲ့ စီးပွားရေးနဲ့ လူသားချင်းစာနာမှု ပြဿနာတွေကို ဖြေရှင်းရာမှာ ထိရောက်မှုရှိမှာ မဟုတ်ဘူး” ဟု ၎င်းက ပြောကြားသည်။

AHA စင်တာအနေနှင့် အထူးသဖြင့် အများပြည်သူ ကျန်းမာရေးကဏ္ဍတွင် အကူအညီလိုအပ်နေသော မြန်မာပြည်သူ အများအပြားအတွက် အာဆီယံအဆင့် ကူညီထောက်ပံ့မှုများကို တတ်နိုင်သမျှ အမြန်ဆုံး စတင်လုပ်ဆောင်နိုင်ရန် ထိုင်းနိုင်ငံက ဆန္ဒရှိနေသည်ဟု ထိုင်းအစိုးရပြောခွင့်ရ တာနီးဆန်ဂရတ်က ပြောကြားသည်။

မြန်မာ့တပ်မတော်ဟာ ထိုင်းနိုင်ငံ နယ်စပ်အနီးအပါအဝင် တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်ရာ ဒေသတွေမှာ တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် ထိုင်းနိုင်ငံထဲကို ဒုက္ခသည်တွေ စုုပြုံဝင်ရောက်လာနိုင်တဲ့အပေါ် စိုးရိမ်မှုတွေ မြင့်တက်နေတာပါ။

မြန်မာနိုင်ငံသို့ စစ်လက်နက်တင်ပို့မှုကို တားမြစ်မည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မဲခွဲဆုံးဖြတ်မှုအတွင်း ထိုင်းနိုင်ငံက မဲမပေးဘဲ ကြားနေခဲ့သည့်အတွက် ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရသည်။

ထို့ပြင် ထိုင်းအစိုးရအနေဖြင့် တက်ကြွလှုပ်ရှားသူများကို နယ်စပ်တွင်ရှိသည့် ဒုက္ခသည်များထံ အကူအညီများ ပေးပို့ခွင့်မပြုခဲ့သည့် ကိစ္စအပြင် မြန်မာ့တပ်မတော်အား လျှို့ဝှက်၍အကူအညီပေးမှုကြောင့် လူသားချင်းစာနာမှု အကျပ်အတည်း ပိုဆိုးရွားလာသည့်အပေါ် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်းကိုလည်း ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြထားသည်။

Most Read

Most Recent