မန်စီးတီးဝန်ထမ်းများအား အဂွဲရိုး ပေါင်(၄၀၀၀၀)တန်ကား မဲဖောက်ပေးပြီး တစ်ဦးလျှင်ပေါင်(၁၀၀၀)ကျော်တန်နာရီများ လက်ဆောင်ပေး

မန်စီးတီးဝန်ထမ်းများအား အဂွဲရိုး ပေါင်(၄၀၀၀၀)တန်ကား မဲဖောက်ပေးပြီး တစ်ဦးလျှင်ပေါင်(၁၀၀၀)ကျော်တန်နာရီများ လက်ဆောင်ပေး
Photo: The Football Arena
Photo: The Football Arena
Published 3 June 2021

မန်စီးတီးအသင်းမှ စပိန်ကလပ် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့သွားခဲ့သော အာဂျင်တီးနားဝါရင့်တိုက်စစ်မှူး အဂွဲရိုးသည် မန်စီးတီးအသင်းမှ ဝန်ထမ်းများအား နှုတ်ဆက်သည့်အနေဖြင့် အဖိုးတန်လက်ဆောင်များ ပေးခဲ့ကြောင်း သိရသည်။

အဂွဲရိုးသည် မန်စီးတီးအသင်းမှ ဝန်ထမ်းအားလုံးကို ကံစမ်းမဲလက်မှတ်များပေးခဲ့ပြီး သူ၏ Range Rover ကားကို မဲဖောက်ပေးခဲ့ကြောင်း သိရသည်။

ယင်းကားမှာ တန်ဖိုးပေါင်(၄၀၀၀၀)(မြန်မာငွေ သိန်း ၉၃၀ ကျော်)ရှိပြီး မန်စီးတီးအသင်းမှ ဝန်ထမ်း(၆၀)က မဲနှိုက်ခဲ့ကြကြောင်း သိရသည်။

မဲပေါက်သည့်ဝန်ထမ်းမှာ မန်စီးတီးအသင်းရှိ ကစားသမားများနှင့်နည်းပြများ၏ အကျႌဝတ်စုံများကို စီစဉ်ပေးရသည့်အဖွဲ့(Kit Team)မှ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဂွဲရိုးသည် မန်စီးတီးအသင်းမှ ဝန်ထမ်းများကို ပေါင်(၁၀၀၀)ခန့်(မြန်မာငွေ ၂၃ သိန်းကျော်)တန်ကြေးရှိသည့် Tag Heuer တံဆိပ် နာရီများနှင့် ပေါင်(၁၂၀၀)မှ ပေါင် (၁၆၅၀)ကြားတန်ကြေးရှိသည့် Hublot တံဆိပ် နာရီများ တစ်ယောက်တစ်လုံးစီ လက်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်းနာရီများပေါ်တွင် ''Gracias! Kun Aguero'' ဟူသောစာသား ရေးထိုးထားပြီး ယင်းလက်ဆောင်ပေးသည့်အခမ်းအနားကို မန်စီးတီးအသင်း၏ CFA ရုံးချုပ်တွင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဂွဲရိုးသည် ၂၀၁၁ ခုနှစ်တွင် စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကြေးပေါင် (၃၅)သန်းဖြင့်ရောက်ရှိလာသူဖြစ်ပြီး အသင်းတွင် ကစားခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း ပရီးမီးယားလိဂ်ဖလား(၅)လုံး အပါအဝင် ဆုဖလား(၁၅)ခု ရယူပေးခဲ့သည်။

အသင်းတွင် သူ ကစားခဲ့သည့်ကာလတစ်လျှောက် သူနှင့်ခင်မင်ရင်းနှီးခဲ့ပြီး အကူအညီပေးခဲ့ကြသော ဝန်ထမ်းများကို အသိအမှတ်ပြုတုံ့ပြန်သည့်အနေဖြင့် ဝန်ထမ်းအားလုံးအား အဂွဲရိုးက ယခုကဲ့သို့ တန်ဖိုးရှိသည့် လက်ဆောင်များပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဂွဲရိုးသည် ယခုနွေရာသီတွင် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး၊ ပြီးခဲ့သည့် တနင်္လာနေ့က ဘာစီလိုနာအသင်း၏ နူးကမ့်ကွင်းတွင် ဘာစီလိုနာကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။

Most Read

Most Recent