၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် ကျပ် ၁၅၀၀၀၀ နှုန်းနှင့် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် စတင်ထုတ်ချေးနေပြီး စက်တင်ဘာလကုန်အထိ ဆက်လက်ထုတ်ချေးမည်ဖြစ်ကြောင်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း တောင်သူများ ပြန်လည်ပေးဆပ်ရမည့် ၂၀၂၀-မိုးရာသီ ချေးငွေများကို ဇူလိုင်လကုန်အထိ တိုးမြှင့်ဖြေလျှော့ပေးထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပြန်ထားသည်။
COVID-19 ကပ်ရောဂါဖြစ်ပွားမှု အခြေအနေများကြောင့် ၂၀၂၀- မိုးရာသီ ချေးငွေများ ဆပ်ရန် ငွေကြေးအခက်အခဲများ ရှိနေသည့် တောင်သူများ အဆင်ပြေစေရေးအတွက် နိုင်ငံတော်မှ ၂၀၂၀- မိုးချေးငွေ နောက်ဆုံးပေးဆပ်ရန် ကာလသတ်မှတ်ချက်ကို ၂၀၂၁ ခုနှစ်၊ ဧပြီ (၁၅) ရက်အစား ၂၀၂၁ ခုနှစ် ဇူလိုင် (၃၁) ရက်အထိ တိုးမြှင့် ပြင်ဆင် ဖြေလျှော့ပေးထားပြီး ဖြစ်ကြောင်း သိရသည်။
ယခုအခါ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို ၂၆-၅-၂၀၂၁ ရက်နေ့မှစ၍ ၃၀-၉-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများတွင် ထုတ်ချေးပေးသွားမည်ဖြစ်သည်။
တောင်သူလယ်သမားများအနေဖြင့် ချေးငွေဟောင်းပြေကျေအောင် ပေးဆပ်ပြီး ၂၀၂၁-မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ယူနိုင်ရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ်ကြရန်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေများကို ဘဏ်စတင်တည်ထောင်သည့် ၁၉၅၄ ခုနှစ်မှစ၍ နှစ်စဉ်ထုတ်ချေးပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်မိုးစပါးနှင့် နွေစပါးစုစုပေါင်းစိုက်ဧက ၁၈ သန်းနီးပါးစိုက်ပျိုးပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၁၇ ဒသမ ၃၁ သန်းရှိကာ ငါးနှစ်အတွင်း စပါးသီးနှံစိုက်ပျိုးဧက အနည်းဆုံးနှစ်ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် နှစ်အလိုက် မိုးစပါးနှင့် နွေစပါးစုစုပေါင်းစိုက်ပျိုးမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒသမ ၃၇ သန်း၊ နွေစပါး ၂ ဒသမ ၄၅ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၈၂ သန်း၊ ၂၀၁၆-၂၀၁ရဘဏ္ဍာ နှစ်တွင် မိုးစပါး ၁၅ ဒသမ ၂၄ သန်း၊ နွေစပါး ၂ ဒသမ ၄၆ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၇၀ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒသမ ၂၂ သန်း၊ နွေစပါး ၂ ဒသမ ၇၁ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၉၃ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒသမ ၀၈ သန်း၊ နွေစပါး ၂ ဒသမ ၇၈သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၈၆ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၄ဒသမ ၉၈ သန်း၊ နွေစပါး ၂ ဒသမ ၃၃ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၃၁ သန်း စိုက်ပျိုးထားသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆည်ရေဖြင့် မိုးစပါးနှင့်နွေစပါးစိုက်ဧက ၂ ဒသမ ၁ သန်းကျော်စိုက်ပျိုးနိုင်ပြီး ယခင်နှစ်ကာလတူထက် ဆည်ရေဖြင့် စိုက်ပျိုးနိုင်မှုဧက တစ်သိန်းကိုးသောင်းကျော် လျော့ကျခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်ပြီး ကြံ့ကြံ့ခံနိုင်မည့် စိုက်ပျိုးရေးအလေ့အကျင့်များ ပြောင်းလဲ ကျင့်သုံးနိုင်ရေးအတွက် မြို့နယ်အလိုက် စိုက်ပျိုးပညာပေးရေးလုပ်ငန်းစီမံချက် (Agricultural Extension Plan) ရေးဆွဲဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။