ပရီးမီးယားလိဂ် Hall of Fame တွင် ပထမဆုံးရွေးချယ်ခံရသူများအဖြစ် အလန်ရှီးယားနှင့် အွန်နရီ မှတ်တမ်းဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ်အတွက် စုစုပေါင်းရှစ်ဦးရွေးချယ်မည်ဖြစ်သောကြောင့် ကျန်ခြောက်ဦးကို မေ ၉ ရက်အထိ မဲပေးခွင့်ရမည်

ပရီးမီးယားလိဂ် Hall of Fame တွင် ပထမဆုံးရွေးချယ်ခံရသူများအဖြစ် အလန်ရှီးယားနှင့် အွန်နရီ မှတ်တမ်းဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ်အတွက် စုစုပေါင်းရှစ်ဦးရွေးချယ်မည်ဖြစ်သောကြောင့် ကျန်ခြောက်ဦးကို မေ ၉ ရက်အထိ မဲပေးခွင့်ရမည်
Published 27 April 2021

ပရီးမီးယားလိဂ် Hall of Fame တွင် ပထမဆုံးရွေးချယ်ခံရသူအဖြစ် ဂန္ထဝင်တိုက်စစ်မှူးနှစ်ဦးဖြစ်သည့် အလန်ရှီးယားနှင့် အွန်နရီတို့ မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲသည် ကြယ်ပွင့်ကစားသမားဟောင်းများအား Hall of Fame အစီအစဉ်ဖြင့် ဂုဏ်ပြုခြင်းဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအများဆုံးစံချိန်တင်ထားသည့် အလန်ရှီးယားနှင့် အာဆင်နယ်အသင်းအတွက် ဂိုးအများဆုံးစံချိန်တင်ထားသည့် အွန်နရီတို့က ပထမဆုံး ရွေးချယ်ခံရသူများ ဖြစ်လာသည်။ 

ပရီးမီးယားလိဂ်အနေဖြင့် Hall of Fame အစီအစဉ်ကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီတွင် စတင်ကြေညာခဲ့ပြီး မတ်လအတွင်း ပထမဆုံးရွေးချယ်ခံရသူနှစ်ဦး ထုတ်ပြန်ရန်စီစဉ်ထားသော်လည်း COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် တစ်နှစ်နောက်ကျ၍ ယခုနှစ် ဧပြီ ၂၆ ရက်မှသာ ထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။ 

ဆောက်သမ်တန်၊ ဘလက်ဘန်းနှင့် နယူးကာဆယ်အသင်းတိုက်စစ်မှူးဟောင်း အလန်ရှီးယား (၅၀ နှစ်)သည် ၁၉၉၂ မှ ၂၀၀၆ ခုနှစ်အထိ ပရီးမီးယားလိဂ်ပွဲစုစုပေါင်း ၄၄၁ ပွဲကစား ဂိုး ၂၆၀ သွင်းယူကာ ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအများဆုံးစံချိန်တင်ထားပြီး တစ်ရာသီအလိုက် ဂိုးအများဆုံးရွှေဖိနပ်ဆုကို ၁၉၉၄-၁၉၉၅ (၃၄ ဂိုး)၊ ၁၉၉၅- ၁၉၉၆ (၃၁ ဂိုး)၊ ၁၉၉၆-၁၉၉၇ (၂၅ ဂိုး) သုံးရာသီဆက်တိုက် ဆွတ်ခူးရယူနိုင်ခဲ့သူဖြစ်သည်။

''တစ်ပတ်နဲ့တစ်ပတ်၊ တစ်နှစ်နဲ့တစ်နှစ် ပရီးမီးယားလိဂ်မှာ မယုံနိုင်လောက်စရာကစားသမားတွေရှိတာကို ခင်ဗျားတို့ တွေ့ကြမှာပါ။ Hall of Fame မှာ ပါဝင်ခွင့်ရလို့ ကျွန်တော် အရမ်းဂုဏ်ယူပါတယ်။ ဒီအတွက် ကျွန်တော့်ရဲ့အသင်းဖော်တွေ၊ အလုပ်တူတူတွဲလုပ်ခဲ့ကြတဲ့ မန်နေဂျာတွေ၊ နည်းပြတွေကို ကျေးဇူးတင်ရမှာပါ။ ကျွန်တော်က ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက် အမြဲတမ်းဖြစ်ချင်ခဲ့တာပါ။ ဒါက ကျွန်တော့်အိပ်မက်ပါ။ ကျွန်တော့်အိပ်မက်က ဆုဖလားတွေရယူဖို့၊ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ဂိုးသွင်းယူနိုင်ဖို့၊ အဖြူနဲ့ အမည်း နံပါတ် ၉ အကျႌ ဝတ်ဆင်ခွင့်ရဖို့ပါ။ အဲဒီမှာကစားခဲ့ရတဲ့ မိနစ်တိုင်းအတွက် ပျော်ရွှင်ရပါတယ်''ဟု အလန်ရှီးယားက ပြောကြားသည်။

အာဆင်နယ်အသင်းတိုက်စစ်မှူးဟောင်း အွန်နရီ (၄၃ နှစ်) မှာလည်း ၁၉၉၉ မှ ၂၀၀၇ ခုနှစ်အထိ ပထမအကြိမ်နှင့် ၂၀၁၂ ခုနှစ်တွင် ဒုတိယအကြိမ် (ကာလတို) ကစားခဲ့ပြီး စုစုပေါင်း ၂၅၈ ပွဲကစား ၁၇၅ ဂိုးသွင်းယူကာ ပြိုင်ပွဲသမိုင်းတစ်လျှောက် ဆဋ္ဌမမြောက် ဂိုးအများဆုံးနှင့် အာဆင်နယ်အသင်းအတွက် ဂိုးအများဆုံး စံချိန်တင်ထားသူဖြစ်သည်။ 

အွန်နရီသည် တစ်ရာသီအလိုက် ဂိုးအများဆုံးရွှေဖိနပ်ဆုကို ၂၀၀၁-၂၀၀၂ (၂၄ ဂိုး)၊ ၂၀၀၃ -၂၀၀၄ (၃၀ ဂိုး)၊ ၂၀၀၄-၂၀၀၅ (၂၅ ဂိုး)၊ ၂၀၀၅-၂၀၀၆ (၂၇ ဂိုး) လေးရာသီ ဆွတ်ခူးရရှိခဲ့သလို ၂၀၀၂-၂၀၀၃ ရာသီတွင်လည်း ဂိုးဖန်တီးမှုအကြိမ် ၂၀ ပြုလုပ်ကာ သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ဒီဘရိုင်းနား (မန် စီးတီး) နှင့်အတူ ရပ်တည်နေသည်။

''ပရီးမီးယားလိဂ် Hall of Fame ရဲ့ ပထမဆုံး ရွေးချယ်ခံရသူစာရင်းမှာ အလန်ရှီးယားနဲ့အတူ ပါဝင်ခွင့်ရတာ အရမ်းကောင်းတယ်ဆိုတာထက် ပိုပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းက ဖိနပ်တစ်ရံရဖို့လောက်ပဲ ကြိုးစားခဲ့တာပါ။ အခုအချိန်မှာတော့ ကျွန်တော်တို့ Hall of Fame အကြောင်း ပြောနေကြရပါပြီ။ ကျွန်တော့်ကစားသမားဘဝမှာ ပြင်းပြင်းထန်ထန်ကြိုးစားပြီး တိုက်ပွဲဝင်တတ်တဲ့သူဖြစ်အောင် လုပ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဟာတွေက ပရိသတ်တွေမြင်ချင်တဲ့ အရာဖြစ်လို့ပါ''ဟု အွန်နရီက ပြောကြားသည်။

ပရီးမီးယားလိဂ် Hall of Fame အထူး ရုပ်သံအစီအစဉ်ကို ဗြိတိန်စံတော်ချိန် ညနေ ၆ နာရီတွင် ထုတ်လွှင့်ပြသခဲ့ပြီး အလန်ရှီးယား နှင့် အွန်နရီတို့အပြင် အင်တာဗျူးပြုလုပ်သူ ကယ်လီကိတ်စ်နှင့် အထူးဖိတ်ကြားထားသူအချို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ယခုနှစ်အတွက် Hall of Fame တွင် စုစုပေါင်း ကစားသမားရှစ်ဦး ရွေးချယ်သွား မည်ဖြစ်ပြီး ကျန်ခြောက်ဦးအတွက် ဆန်ခါတင် ၂၃ ဦးစာရင်းကိုလည်း ထုတ်ပြန်ခဲ့သည်။ 

ပရိသတ်များအနေဖြင့် လက်ကျန်ခြောက်ဦးအတွက် ဧပြီ ၂၆ ရက် ဗြိတိန်စံတော်ချိန် ည ၇ နာရီမှ မေ ၉ ရက်အထိ ပရီးမီးယားလိဂ် ဝက်ဘ်ဆိုက်နှင့် App မှတစ်ဆင့် ဝင်ရောက်မဲပေးနိုင်ကြောင်း သိရသည်။

Hall of Fame တွင် ပါဝင်ရန်အတွက် အနားယူထားပြီးသည့် ပရီးမီးယားလိဂ်ကစား သမားတစ်ဦးဖြစ်ရန်၊ ပရီးမီးယားလိဂ်တွင် ကစားသမားဘဝကို အဓိကဖြတ်သန်းခဲ့သူ ဖြစ်ရန် လိုအပ်ကြောင်း သိရသည်။

■ Premier League Hall of Fame 23 man shortlist 

Goalkeepers    Peter Schmeichel

Defenders    Tony Adams, Sol Campbell, Ashley Cole, Rio Ferdinand, John Terry, Nemanja Vidic

Midfielders    David Beckham, Steven Gerrard, Roy Keane, Frank Lampard, Matthew Le Tissier, Paul Scholes, Patrick Vieira

Forwards        Dennis Bergkamp, Eric Cantona, Andrew Cole, Didier Drogba, Les Ferdinand, Robbie Fowler, Michael Owen, Robin van Persie, Ian Wright

Most Read

Most Recent