စိုက်ပျိုးရေးသွင်းအားစုများ၏ ဈေးနှုန်းကြီးမြင့်မှုဒဏ် တောင်သူတွေခံရဦးမည်

စိုက်ပျိုးရေးသွင်းအားစုများ၏ ဈေးနှုန်းကြီးမြင့်မှုဒဏ် တောင်သူတွေခံရဦးမည်
ဆန်တင်ကုန်ကားများကို မူဆယ် ၁၀၅ မိုင်ဝန်းကျင်တွင် ယခုရက်ပိုင်းအတွင်း တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းလောဝ်ဟန်)
ဆန်တင်ကုန်ကားများကို မူဆယ် ၁၀၅ မိုင်ဝန်းကျင်တွင် ယခုရက်ပိုင်းအတွင်း တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းလောဝ်ဟန်)
Published 13 June 2021
ပြည့်စုံ (မူဆယ်)

ယခုနှစ် မိုးဦးဝသန်မှာ စိုက်ပျိုးရာသီ စတော့မည်။ မိုးတို့နှင့်အတူ တောင်သူဦးကြီးတို့၏ မလွဲမသွေ ကြုံရမည့်အကြောင်းအရာကရှိနေသည်။

ထိုအကြောင်းအရာက အခြားမဟုတ်။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်း တင်သွင်းသည့်ဓာတ်မြေသြဇာဈေး နှစ်ဆမြင့်တက်နေခြင်း၊ စက်သုံးဆီဈေး မြင့်တက်နေခြင်း၊ စိုက်ပျိုး‌ရေးသွင်းအားစုများ၏‌ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့်အတူ မိုးစပါးစိုက်ပျိုးရာသီအတွက် စပါးစိုက်ပျိုးစရိတ် မြင့်တက်လာခြင်းတို့ကြောင့် တောင်သူများအခက်အခဲနှင့် ကြုံတွေ့လျက်ရှိသည်။

ယခုနှစ်မိုးစပါးစိုက်ရာသီတွင် ဓာတ်မြေသြဇာ၊ စက်သုံးဆီနှင့် စိုက်ပျိုးရေးသွင်းအားစုများ ဈေးနှုန်းမြင့်တက်ခြင်းကြောင့် စပါးစိုက်တောင်သူများ လယ်ယာစိုက်ပျိုးရန်ခက်ခဲမှုများ ကြုံတွေ့မည်ကို စိုးရိမ်နေကြသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအ‌နေအရ မြန်မာ့ငွေကြေးတန်ဖိုးကလည်း ဆက်တိုက်ကျဆင်းနေပြီး တရုတ်ငွေကြေးတန်ဖိုး မြင့်တက်လာခြင်းကြောင့် တရုတ်နိုင်ငံမှတင်သွင်းသည့် ဓာတ်မြေသြဇာဈေးမှာ ယခင်ထက် နှစ်ဆပိုမိုမြင့်တက်လျက်ရှိသလို ဒေါ်လာဈေးမြင့်တက်မှုကြောင့်လည်း စက်သုံးဆီဈေးနှုန်းများမှာ ဆယ်စုနှစ်အတွင်းအမြင့်ဆုံးသို့ ရောက်ရှိ‌နေသည်။

ထို့အတူ ဘဏ်လုပ်ငန်းလည်ပတ်မှု တုံ့ဆိုင်းနေခြင်းကြောင့် စီးပွားဖွံ့ဖြိုးမှုအတွက်သာမက စိုက်ပျိုးတောင်သူများထံသို့ပါ ရိုက်ခတ်လာသည်။

အဆိုပါဂယက်ဒဏ်ကို တောင်သူဦးကြီးဦးသိန်းက “ယခုမိုးစပါးစိုက်ပျိုးဖို့ လယ်စရိတ်တွေလိုတာပေါ့။ ဘဏ်တွေကလည်း လိုသလောက်ထုတ်လို့မရ။ ကိုယ့်ငွေကို တချို့ကအပ်ထားတယ်။ ဒါပေမဲ့ အကုန်ထုတ်လို့မရဘူး။ တစ်ပတ်မှ တစ်သိန်းဆို‌တော့ တစ်သိန်းတည်းနဲ့ ဘယ်လိုမှသွားအလုပ်လုပ်လို့မရ။ ယခုမိုးစပါးကပိုဆိုးပြီ။ ဒီဇယ်ဈေးတွေကတက်နေပြီ။ စက်နဲ့လုပ်တဲ့သူတွေအတွက်က ဒီဇယ်ဈေးတောင် တစ်ပေပါကို ၂၂၀၀၀၀ ကျော်နေပြီ။ ယခင်က ၁၈၀၀၀၀ ကျော်လောက်ပဲရှိတာ။ မြေသြဇာလည်း ယခု ၄၀၀၀၀ ‌ကျော်နေပြီ။ ယခင်က ၁၈၀၀၀ ပဲရှိတာ။ လယ်ယာစိုက်ပျိုး‌ရေးအတွက် လိုအပ်တဲ့သွင်းအားစုတွေက ဈေးကအကုန်တက်နေတယ်။ အကျတစ်ခုမှမရှိဘူး။ မြေသြဇာ၊ ပေါင်းသတ်ဆေးအားလုံးဈေးတွေက အတက်ချည်းပဲ။ ဒါကြောင့်လယ်စိုက်ဖို့ ခက်ခဲနေကြတယ်” ဟု  ပြောကြားသည်။

ထို့နောက် ၎င်းကပင် “အလုပ်သမားခတောင် အကုန်မထုတ်ပေးနိုင်ဘူး။ ပိုက်ဆံမရှိတဲ့အတွက် အကုန်မရှင်းနိုင်ဘဲ တချို့တစ်ဝက်ပဲ ထုတ်ပေးနိုင်သေးတယ်။ အလီလီခွဲထုတ်ပေးနေရတာ။ ရှိတဲ့ ရွှေပေါင်တာတောင် ချေးငှားမယ့်လူတောင် မရှိတော့ဘူး။ မြေသြဇာဝယ်ဖို့တောင် ပိုက်ဆံမရှိဘူးဆိုတော့ ဒီနှစ်မိုးစပါး ဘယ်လိုစိုက်ကြမလဲဆိုတာတောင်မသိပါဘူး။ ရသလောက်ပဲ လုပ်ရမှာပေါ့။ အထွက်နှုန်းတွေက ကျရင်တော့ကျမှာပေါ့။ ပြောလို့တော့မရသေးဘူး။ အားလုံကတော့ တည်ငြိမ်နေတဲ့ရေပြင်မှာ ခဲကျသလို ဂယက်ရိုက်ခတ်တဲ့သဘောပါပဲ” ဟု ဆက်လက်ပြောကြားသည်။

ယခုအခါ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်း တင်သွင်းသည့်ဓာတ်မြေသြဇာဈေးနှစ်ဆခန့် မြင့်တက်လာနေခြင်း၊ စက်သုံးဆီဈေးများ မြင့်တက်နေခြင်းတို့‌ကြောင့် လာမည့်မိုးစပါးစိုက်ပျိုးရာသီအတွက်  စိုက်ပျိုးစရိတ်မြင့်တက်နိုင်မည့်အ‌ပေါ် တောင်သူများအတွက် အခက်အခဲများ ဖြစ်ပေါ်မည်ဟု ရှုမြင်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက “ဒီနှစ်မှာ ပြည်ပကသွင်းလာတဲ့ ဓာတ်မြေသြ ဇာကတော့ သိသိသာသာဈေးတက်သွားတယ်။ ဒါကြောင့် ဒီနှစ်မိုးစပါးစိုက်တဲ့အချိန်အခါမှာ စိုက်ပျိုးစရိတ်က ပြီးခဲ့တဲနှစ်တွေထက်ပိုပြီးတော့ တစ်ဧကကို စိုက်ပျိုးစရိတ် ပိုမိုကုန်ကျမယ်။ အဓိကကတော့ ကျွန်တော်တို့ လယ်ယာစိုက်ပျိုးရေးမှာ အဓိကသုံးတဲ့ မြေသြဇာက တရုတ်ပြည်ကသွင်းရတယ်။ တရုတ်ပြည်က သွင်းရတဲ့အချိန်အခါ မြန်မာငွေ‌ဈေးကျဆင်းမှုနဲ့အတူ မြေသြဇာဈေးက ဈေးတက်သွားတာ တွေ့ရတယ်။ ဒါကြောင့် မိုးစပါးစိုက်ပျိုးမှုမှာတော့ ကုန်ကျရိတ်က ပြီးခဲ့တဲ့နှစ်ထက် ပိုမိုများပြားလာမယ်လို့တော့ ရှုမြင်ပါတယ်။ နောက်မိုးတွင်းမှာ စိုက်ပေမဲ့ ရာသီဥတုက ဘယ်လိုဖြစ်လာမယ် မသိသေးဘူး။ ရာသီဥတုပေါ် မူတည်ပြီး ကြည့်ရမှာပဲ။ သဘာဝဘေးအန္တရာယ်တွေ၊ ရေကြီးတာတို့၊ မိုးကြီးတာတွေကြောင့် လယ်ယာမြေ ဘယ်လောက် ဆုံးရှုံးမလဲ။ ဒါတွေး ကြည့်ပြီး‌တော့ပဲ မိုးစပါးအထွက် ကောင်းမလား မကောင်းဘူးလားဆိုတာ ခန့်မှန်းရမှာပါ။ ဒါကြောင့် ပြောဖို့တော့ စောသေးတယ်။ ဒါပေမဲ့ စိုက်ပျိုးစရိတ်ကတော့ ပိုသွားမှာတော့ ကြိမ်းသေတယ်” ဟု ပြောကြားသည်။

ထို့အတူ ရှမ်းပြည်နယ် စပါးစိုက်တောင်သူဦးကြီးတို့၏ဘဝကလည်း အခက်အခဲဆုံးအချိန်နှင့် ရင်ဆိုင်နေရသည်။

လတ်တလော ရင်ဆိုင်နေရချိန်တွင် တရုတ်ပြည်သို့ ဆန်တင်ပို့ရောင်းချရာ၌ တရုတ်နိုင်ငံမှ ကိုဗစ်အကြောင်းပြပြီး ကုန်တင်ယာဉ်များ ဝင်ထွက်သွားလာခွင့်ကို ကန့်သတ်ထားသဖြင့် မြန်မာ့ဆန်များ တရုတ်ပြည်တွင်း ဝင်ရောက်ရောင်းချရာတွင် အခက်အခဲအကျပ်အတည်းများဖြင့် ရင်ဆိုင်ရလျက်ရှိသောကြောင့် ရှမ်းဆန်စိုက်ပျိုးသည့် တောင်သူများအနေဖြင့်ဆန်များကိုဒေသတွင်း ဆန်ဆိုင်ငယ်များတွင် လိုက်လံရောင်းချနေရသည်ဟု သိရသည်။

“အခုမိုးစပါးစိုက်တဲ့အခါ ‌စိုက်ပျိုးစရိတ်မြင့်တက်လာမှာဖြစ်လို့ တောင်သူတွေအကျိုးအမြတ်မရှိမှာတော့ စိုးရိမ်ရတယ်။ ဒေသထွက် ရှမ်းဆန်စိုက်တောင်သူတွေအတွက် ပိုဒုက္ခရောက်တယ်။ ရှမ်းဆန်‌တွေက လချီကြာရင်မ‌ကောင်းဘူး။ ရှမ်းဆန်တွေက အခုဆို တရုတ်ပြည်ထဲဝင်ရတာ ကြန့်ကြာတာရယ်၊ ဈေးမကိုက်တာရယ်ကြောင့်  ဆန်ဆိုင်လေးတွေကိုလိုက်စပ်ပြီး  ရောင်းနေရတဲ့အခြေအနေဖြစ်နေပြီ” ဟု မူဆယ်မြို့မှ ဆန်ကုန်သည် ဒေါ်အေးသီတာမွန်က ပြောကြားသည်။

ထိုသို့ မိုးဦးဝသန်ကာလ၌  မြန်မာငွေကြေးတန်ဖိုးကျဆင်း ခြင်း၊ နိုင်ငံခြားငွေကြေးတန်ဖိုးမြင့်တက်ခြင်းနှင့် ဘဏ်လုပ်ငန်းတုံ့ဆိုင်းနေမှုဂယက်ဒဏ်ကို အလွှာအသီးသီးမှ ပုဂ္ဂိုလ်များလည်း ခံစား‌နေရသည်ဟု ဆိုသည်။

အဆိုးထဲကအကောင်းပဲပြောရမလား။ ယခုအချိန်အထိ ဆန်ဈေးနှုန်းမြင့်တက်မှုက ပမာဏအနည်းငယ်သာရှိ၍ တော်သေးသည်။

ဇွန် ၁၁ ရက် ရန်ကုန်ဆန်စပါး ကုန်သည်ကြီးများအသင်းက ထုတ်ပြန်သော ဆန်စျေးနှုန်းများမှာ ဆန်ထွက်ရှိသော‌‌ ဒေသအလိုက် ပေါ်ဆန်းဆန်တစ်အိတ်လျှင် ကျပ် ၃၄၀၀၀ မှ ကျပ် ၅၁၅၀၀၊ တောင်ပျံတစ်အိတ်လျှင် ကျပ် ၄၁၀၀၀ မှ ကျပ် ၄၂၀၀၀၊ ပေါ်ကျွဲတစ်အိတ်လျှင် ကျပ် ၃၀၀၀၀ မှ ကျပ် ၃၂၀၀၀ ၊ သီးထပ်တစ်အိတ်လျှင် ကျပ် ၂၂၅၀၀ မှ ကျပ် ၂၃၈၀၀ အသီးသီးရှိပြီး ဒေသအလိုက် ဈေးကွာခြားမှုရှိနိုင်သည်ဟု ဖော်ပြထားသည်။

ဆန်စျေးနှုန်းများမှာ ဒေသအလိုက်ဈေးကွာခြားမှု ရှိနိုင်သော်လည်း ယခင်ကဆန်အမျိုးအစားပေါ် မူတည်၍ ယခင်ဈေးနှုန်းထက် ဆန်နု ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၅၀၀ မှ ၂၀၀၀ ကျပ်ကြား၊ ဆန်ကြမ်း ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၅၀၀ မှ ကျပ် ၂၀၀၀ ကားခအနေဖြင့်သာ တက်သွားကြောင်း ဆန်ရောင်းဝယ်သူများကဆိုသည်။

“ဆန်ဈေးကတော့ တစ်နိုင်ငံလုံးသိပ်မတက်ပါဘူး။ အောက်မှာဝယ်လည်း ဆန်ဈေးကသိပ်မတက်ဘူး။ ကားခဈေးလောက်ပဲ ဈေးတက်သွားတယ်။ နောက်မူဆယ်လမ်းကြောက ကုန်သည်တွေကနေပြီး လမ်းမှာရှိသမျှတွေကို ကုန်သည်တွေက ဆောင်ရတာဆိုတော့ ကားခနဲ့အဲဒါလေးပဲ ဈေးတက်သွားတာ။ ကျွန်မတို့က တချို့ဆန်တွေကို ဒီကာလမှာစျေးတောင် လျှော့ရောင်းပေးနေပါတယ်။ ဆန်ဈေးကတော့ အရမ်းမတက်နိုင်ပေမဲ့ ဆန်ကတော့များမှာ။ ဘဏ်တွေက ငွေထုတ်မရတော့ ဝယ်မယ့်သူနည်းမှာ၊ ဆန်ဈေးကတော ့ပြုတ်မယ့်သဘောရှိတယ်။ ခါတိုင်းနှစ်ဆိုရင် ဒီအချိန်ဆန်ဝယ်ဖို့ဆင်းကြပြီ။ ခါတိုင်းဆို တရုတ်ဘက်ကိုသွင်းဖို့ ကုန်သည်တွေ ခရီးထွက်ဖို့ပြင်ဆင်နေကြပြီ။ နွေဆန်တွေဝယ်နေကြပြီ။ အခုနွေစပါးပေါ် တာတောင်ကြာပြီ။အခုဘယ်သူမှ ဘာမှလုပ်မရတော့ ငုတ်တုတ်ထိုင်နေရတယ်။ငွေကလည်းချေလို့မရ၊ ဘဏ်တွေကလည်း လိုသလောက် ထုတ်လို့မရတာကလည်းပါတယ်။မူဆယ်က ၁၀၅ မိုင်မှာ အခွန်ဆောင်ပြီးသား တချို့ဆန်ကားတွေတောင် တချို့ကုန်သည်တွေ အောက်ကိုပြန်သယ်နေကြတာ။  မူဆယ်အပေါက် မန်းဝန်းပေါက်ကလည်းသွားမရ။ ဟိုဘက်ကလည်းမကိုက်တော့ လွန်ခဲ့တဲ့နှစ်ရက်က မန္တလေးပြန်ပို့နေရတယ်” ဟု  ဆန်ရောင်းဝယ်ရေးပြုလုပ်နေသူ ဒေါ်အေးသီတာမွန်က ပြောကြားသည်။

အလားတူ မူဆယ်ဆန်စပါး ကုန်စည်ဒိုင်ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းကလည်း “မိုးစပါးက မစိုက်သေးဘူး။ နွေစပါးက မေလလောက်ကတည်းက ရိတ်သိမ်းလို့ ပြီးသွားပါပြီ။ ပြောရမယ်ဆို ဒီနှစ်နွေစပါးကလည်း ပြီးခဲ့တဲ့ ၂၀၂၀-၂၀၁၉ ခုနှစ်ထက်စာရင် ဒီနှစ်နွေစပါးနည်းတယ်။ အထွက်နှုန်းကကျတယ် ခေါ်ရမှာပေါ့။ ဒီအတွက်ဆန်ဈေးကတော့ မသိမသာနည်းနည်းလေး ဈေးတက်လာတော့ တွေ့ရတယ်။

မိုးစပါးကိုတော့ အောက်မြန်မာပြည်မှာ ဇွန်လအလယ်လောက်မှာ စပျိုးတော့မယ်။ ဇူလိုင်လဆန်းမှာ မိုးစပါးစိုက်မယ်။ ဇွန်လကုန်ရင်တော့ မိုးစပါးစိုက်ပျိုးလို့ပြီးသွားပြီ။ ဒီနှစ်မှာ ပြည်ပကသွင်းလာတဲ့ ဓာတ်မြေသြဇာကတော့ သိသိသာသာ ဈေးတက်သွားတယ်။ ဒါကြောင့် ဒီနှစ်မိုးစပါးစိုက်တဲ့ အချိန်အခါမှာ စိုက်ပျိုးစရိတ်က ပြီးခဲ့တဲ့နှစ်တွေထက် ပိုပြီးတော့ တစ်ဧကကို စိုက်ပျိုးစရိတ် ပိုမိုကုန်ကျမယ်လို့တော့ ရှုမြင်မိတယ်။ အဓိကကတော့ ကျွန်တော်တို့ လယ်ယာစိုက်ပျိုးရေးမှာ အဓိကသုံးတဲ့ မြေသြဇာက တရုတ်ပြည်က သွင်းရတယ်။ တရုတ်ပြည်က သွင်းရတဲ့ အချိန်အခါ မြန်မာငွေ‌ဈေးကျဆင်းမှုနဲ့အတူ မြေသြဇာဈေးက ဈေးတက်သွားတာ တွေ့ရတယ်။ ဒါကြောင့်  မိုးစပါးစိုက်ပျိုးမှုမှာတော့ ကုန်ကျစရိတ်က ပြီးခဲ့တဲ့နှစ်ထက် ပိုမိုများပြားလာမယ်လို့တော့ ရှုမြင်ပါတယ်” ဟု ဆိုသည်။

၎င်းက ဆက်လက်ပြောကြားရာတွင် “နောက်တစ်ခုက တရုတ်ပြည်လိုင်းပေါ့။ ပိတ်ထားတယ်ဆို တဲ့သဘောပဲပြောရမှာ‌ပေါ့။ အထိုက်အလျောက်တော့ ဖွင့်ထားတယ်။  ဆန်ကားဆန်ကွဲကား၊ အရင်လိုများများ သွားလို့မရဘူး။ ရက်တွေကလည်း ကြာညောင်းတယ်။ တရုတ်ပြည်လိုင်းဘက်က ထင်သလောက်တော ့မကောင်းဘူးလို့ပြောရမယ်။ ဒါကြောင့်အဆွဲနည်းတယ်။ ဒါပေမဲ့ အိုဗာစီးတွေရှိတယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောင်းထားတာရှိတယ်။ သူတို့က ဝယ်အပ်နေတာကိုတွေ့ရတယ်” ဟု ပြောကြားသည်။

ဇွန် ၁ ရက်မှ ဇွန် ၈ ရက်အထိ ဆန်၊ ဆန်ကွဲဈေးနှုန်းမှာ မေလထက်စာလျှင် အနည်းငယ် မြင့်တက်လာသည်။ ဆန်ကွဲဈေးဆို မေလမှာ ၁၂ ကီလို ၅၀ တစ်အိတ်ကို နှစ်သောင်းငါးရာ၊ နှစ်သောင်းတစ်ထောင့်ငါးရာရှိကြောင်း ဆန်ကွဲဈေးကွက်သတင်းများအရ သိရသည်။

မြန်မာတရုတ်နယ်စပ်ကုန်သွယ်ရေး ဆန်ဈေးနှုန်းတွင် ရွှေလီအရောက် ဆန်ကွဲ ၅၀ ကီလိုတစ်အိတ်ကို တရုတ်ယွမ်ငွေ ၁၅၀ ယွမ်၊ သုခဆန် ၅၀ ကီလိုတစ်အိတ်ကို တရုတ်ယွမ်ငွေ ၁၇၀၊ ရတနာတိုး ၅၀ ကီလိုတစ်အိတ်ကို တရုတ်ငွေ ၁၇၃ ယွမ်၊ ငစိန်ဆန် ၅၀ ကီလိုတစ်အိတ်ကို တရုတ်ငွေ  ၁၇၅ ယွမ် အသီးသီးပေါက်ဈေးရှိ‌ကြောင်းသိရပြီး တရုတ်ယွမ်ငွေ တစ်ယွမ်လျှင်မြန်မာ ကျပ်ငွေ ၂၄၃ ကျပ်ပေါက်ဈေးရှိကြောင်း သိရသည်။

“ဒီဈေးနဲ့ ဆိုရင်ကိုက်ပါတယ်။ သို့‌သော် ကျွန်တော်တို့မှာ သွားတဲ့စရိတ်တွေ ပိုသွားတယ်။ ယခင်က မန္တလေးကနေ တရုတ်ပြည်ကို ဆန်ပို့မယ်ဆို တစ်ပိဿာမှ ၇၀ ကျပ် လောက်ရှိတာ။ အခုက တရုတ်ပြည်ထဲအရောက်တစ်ပိဿာ ၂၄၀ ကျပ် ရှိတယ်။ ဒါကလည်းသွားတဲ့ အချိန်ကြန့်ကြာတဲ့အတွက် ဈေးပိုပေးပြီး တင်ရတယ်။ အကျိုးအမြတ်ကတော့ ရှိသင့်သလောက်တော့ ရှိပါတယ်။ ဒါပေမဲ့ အခုကများများစားစား သွားလို့မရဘူး။ တစ်နေ့အိတ်ရေ နှစ်သောင်းသွားဖို့တောင် မလွယ်ဘူး။ ဒါကြောင့်  လမ်းတွေကိုများများစားစား ပြန်ဖွင့်ပေးလိုက်မယ်ဆိုရင် အကျိုးအမြတ်ကတော့ တော်တော်ရှိမှာ။ ကိုဗစ်ကိုအကြောင်းပြပြီး မန့်ဝန်းဂိတ်ကို တရုတ်ကပိတ်ထားတယ်။ ကျယ်ဂေါင်နဲ့ ရွှေလီမှာ ကိုဗစ်ရောဂါပိုးတွေ တွေ့ရှိတယ်။ ဒီအပေါ်မှာ မန့်ဝန်းဂိတ်ကို လူရောကုန်တင်ကားတွေရော လုံးဝပိတ်လိုက်တယ်။ သူတို့အကြောင်းပြချက်တော့ ကိုဗစ်ရောဂါပိုးအခြေအနေကြောင့် စောင့်ကြည့်ကာလအဖြစ် သုံးလသတ်မှတ်သွားမယ်။ သုံးလအတွင်းမှာ အခြေအနေကောင်းရင် ပြန်ဖွင့်ပေးမယ်။ ဒီလိုပဲ သူတို့ကပြောထားတာ” ဟု မူဆယ်ဆန်စပါး ကုန်စည်ဒိုင်ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ဆိုသည်။

ထို့ပြင် “တောင်သူလယ်သမားတွေက စိုက်ပျိုးစရိတ်ချေးငွေလိုနေပြီ။ တောင်သူလယ်သမားတွေမှာ အပိုအလျှံရှိတာမဟုတ်ဘူး။ နံပါတ် (၁) က  စပါးစိုက်ပျိုးစရိတ်တွေလိုပြီ။နိုင်ငံတော်ဘက်က စိုက်ပျိုးစရိတ်တွေ ထုတ်ချေးပေးရင်တော့ အဆင်ပြေမှာပေါ့” ဟု ၎င်းကပင် သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံက ဆန်နှင့်ဆန်ကွဲ အများဆုံးတင်ပို့နေသောနိုင်ငံမှာ တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ ပိုလန်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် ဥရောပနိုင်ငံများသို့ တင်ပို့နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ နှစ်စဉ်ထုတ်ပြန်သောစာရင်းများအရ သိရသည်။

ကျွဲကူးရေပါဖြစ်ပေါ်လာမည့် စိုက်ပျိုးရေးသွင်းအားစုများ၏ ဈေးနှုန်းမြင့်တက်မှုဂယက်အတွက် ကြိုတင်ပြင်ဆင်ထားနိုင်ရန် တောင်သူဦးကြီးများ၊ ကုန်သည်ပွဲစားများက အကြံပြုပြောကြားခဲ့ကြသည်။