၂၀၁၈ ကမ္ဘာ့ဖလားထက် ပိုမြင့်သည့်အဆင့်ကို ရောက်နိုင်သည်ဟု ဟာရီကိန်း ဆို

၂၀၁၈ ကမ္ဘာ့ဖလားထက် ပိုမြင့်သည့်အဆင့်ကို ရောက်နိုင်သည်ဟု ဟာရီကိန်း ဆို
Published 8 June 2021

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟာရီကိန်းက လာမည့် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် မိမိတို့အသင်းအနေဖြင့် ပြီးခဲ့ သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲထက် ပိုမြင့်သည့်အဆင့်ကို ရောက်နိုင်သည်ဟု ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိခဲ့ပြီး ဟာရီကိန်းမှာလည်း ယင်းပြိုင်ပွဲ၏ ဂိုးသွင်းဘုရင်ဆု ရရှိခဲ့သည်။

ဟာရီကိန်းက ''ကျွန်တော်တို့ ၂၀၁၈ ကမ္ဘာ့ဖလားထက် ပိုမြင့်တဲ့အဆင့်ကို ရောက်နိုင်ပါတယ်။ ကျွန်တော်တို့အသင်းက ကစားသမားတွေဟာ ကလပ်အသင်းတွေနဲ့ ပြိုင်ပွဲကြီးတွေ ဆင်နွှဲခဲ့ရပြီး အတွေ့အကြုံတွေလည်း ပိုရလာခဲ့ပါပြီ။ လူငယ်တွေနဲ့ အတွေ့အကြုံရင့်ကျက်သူတွေ အကောင်းဆုံးပေါင်းစပ်ထားတဲ့ လူစာရင်းလည်း ဖြစ်နေပါတယ်။  ကမ္ဘာ့ဖလားထက် ဖိအားတွေပိုများလာပေမဲ့ မျှော်လင့်ထားသလို စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်''ဟု ဆိုခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း ဟာရီကိန်းက အင်္ဂလန်အသင်းနှင့် ဆုဖလားရယူနိုင်ခြင်းမရှိဘဲ မိမိ၏ ကစားသမားဘဝကို အဆုံးသတ်လိုက်ရမည်ဆိုပါက ရှုံးနိမ့်မှုအဖြစ် မှတ်ယူရမည်ဟု သုံးသပ်ပြောကြားခဲ့သည်။

ဟာရီကိန်းက ''အင်္ဂလန်အသင်း ဆုဖလားအောင်ပွဲနဲ့ ဝေးကွာနေတဲ့အကြောင်း ကျွန်တော်တို့ပြောနေတာ ဘယ်လောက်တောင်ကြာနေပြီလဲ။ အင်္ဂလန်အသင်းအတွက် ဆုဖလား ရယူမပေးနိုင်ဘဲ ကစားသမားဘဝကို အဆုံးသတ်လိုက်ရရင် ရှုံးနိမ့်မှုအဖြစ် သတ်မှတ်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဆုဖလားအောင်ပွဲ ရယူနိုင်စွမ်းရှိတယ်လို့လည်း ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent