ဗီယက်နမ်အိုလံပစ်ကော်မတီသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၃၁ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပရိသတ်များ ကြည့်ရှုခွင့်ပြုမပြုကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အပေါ်မူတည်၍ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံအနေဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲကို သတ်မှတ်ထားသည့်ရက်အတိုင်း ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိသော်လည်း အရှေ့တောင်အာရှနိုင်ငံများတွင် ကူးစက်မှုနှုန်း မြင့်တက်လာသဖြင့် ကပ်ရောဂါအခြေ အနေအပေါ်မူတည်၍ ပြုလုပ်ရဖွယ်ရှိနေသည်။
ဗီယက်နမ် ပြည်တွင်းလိဂ်ဘောလုံးပြိုင်ပွဲများတွင် ပရိသတ်များ ပြန်လည်ကြည့်ရှုခွင့်ပြုထားသော်လည်း ကူးစက်မှုနှုန်းမြင့်တက်လာသည့်အချိန်များတွင် ပရိသတ်ကြည့်ရှုမှုကို ကန့်သတ်ခဲ့သည်။ ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းစ် ပြိုင်ပွဲတွင် အားကစားနည်း ၄၀ ထည့်သွင်း ကျင်းပမည်ဖြစ်ပြီး အားကစားနည်းအများစု တွင် ပရိသတ်များကြည့်ရှုခွင့်ပြုရန် စီစဉ်ထားခြင်းဖြစ်သည်။
ဗီယက်နမ်အိုလံပစ်ကော်မတီအနေဖြင့် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ရေကူး၊ ဘော်လီဘော၊ ဘိလိယက်၊ ကြက်တောင်၊ ဖူဆယ်စသည့် ပရိသတ်စိတ်ဝင်စားများပြားသည့် အားကစားနည်းများတွင် ပရိသတ်များ ကြည့်ရှုခွင့်ပြုရန် စီစဉ်ထားသော်လည်း ကပ်ရောဂါအခြေအနေကြောင့် ကျန်းမာရေးဆိုင်ရာ တားမြစ်ချက်များပြားဖွယ်ရှိနေသည်။
ထို့ပြင် ရောဂါကူးစက်မှုမရှိစေရန်အတွက် ဆီးဂိမ်းစ်ပြိုင်ပွဲ လာရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားအဖွဲ့တာဝန်ရှိသူများ၊ နည်းပြများနှင့် ကစားသမားများ၏ COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံထားမှုအခြေအနေအား သက်ဆိုင်ရာအိုလံပစ်ကော်မတီများထံ မေးမြန်းထားပြီး ပြိုင်ပွဲနီးပါက ကျန်းမာရေးဆိုင်ရာစည်းကမ်းများ ထပ်မံထုတ်ပြန်ဖွယ်ရှိနေကြောင်းလည်းသိရသည်။















