ယူရို-၂၀၂၀ ပြိုင်ပွဲဝင် ဝေးလ်စ်လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်ဖြစ်သူ ဂါရတ်ဘေးလ်က လက်ရှိတွင် မိမိတို့အသင်းအနေဖြင့် လွန်ခဲ့သည့် (၃)နှစ်ကထက် ပိုမိုကောင်းမွန်သည့် အသင်းဖြစ်လာသည်ဟု ခံစားရကြောင်းပြောကြားခဲ့သည်။
ဝေးလ်စ်အသင်းသည် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ရှုံးထွက် (၁၆)သင်းအဆင့်သို့တက်ရောက်နိုင်ခဲ့ပြီး ဇွန် (၂၆) ရက် (ယနေ့မြန်မာစံတော်ည ၁၀း၃၀ နာရီ) တွင် ဒိန်းမတ်အသင်းနှင့် ရှုံးထွက်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ယခုကဲ့သို့ရှုံးထွက် (၁၆)သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ဘေးလ်က အသင်း၏ အတိတ်နှင့် လက်ရှိအခြေအနေကွာခြားချက်များကို ခံစားသိရှိကြောင်းနှင့် မိမိတို့အားလုံး သက်သောင့်သက်သာပိုဖြစ်လာကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒိန်းမတ်အသင်းနှင့်ယှဉ်ပြိုင်မည့်ပွဲအတွက်ပြုလုပ်သော ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဘေးလ်က ''လွန်ခဲ့တဲ့ (၃)နှစ်ကနေယှဉ်လိုက်ရင် ကျွန်တော်တို့ဟာ ပိုမိုကောင်းမွန်တဲ့အသင်းတစ်သင်းဖြစ်လာပါပြီ။ ကျွန်တော်တို့အနေနဲ့ အခြေအနေတော်တော်များများမှာလည်း ပိုပြီးသက်သောင့်သက်သာဖြစ်လာပါတယ်။ ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့အတိတ်ကာလနဲ့ လက်ရှိအချိန်ခြားနားချက်တွေကိုလည်း ခံစားမိပါတယ်'' ဟုပြောကြားခဲ့သည်။
ဝေးလ်စ်အသင်းသည် ယူရို-၂၀၂၀ အုပ်စုပွဲစဉ်များတွင် အုပ်စု (A)၌ အီတလီ၊ ဆွစ်ဇာလန်၊ တူရကီအသင်းများနှင့်အတူကျရောက်ခဲ့ပြီး (၁)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံး ရမှတ် (၄)မှတ်ဖြင့် အီတလီ (၉ မှတ်)နောက် အုပ်စုဒုတိယရကာ ရှုံးထွက် (၁၆)သင်းအဆင့်သို့တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဝေးလ်စ်အသင်းသည် ယူရိုပြိုင်ပွဲအား (၂)ကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ယူရို-၂၀၁၆ တွင် ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့သောအသင်းဖြစ်သည်။















