ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ တရုတ်-မြန်မာနယ်စပ် ပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ်နှင့် ရဲကင်နား၌ ဇွန် ၈ ရက် ညနေ ၇ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အသံအကျယ်ကြီး ကြားရတယ်၊ သက်ဆိုင်ရာကတော့ လာစစ်ဆေးတယ်၊ ကျွဲရိုင်းဗူးလိုဟာကို ပစ်သွားတာ ၊တရုတ်ပြည် ဝင်ထွက်ပေါက် လူတန်းစီတဲ့ဘက်နဲ့ ရဲကင်းကြားနေရာမှာပါ၊ အပျက်အစီးနဲ့ လူသူ အထိအခိုက် ဒဏ်ရာရရှိမှု မရှိခဲ့ပါဘူး” ဟု ဆင်ဖြူစျေးဝင်းအတွင်း နေထိုင်သူ ဒေသခံတစ်ဦးက Eleven Media သို့ ပြောကြားသည်။
အဆိုပါ ပေါက်ကွဲမှုသို့ တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့ပြီး ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိသည်။
မေ ၂၆ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်က မူဆယ်မြို့၌ အသံမိုင်းဟု ယူဆရသောအရာ ၃ နေရာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရပြီး မူဆယ်မြို့ ပြည်သူ့ဆေးရုံလမ်းဆုံအနီး၌ မေ ၂၈ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမှိုက်သိမ်းသည့် လူငယ်တစ်ဦး သေဆုံးကကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။















