အက်သလက်တီကိုကွင်းလယ်ကစားသမားသစ် ဒီပေါလ်က မိမိအနေဖြင့် အသင်းနှင့်အတူ စိန်ခေါ်မှုများကို ရင်ဆိုင်ရန်အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
အက်သလက်တီကိုအသင်းသည် အူဒီးနီးစ်အသင်းမှ အာဂျင်တီးနားကွင်းလယ်လူ ဒီပေါလ်(၂၇ နှစ်)ကို ယူရို(၃၅)သန်း ဝန်းကျင်ဖြင့် ခေါ်ယူကာ (၅)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။
ဒီပေါလ်သည် ၂၀၁၆ ခုနှစ်တွင် အူဒီးနီးစ်အသင်းသို့ မပြောင်းရွှေ့မီ ဗလင်စီယာအသင်းတွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ ကစား ခဲ့ဖူးသူဖြစ်ပြီး အက်သလက်တီကိုအသင်းကို ကောင်းကောင်းသိကြောင်း ပြောကြားခဲ့သည်။
ဒီပေါလ်က "လာလီဂါချန်ပီယံအသင်းကို ပြောင်းရွှေ့ခွင့်ရလို့ ကျွန်တော် အရမ်းပျော်ပါတယ်။ အက်သလက်တီကိုအသင်းနဲ့အတူ စိန်ခေါ်မှုသစ်တွေကို ရင်ဆိုင်ဖို့ အသင့်ပါပဲ။ ကိုပါအမေရိကချန်ပီယံဆုကို ရရှိခဲ့တာကြောင့် ရည်မှန်းချက်တွေကို ဖြည့်ဆည်းဖို့ ခွန်အားတွေ ပိုရှိလာခဲ့ပါတယ်။ စပိန်မှာ ကစားဖူးတာကြောင့် အက်သလက်တီကိုအကြောင်း ကျွန်တော် ကောင်းကောင်းသိပါတယ်"ဟု ဆိုခဲ့သည်။
ဒီပေါလ်သည် ပြီးခဲ့သည့်ရာသီ အူဒီးနီးစ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၈)ပွဲကစားရာတွင် (၉)ဂိုး သွင်းယူပေးခဲ့သည်။















