ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ချောင်းသာမြို့ ချောင်းသာကမ်းခြေတွင် ဇွန် ၂၇ ရက်က လင်းပိုင်သုံးကောင် လာရောက်သောင်တင်မှုကြောင့် ရေအေးစီးကြောင်းအတွင်း ပြန်လည်ပို့ဆောင်ပေးခဲ့ရကြောင်း သတင်းရရှိသည်။
ဇွန် ၂၇ ရက် နံနက် ၁ဝနာရီ မိနစ် ၃၀ ခန့်တွင် အားကာရုံးရှေ့၌ လင်းပိုင် ဒေသအ ခေါ် လင်းရှူးအရှင်နှစ်ကောင် လာရောက် သောင်တင်ခဲ့သောကြောင့် ဒေသခံများနှင့် တာဝန်ရှိသူများပူးပေါင်းကာ သဲဖြူကျွန်းအနောက်ဘက် ကျောက်ဖားကြီးအနီး ရေအေးစီးကြောင်းအတွင်းသို့ စက်လှေများနှင့် တင် ဆောင်ကာ သွားရောက်လွှတ်ပေးခဲ့ရကြောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင်လည်း ရွှေဟင်္သာဟိုတယ်ရှေ့အနီး သောင်ပြင်တွင် လင်းပိုင်တစ် ကောင် ထပ်မံသောင်တင်နေသောကြောင့် ကျောက်ဖားကြီး ရေအေးစီးကြောင်းအတွင်း ထပ်မံသွားရောက် လွှတ်ပေးခဲ့ရကြောင်း သိရသည်။
“မနက်ပိုင်းက အားကာရုံးရှေ့မှာ လာပြီး သောင်တင်နေတော့ ကျွန်တော်တို့သွားပြီး တော့ သူတို့ကို စက်လှေပေါ်တင်ပြီး ကျောက်ဖားကြီးအနောက်ဘက် ရေအေးစီးကြောင်းထဲ သွားလွှတ်လိုက်တယ်။ နေ့ခင်းပိုင်းကျတော့လည်း တစ်ကောင်လာထပ်တင်လို့ သွားထပ် လွှတ်ပေးရတယ်။ လင်းပိုင်တွေက အဲဒီလို ရေနက် ရေအေးစီးကြောင်းထဲ သွားပြန်လွှတ်မှ အဲဒီလိုမဟုတ်ရင် သူတို့က ကမ်းဘက်ပြန် လာကြတယ်။ အခုလည်း တစ်ကောင်ကမ်း ကပ်လာပြန်ပြီပြောလို့ ကျွန်တော်သွားကြည့် နေတာ” ဟု ချောင်းသာမြို့ စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးကျော်သူက ဇွန် ၂၇ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ပြောကြားသည်။
ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေ များသို့ မိုးတွင်းကာလများတွင် လင်းပိုင်များ မကြာခဏ လာရောက်သောင်တင်တတ်ပြီး ဒေသခံရေလုပ်သားများ၏ ငါးဖမ်းပိုက်များ နှင့် မထိခိုက်စေရန် တာဝန်ရှိသူများက သတိ ပေးလှုံ့ဆော်မှုများ လုပ်ဆောင်နေရကြောင်း သိရသည်။















