အတိုင်ပင်ခံပုဂ္ဂိုလ်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ယခင်အမှုဖွင့်လှစ်ထားသည့် တစ်မှုအပါအဝင် အမှုလေးမှုဖြင့် ထပ်တိုးတရားစွဲဆို

အတိုင်ပင်ခံပုဂ္ဂိုလ်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ယခင်အမှုဖွင့်လှစ်ထားသည့် တစ်မှုအပါအဝင် အမှုလေးမှုဖြင့် ထပ်တိုးတရားစွဲဆို
Published 12 July 2021
 အောင်မင်းသိန်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ယခင်အမှုဖွင့်လှစ်ထားသည့် တစ်မှုအပါအဝင်အမှုလေးမှုထပ် တိုးစွဲဆိုထားပြီး လာမည့်ရုံးချိန်းတွင် ရှေ့နေ ပါ၀ါယူမည်ဖြစ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်၏ အမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

“ မန္တလေးက အဂတိက အမေတစ်ဦးတည်းကို နှစ်မှုလို့ ပြောတယ်။ နောက်ထပ်နှစ်မှုကတော့ တစ်မှုက အမေအပါအဝင် ဒေါက်တာမျိုးအောင်ရယ်၊ ဦးရဲမင်းဦးရယ်၊ ဦးမင်းသူရယ် သုံးဦး၊ အမေအပါအဝင် လေးဦး၊ နောက်တစ်မှုကလည်း အမေအပါအဝင် သုံးဦးကတော့ ဘယ်သူတွေလဲဆိုတာ မသိရသေးပါဘူး။ အဲဒီလေးမှုနဲ့ စွဲထားတယ်လို့ ပြောတာပါ။ အဲဒါကို ၂၂ ရက်နေ့ ရုံးချိန်းကျမှ ကျွန်မတို့ အကုန်လုံးကို အတိအကျ သိရမှာပါ” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ဇူလိုင် ၁၂ ရက်တွင် ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ ဇူလိုင် ၂၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၌ ရုံးချိန်းချိန်းဆိုထားကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက “ မနက်ဖြန်(ဇူလိုင် ၁၃ ရက်) ကျရင် ကျွန်မတို့ အမေတို့၊ ကျန်တဲ့သူတွေပေါ့၊ ဒေါက်တာမျိုးအောင်တို့၊ အမေတို့ဆီက ပါ၀ါယူမယ်။ ယူပြီးတော့ ကျန်တဲ့ ဦးမင်းသူတို့ ဘာတို့ကိုကျတော့ ဦးရဲမင်းဦးတို့ကိုကျတော့ ဘယ်လိုလုပ်မလဲတော့ တိုင်ပင်ရဦးမှာပေါ့။ လောလောဆယ် အမေ့ဆီကတော့ ပါ၀ါယူပြီးမှ ကျွန်မတို့ တင်မှာပါ” ဟု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဦးဖြိုးမင်းသိန်းနှင့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးမောင်ဝိတ်တို့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ငွေကြေးနှင့် အခြားပစ္စည်းများ ပေးခဲ့ရသည့်ဆိုသော ထွက်ဆိုချက်များကိုလည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ဖူးသည်။

နေပြည်တော်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်ခဲ့သည့် လရောင် တောစိုက်မွေး ပညာသင်တန်းကျောင်း စီမံကိန်းဆောင်ရွက်ရန်အတွက် ဥတ္တရသီရိမြို့နယ်ရှိ တစ်ဆက်တည်းဖြစ်သော မြေဧရိယာ ၁၀၁ ဒဿမ ၃၃ ဧကနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ မြေဧက ၂၃ ဒဿမ ၈၅၅ ဧက လျှောက်ထားရယူရာတွင် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျော်လွန်၍ ခွင့်ပြုပေးခဲ့သည်ဟု ဆိုကာ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် လေးဦးကို ယခင်ကတည်းက အမှုဖွင့်လှစ်ထားသည်။

Most Read

Most Recent