ယခုနှစ် သရက်သီးရာသီချိန် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမှုသည် တရုတ်ဘက် ရွှေလီ COVID-19 အခြေအနေနှင့် မန်စီ ပေါင်းဆန် ကူးမင်း ကုန်သည်များဖြင့်သာ သရက်သီးဝယ်ယူမှုရှိပြီး ဝယ်လက်ကုန်သည် မစုံခြင်းကြောင့် ယခင်ကာလတူနှစ်နှင့် နှိုင်းယှဉ်ပါက စျေးနှုန်းကျဆင်းမှုရှိနေသည်ဟု တရုတ်ပြည်တရုတ်သီး တင်ပို့နေသည့် ကုန်သည်များထံက သိရသည်။
အဆိုပါ ယမန်နှစ် သရက်သီးရာသီချိန်ကလည်း သရက်စိုက် တောင်သူများ အနေဖြင့် COVID-19 ရောဂါ အခြေအနေကြောင့် သရက်စိုက်တောင်သူများ အနေဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရာ၌ ပို့ဆောင်မှု အခက်အခဲများ ဖြစ်ပေါ်ကာ စျေးနှုန်းကျဆင်းမှုများနှင့် ကြုံတွေ့နေရသဖြင့် စျေးကွက်အခြေအနေ ကောင်းမွန်ခြင်း မရှိကြောင်း သိရသည်။
“လက်ရှိ သရက်စျေးကွက်က ယနေ့ပေါက်စျေးက တရုတ်စျေး ၁၂၀ လောက် စျေးရှိတယ်။ တစ်ဖာကို ၁၂၀ ပတ်ချာလည်စျေးရှိတယ်။ ကားခက တစ်ကီလို ၂၀၀၀ စျေး ရှိတယ်။ ဂျက်ဖာတစ်ဖာကို ကားခ ၂၀၀၀ စျေးပေါက်နေတယ်။ ကားခစျေးက နည်းနည်းစျေးမြောက်တယ်။ မနှစ်က တစ်ဖာမှ ၁၃၀၀ စျေးရှိတယ်။ မနှစ်က သရက်သီးစျေးက ဒီအချိန် ၁၆၀ စျေးရှိတယ်။ ဒီနှစ်တော့ စျေးကျတယ်။ အခုက တရုတ်ဘက်ခြမ်း COVID ပြန်ဖြစ်နေတော့ ဝယ်လက်အစုံ မလာကြသေးဘူး။ ကုန်သည်အကုန် မရောက်ကြသေးဘူး။ အဲဒီလိုဖြစ်နေတယ်။ အခုမှ သရက်သီးရာသီ အစဆိုတော့ သရက်သီးပေါ များမည့်လက မေလမှဆိုတော့ အချိန်ကျမှ သရက်သီးစျေးနှုန်းငြိမ်တာတေွ ဖြစ်မှာပါ။ အခုလောလောဆယ်တော့ ကာလတူအချိန်နဲ့နှိုင်းယှဉ်ရင် စျေးနှုန်းက နည်းတယ်လို့ ပြော လို့ရတယ်။ ဝယ်လက်မစုံတာနဲ့ COVID ပြန်ဖြစ်နေတာလည်း ဆိုင်ပါတယ်။ ကျွန်တော်တို့အသင်းက အသင်းသားတွေကို သတင်း အချက်အလက်တွေ ပြန်ဖြန့်ပေးနေတယ်။ ဒါပေမဲ့ တချို့တောင်သူတွေက အွန်လိုင်း မရကြတော့ သတင်းအချက်အလက်တွေက ရောက်သင့်သလောက် မရောက်ဘူးဖြစ်နေတာ။ တချို့တောင်သူတွေကို ဖုန်းနဲ့ပဲ တိုက်ရိုက်ဆက်သွယ်ပေးနေပါတယ်။ ဒီနှစ် သရက်အထွက်နှုန်းက မနှစ်ကထက်စာရင် ဒီနှစ်ရာခိုင်နှုန်း ၆၀ လောက်ပဲ ထွက်မယ်လို့ ကျွန်တော်ခန့်မှန်းပါတယ်။ မူဆယ်စျေးကွက် အနေအထားက ဘာမှန်းမသိရသေးဘူး။ ပြည်တွင်းမှာ ထွက်နေပေမယ့် နည်းသေးတယ်။ အခုချိန်က ရင့်မှည့်တဲ့အချိန် မရောက်သေးဘူး။ ပေါ်ဦးပေါ်ဖျား စျေးကောင်း တာပဲရှိသေးတာ။ ပြည်တွင်းစျေးကွက်အခြေအနေက လက်ရှိ ကောင်းပါတယ်။ အိတ် မစွပ်ထားတဲ့ သရက်သီးပေါ့။ တစ်လုံးကို ၅၀၀ ကျော်အထိ စျေးရတယ်။ အိတ်စွပ်စျေးက ၇၀၀ ကျော်အထိ စျေးရနေတယ်။ သရက်သီးက ပြည်တွင်းစားသုံးမှုက များပါတယ်” ဟု မြန်မာ့သရက်စျေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောကြားသည်။
ယခင်နှစ်က လေယာဉ်ခရီးစဉ်များ ပိတ်ထားခဲ့မှုကြောင့် ပြည်ပနိုင်ငံများဖြစ်သည့် စင်ကာပူနှင့် တရုတ်နိုင်ငံ အတွင်းပိုင်းသို့ သရက်သီးများကို ရေကြောင်းလိုင်းဖြင့် အဆင်ပြေစွာ တင်ပို့ရောင်းချမှုများရှိကြောင်း ယခင်နှစ်က သရက်သီးအား တရုတ်နိုင်ငံသို့ တင်ပို့ရန် အခက်အခဲများကြောင့် ပြည်တွင်းစျေးကွက်၌ သရက်သီးကို စျေးနှုန်းချိုသာစွာဖြင့် သရက်သီးများ ပေါများစွာ စားသုံးမှုရှိခဲ့ကြောင်း၊ ယခုနှစ်တွင် မြန်မာ့စိန်တလုံးသရက်ကို တရုတ်၊ စင်ကာပူ၊ မလေး ရှား၊ ဟောင်ကောင်များမှ ဥရောပနိုင်ငံများသို့ ခြေဆန့်နိုင်ရန် ကြိုးစားလျက်ရှိရာ လာမည့်နှစ်များမှာ အခြေအနေကောင်း ရှိနိုင်မည်ဟု ခန့်မှန်းကြကြောင်း သိရသည်။