ကမ္ဘာ့စနူကာချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရှောင်မာဖီကို (၁၈-၁၅)ပွဲဖြင့် ဆယ်လ်ဘီ အနိုင်ရဗိုလ်စွဲခဲ့ပြီးချန်ပီယံဆုဖလားကို ကစားသမားသက်တမ်းတစ်လျှောက် စတုတ္ထအကြိမ်မြောက် ရယူ

ကမ္ဘာ့စနူကာချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရှောင်မာဖီကို (၁၈-၁၅)ပွဲဖြင့် ဆယ်လ်ဘီ အနိုင်ရဗိုလ်စွဲခဲ့ပြီးချန်ပီယံဆုဖလားကို ကစားသမားသက်တမ်းတစ်လျှောက် စတုတ္ထအကြိမ်မြောက် ရယူ
Photo: Getty Images
Photo: Getty Images
Published 5 May 2021

 

အင်္ဂလန်နိုင်ငံ၊ ရှက်ဖီးမြို့ရှိ Crucible Theatre ၌ကျင်းပခဲ့သည့် ၂၀၂၁ ကမ္ဘာ့စနူ ကာချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အင်္ဂလန်စနူကာသမား မာ့ခ်ဆယ်လ်ဘီက တစ်နိုင်ငံတည်းသား ရှောင်မာဖီကို (၁၈-၁၅)ပွဲဖြင့် အနိုင်ရဗိုလ်စွဲကာ ချန်ပီယံဆုဖလားကို ကစားသမားသက်တမ်းတစ်လျှောက် စတုတ္ထအကြိမ်မြောက် ရယူနိုင်ခဲ့ကြောင်း သိရသည်။

အသက် ၃၇ နှစ်အရွယ်ရှိ ဆယ်လ်ဘီသည် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲဗိုလ်လုပွဲသို့  ငါးကြိမ်မြောက်တက်လှမ်းကာ ၂၀၁၄၊ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် ချန်ပီယံ၊ ၂၀၀၇ ခုနှစ်တွင် ဒုတိယရရှိခဲ့ပြီး ဆယ်လ်ဘီထက် တစ်နှစ်နီးပါးကြီးသည့် ရှောင်မာဖီမှာမူ လေး ကြိမ်မြောက်တက်ရောက်နိုင်ကာ ၂၀၀၅ ခု နှစ်တွင် ဗိုလ်စွဲသည်မှအပ ၂၀၀၉၊ ၂၀၁၅ ခု နှစ်များ၌ ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။ ဗိုလ်လုပွဲကို Best-of-35 ပုံစံနှင့် အပိုင်းလေးပိုင်းဖြင့် ကျင်းပပြီး မေလ ၂၊ ၃ ရက်များ၌ နှစ်ရက်ခွဲကာ ယှဉ်ပြိုင်ကစားစေခဲ့ခြင်း ဖြစ်သည်။ 

ပထမပိုင်းတွင် မာဖီမှာ အဖွင့်ပွဲငယ် နှစ်ပွဲဆက်အနိုင်ရကာ ဆယ်လ်ဘီက  (၂-၂)ပွဲဖြင့် ပြန်လိုက်ခဲ့သော်လည်း နောက်ကစားသည့်လေးပွဲ၌ မာဖီက သုံးပွဲအထိ အ နိုင်ရကာ နှစ်ပွဲအသာဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ဒုတိယပိုင်း၌မူ ဆယ်လ်ဘီက လက်စွမ်းပြခဲ့ပြီး ပွဲငယ် ကိုးပွဲတွင် ခုနစ်ပွဲအထိ အ နိုင်ရသောကြောင့် (၁၀-၇)ပွဲဖြင့် ပြန်လည်ဦးဆောင်ခဲ့သည်။ တတိယပိုင်းတွင် နှစ်ဦးစလုံး ပွဲငယ်လေးပွဲစီ အနိုင်ရသောကြောင့် ကွာခြားချက်အပြောင်းအလဲမရှိဘဲ ဆယ်လ်ဘီကပင် (၁၄-၁၁)ပွဲဖြင့် ဆက်အသာရနေခဲ့သည်။  

စတုတ္ထပိုင်း၌လည်း အပြန်အလှန် အနိုင်ယူခဲ့ကြပြီး ပွဲငယ် ၃၃ ပွဲအပြီးတွင် ဆယ်လ်ဘီက လက်ကျန်နှစ်ပွဲအလိုတွင် သုံးပွဲအသာရရှိ ထားသောကြောင့် ကျန်ပွဲများ ဆက်ကစားရန် မလိုတော့ဘဲ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ဆယ်လ်ဘီအနေဖြင့် ၂၀၁၇ ပြိုင်ပွဲတွင် နောက်ဆုံး ဗိုလ်စွဲပြီးနောက် နောက်နှစ်၌ကျင်းပသည့် ပြိုင်ပွဲတွင် ပထမအဆင့်မှပင် ထွက်ခဲ့ရကာ Ranking သတ်မှတ်သည့်ပြိုင်ပွဲများ$ နှစ်နှစ် ခွဲကြာ ဆုဖလားနှင့်ဝေးကွာခဲ့သောကြောင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင်လည်း အဆင့်တစ်နေရာကိုပါ ဆုံးရှုံးခဲ့ရသည်။ 

ယခုပြိုင် ပွဲတစ်ရပ်လုံးတွင် ဆုကြေးပေါင်း ပေါင် ၂ ဒသမ ၃၉၅ သန်း ချီးမြှင့်ခဲ့ပြီး ဗိုလ်စွဲခဲ့သူ ဆယ်လ်ဘီက ပေါင် ငါးသိန်းနှင့် ဒုတိယရသူ  မာဖီက ပေါင် နှစ်သိန်း ဆွတ်ခူးနိုင်ခဲ့သည်။  ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ နောက်ဆုံး ၁၀ ကြိမ် တွင် အင်္ဂလန်စနူကာသမားများက ကိုးကြိမ်အထိ ဗိုလ်စွဲခဲ့ကြသည်။

Most Read

Most Recent