မန္တလေးမြို့ ရဲမွန်တောင်ရပ်ကွက်တွင် ရေခဲသေတ္တာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

မန္တလေးမြို့ ရဲမွန်တောင်ရပ်ကွက်တွင် ရေခဲသေတ္တာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
မီးသတ်တပ်ဖွဲ့ဝင်များ ငြိှမ်းသတ်နေစဉ် (ဓာတ်ပုံ-မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန)
မီးသတ်တပ်ဖွဲ့ဝင်များ ငြိှမ်းသတ်နေစဉ် (ဓာတ်ပုံ-မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန)
Published 29 April 2021
သက်ထွန်းအောင်

မန္တလေးမြို့ ရဲမွန်တောင်ရပ်ကွက်တွင် ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၉ ရက်က ရေခဲသေတ္တာ အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

ဧပြီ  ၂၉ ရက်၊ နံနက် ၁၁ နာရီ ၂၈ မိနစ် အချိန်ခန့်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ အကွက်အမှတ် (၁၀)၊ ၃၉-E လမ်း၊ ၅၆ လမ်းနှင့် ၅၇ လမ်းကြားရှိ  ပေ ၂၀ x ၁၆ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ ခြေတံရှည် လူနေအိမ်အတွင်းရှိသည့် ရေခဲသေတ္တာသည် အပူလွန်ကဲကာ အနီးရှိ ထရံမှတစ်ဆင့် မီးကူးစက်ကာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

မီးလောင်ရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်ကာ သန္ဓေတပ်ဖွဲ့ဝင် ၄၀၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၆၀ ၊ စုစုပေါင်း  ၁၀၀ ၊ မီးငြိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ငါးစီး၊ အုပ်ချုပ်မှုယာဉ် သုံးစီး၊ စုစုပေါင်း ၁၈ စီး၊ ရေဂါလန် ၅၀၀၀ ဂါလန်ခန့်ဖြင့် ဝိုင်းဝန်းငြိှမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ  ၃၇ မိနစ် အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး မီးလုံးဝ ငြိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ပေ ၂၀ x ၁၆ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ ခြေတံရှည် တစ်လုံးနှင့် ရေခဲသေတ္တာ တစ်လုံး မီးလောင် ဆုံးရှုံှုံးခဲ့ကြောင်း ဆက်လက် သတင်းရရှိသည်။

မီးလောင်မှုနှင့် ပတ်သက်ပြီး အမှတ် (၉) ရဲစခန်းမှ ပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Most Read

Most Recent