မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပိတ်ဆို့မှုများ ချမှတ်ခြင်းထက်စာလျှင် ပုံမှန်သို့ပြန်လည်ရောက်ရှိရေးနှင့် အပြန်အလှန်ဆွေးနွေးခြင်းမှတစ်ဆင့် နိုင်ငံရေးဖြေရှင်းချက်တစ်ရပ် ရှာဖွေရေးကိုသာလိုလားကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ပြောကြား

မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပိတ်ဆို့မှုများ ချမှတ်ခြင်းထက်စာလျှင် ပုံမှန်သို့ပြန်လည်ရောက်ရှိရေးနှင့် အပြန်အလှန်ဆွေးနွေးခြင်းမှတစ်ဆင့် နိုင်ငံရေးဖြေရှင်းချက်တစ်ရပ် ရှာဖွေရေးကိုသာလိုလားကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ပြောကြား
Published 4 May 2021
Ref: AP

မြန်မာနိုင်ငံ၌ ထိပ်တိုက်ရင်ဆိုင်မှုများကို ဖြေရှင်းရန် ပိုမိုအားကောင်းသော သံတမန်ရေးရာ အားထုတ်မှုများအား ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးက မေ ၃ ရက်တွင် တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံကို ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံဟု ထုတ်ဖော်ပြောကြားခဲ့သော တရုတ်သံအမတ်ကြီး ကျန်ကျွန်က အာဆီယံအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ခရစ္စတင်းရှရနာဘာဂျန်နာတို့၏ သံတမန်ရေးရာ အားထုတ်မှုများကို အလေးအနက် ထောက်ခံကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့အနေဖြင့် ရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

သူက “တရုတ်နိုင်ငံကတော့ ပိတ်ဆို့မှုတွေ ချမှတ်မှာကို မလိုလားပါဘူး။ တကယ်တော့ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံကို ပုံမှန်ပြန်ဖြစ်စေရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာနဲ့ ဥပဒေဆိုင်ရာ မူဘောင်အတွင်း သက်ဆိုင်ရာဘက်အသီးသီးအကြား အပြန်အလှန် ဆွေးနွေးမှုတွေကနေတစ်ဆင့် နိုင်ငံရေးဆိုင်ရာ ဖြေရှင်းချက်တစ်ရပ် ရှာဖွေရေးတို့အတွက် ပိုပြီး အခွင့်အလမ်းသာမယ့် ဝန်းကျင်တစ်ရပ်ဖြစ်အောင် ဖန်တီးသင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

“ဒါဟာ အဓိကအားဖြင့်တော့ ရွေးကောက်ပွဲအပေါ် သဘောထားကွဲလွဲမှုနဲ့ ပတ်သက်နေတဲ့ အကြောင်းအရာတစ်ရပ်ပါပဲ။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေအနေနဲ့ ဖြေရှင်းချက်တစ်ရပ် ရှာဖွေနိုင်စွမ်းရှိသင့်ပါတယ်။ ဒါကြောင့်မို့လို့ တရုတ်နိုင်ငံအနေနဲ့ သံတမန်ရေးရာအားထုတ်မှုတွေ ပိုပြီးပြုဖို့  လိုလားရခြင်းဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

“သက်ဆိုင်ရာ ဘက်အသီးသီးအနေနဲ့ အကြမ်းဖက်မှုတွေ ရှောင်ကြဉ်ဖို့၊ ထိခိုက်ပျက်စီးမှုတွေ ရှောင်ကြဉ်ဖို့နဲ့ အစွန်းရောက်မှုတွေ ရှောင်ရှားဖို့၊ အပြန်အလှန်ဆွေးနွေးမှုကနေတစ်ဆင့် ဖြေရှင်းချက်ရှာဖွေဖို့ တောင်းဆိုပြီး သူတို့နဲ့အတူ  တရုတ်နိုင်ငံက အလွန်နီးကပ်စွာ လုပ်ဆောင်နေခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း လုံခြုံရေးကောင်စီက အာဆီယံအဖွဲ့ရဲ့ သံတမန်ရေးရာ အားထုတ်မှုတွေကို အခုအချိန်မှာ အပြည့်အဝ ထောက်ခံမှုပေးလာတာလည်း ဖြစ်ပါတယ်” ဟု တရုတ် သံအမတ်ကြီးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းစစ်အတွင်းသို့ သက်ဆင်းသွားနိုင်ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံက စိုးရိမ်မှုရှိပါသလားဟု မေးမြန်းရာတွင် ကျန်ကျွန်က “ကျွန်တော့်တို့အနေနဲ့ အလားတူစိုးရိမ်မှုရှိပါတယ်။ သံတမန်ရေးရာ အားထုတ်မှုတွေနဲ့ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ နောက်ထပ်တင်းမာမှုတွေ မြင့်တက်လာတာကို ရှောင်ရှားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဖြေကြားခဲ့သည်။

ပို၍ ဆင်းရဲသော ပြည်သူများ အလုပ်အကိုင်ဆုံးရှုံးရခြင်း၊ နိုင်ငံ့ဝန်ထမ်းများ ဆန္ဒပြသည့်အနေဖြင့် အလုပ်ပြန်ဝင်ရန် ငြင်းဆိုခြင်းနှင့် ရန်ကုန်မြို့တွင်းနှင့် အနီးတစ်ဝိုက်မှ မိသားစုများ စားနပ်ရိက္ခာရရှိရန် ရွှေ့ပြောင်းရခြင်း၊ အကြွေးတင်နေခြင်းနှင့် ရှင်သန်နိုင်ရန် လုံးပန်းနေရခြင်းတို့ကို ထောက်ပြသည့်   ခရစ္စတင်းရှရနာဘာဂျန်နာကို ရည်ညွှန်းလျက် ကျန်က တရုတ်နိုင်ငံအနေဖြင့်လည်း အကျပ်အတည်းဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ရိုက်ခတ်ချက်များနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

ဧပြီ ၃၀ ရက်က လုံခြုံရေးကောင်စီသို့ ပြောကြားရာတွင် ဘာဂျန်နာက ဆင်းရဲမွဲတေမှု၊ COVID-19 ကပ်ရောဂါနှင့် နိုင်ငံရေး အကျပ်အတည်းတို့ ပေါင်းစုံသွားခြင်းသည် ငတ်မွတ်မှုနှင့် မျှော်လင့်ချက် ကုန်ခန်းမှုတို့အား သိသိသာသာ မြင့်တက်လာစေပြီး အထူးသဖြင့် မြို့ပြ၌ နေထိုင်သူများပါဝင်သည့် လူပေါင်း ၃.၄ သန်းကျော်အထိသည် ငတ်မွတ်မှုကို ခြောက်လအတွင်း ခံစားရမည်ဖြစ်ကြောင်း ဖော်ပြသည့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ အစီရင်ခံစာကို ကိုးကားခဲ့သည်။

သံတမန်ရေးရာဖြေရှင်းချက်တစ်ရပ်ကို ထပ်မံတောင်းဆိုရာတွင် ကျန်က နောက်ထပ် ယိုယွင်းမှုများ ထပ်မံဖြစ်ပေါ်လာပါက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခ သို့မဟုတ် အကျပ်အတည်းသည်  ရှောင်လွှဲ၍ မရတော့မည်မှာသေချာကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ၎င်းတို့ကို ရှောင်ရှားနိုင်ရန် အကောင်းဆုံး ကြိုးပမ်းရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent