ဗြိတိန်တစ်နှစ်တာအကောင်းဆုံး အားကစားဆောင်းပါးဆုများရှင်နှင့် Daily Mail သတင်းစာ၏ အားကစားဆောင်းပါးရှင်တစ်ဦးဖြစ်သူ မာတင်ဆမ်မြူရယ်က သူ၏ ပင်တိုင် ဆောင်းပါးကဏ္ဍတွင် ကွန်တေအကြောင်းကိုရေးသားခဲ့ရာ၌ ကွန်တေလို ကစားသမားမျိုးကို ထပ်မံတွေ့နိုင်တော့မည်မဟုတ်ကြောင်း၊ အွန်နရီ၊ စီရော်နယ်လ်ဒိုတို့လို ပရီးမီးယားလိဂ်ကြယ်ပွင့်မဟုတ်သော်လည်း အင်္ဂလန်ရောက် ပြည်ပကစားသမားများထဲတွင် ထာဝရအခမ်းနားဆုံးဖြစ်ကြောင်း ချီးကျူးရေးသားခဲ့သည်။
မာတင်ဆမ်မြူရယ်၏ ဆောင်းပါး ကောက်နုတ်ချက်မှာ ကွန်တေသည် ပရီးမီးယားလိဂ်ကစားသမားဘ၀ (၅)နှစ်တာအတွင်း အဓိက ဖလား (၆)လုံးရယူခဲ့ရာတွင် အမြဲလိုလို အကောင်းဆုံးပုံစံပြသနိုင်ခဲ့ကြောင်း၊ ယခုနှစ်ချန်ပီယံလိဂ်ဖလားက သူ့ကို Ballon d'Or ဆုအတွက်ပင် လျာထားခံရနိုင်ကြောင်း၊ အင်္ဂလိပ်ဘောလုံးလောကတွင် ကွန်တေကဲ့သို့ ကစားသမားမျိုး လုံးဝမပေါ်ထွက်ခဲ့ဖူးကြောင်း၊ သူသည် အွန်နရီ၊ စီရော်နယ်လ်ဒိုတို့ကဲ့သို့ ကစားသမားမျိုး မဟုတ်သော်လည်း ယခုအတိုင်းဆိုပါက အင်္ဂလိပ်ဘောလုံးသမိုင်းတွင် ထာဝရအခမ်းနားဆုံး ပြည်ပကစားသမားပင်ဖြစ်လာနိုင်ကြောင်းနှင့် မည်သည့်အခါမျှ တစ်ကိုယ်ကောင်းဆန်သည့် စိတ်ကို မပြသခဲ့သူ ဖြစ်ကြောင်း ရေးသားကာ ရီးယဲလ်နှင့် ဆီမီးဖိုင်နယ်နှစ်ကျော့နှင့် ဗိုလ်လုပွဲတွင်ပါ Man of the Match ရရှိခဲ့ခြင်းမှာ အံ့သြစရာဖြစ်ကြောင်း ရေးသားခဲ့သည်။















