ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်ရဲစခန်းကို KIA က ဝင်ရောက်တိုက်ခိုက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်ရဲစခန်းကို KIA က ဝင်ရောက်တိုက်ခိုက်
Published 4 May 2021
ထွန်းလင်းအောင် (မြစ်ကြီးနား)

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်ရဲစခန်းကို ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KIA) က မေ ၃ ရက် ည ၈ နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်သဖြင့် မန်စီမြို့နယ် ရဲတပ်ဖွဲ့မှူး ကျဆုံးခဲ့ပြီး ဒဏ်ရာ ရသူများလည်း ရှိကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

မေ ၃ ရက် ည ၈ နာရီခန့်တွင် မန်စီမြို့ ရဲစခန်းတည်ရှိရာနေရာ၌ ပစ်ခတ်သံများ ကြားရပြီး လက်နက်ကြီးပစ်သံများလည်း ကြားရကြောင်း မန်စီမြို့ခံများက ဆိုသည်။

မန်စီမြို့ခံတစ်ဦးက “လာပစ်တာတော့ မှန်တယ်။ ပစ်လိုက် ရပ်လိုက် လုပ်နေတယ်။ ခဏကြာတော့ လက်နက်ကြီးသံတွေ ကြားရတယ်။ ဘယ်သူမှလည်း အပြင်မထွက်ရဲဘူး။ စခန်းထဲကိုလည်း ဘယ်သူမှ မဝင်ရဘူး။ မြို့နယ်ရဲမှူးသေတယ်။ စခန်းမှူးကဒဏ်ရာရတယ်လို့ ပြောနေကြတယ်” ဟု ပြောကြားသည်။

မန်စီမြို့နယ် ရဲတပ်ဖွဲ့မှူး ကျဆုံးမှုနှင့် ပတ်သက်၍ ကချင်ပြည်နယ် ရဲတပ်ဖွဲ့သို့ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။

မန်စီမြို့မ ရဲစခန်းတွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးက “မြို့နယ်မှူးတော့ ကျဆုံးသွားတာ သိရတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ သိရတယ်” ဟု ဆိုသည်။

ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KIA) အနေဖြင့် ကချင်ပြည်နယ်တွင် ဖားကန့်ဒေသရှိ တိုက်ခိုက်ရေး ရဲတပ်ရင်းများနှင့် ကျော်ကြီးရဲစခန်း၊ မန်စီရဲစခန်းတို့ကို တိုက်ခိုက်မှုများ ရှိခဲ့သည်။

ဧပြီ ၁၀ ရက်နောက်ပိုင်းမှ စတင်ကာ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် တပ်မတော်နှင့် KIA အဖွဲ့  ပစ်ခတ်တိုက်ခိုက်မှုများ ပြင်းထန်နေပြီး တိုက်ပွဲရှောင်ဦးရေမှာ တစ်သောင်းဝန်းကျင်ခန့် ရှိနေသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် တပ်မတော်နှင့် KIA အဖွဲ့အကြား စစ်ရေးတင်းမာမှုများ ရှိနေပြီး မေ ၃ ရက်ကလည်း တပ်မတော်၏ ရဟတ်ယာဉ်တစ်စင်းကို ပစ်ချခဲ့ကြောင်း KIO ဗဟိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။

Most Read

Most Recent