အင်တာမီလန်အသင်းကို ငွေကြေးထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အသင်း၏အဓိကရှယ်ယာရှင် Sunning Holdings Group အာမခံ

အင်တာမီလန်အသင်းကို ငွေကြေးထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အသင်း၏အဓိကရှယ်ယာရှင် Sunning Holdings Group အာမခံ
Photo: Inter Milan
Photo: Inter Milan
Published 1 April 2021

အင်တာမီလန်အသင်း၏ အဓိကရှယ်ယာရှင်ဖြစ်သည့် Sunning Holdings Group သည် အနာဂတ်တွင် အသင်းကို ငွေကြေးထောက်ပံ့မှုများပြုလုပ်သွားမည်ဟု အီတလီအခြေစိုက် ANSA  သတင်းဌာနက ဖော်ပြခဲ့သည်။

Sunning Holdings Group သည် ၂၀၁၆ ဇွန်လတွင် အင်တာမီလန်အသင်း၏ ရှယ်ယာများကို ဝယ်ယူခဲ့ပြီး လက်ရှိတွင် အသင်း၏ရှယ်ယာ (၆၈.၅၅) ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားပြီး အဓိကရှယ်ယာရှင်အဖြစ် ရပ်တည်နေသည်။

Sunning Holdings Group အနေဖြင့် အင်တာမီလန်အသင်းရှယ်ယာများကို ရောင်းချသွားမည်ဟု သတင်းများထွက်ပေါ်ခဲ့သဖြင့် အသင်း၏အနာဂတ်နှင့် ပတ်သက်ပြီး စိုးရိမ်မှုများ ရှိခဲ့သည်။

သို့သော် ပြီးခဲ့သည့် အင်္ဂါနေ့(မတ်လ ၃၀ ရက်)တွင် ပြုလုပ်ခဲ့သည့် အင်တာမီလန်အသင်း၏ ဘုတ်အဖွဲ့အစည်းအဝေးတွင် Sunning Holdings Group အနေဖြင့် အသင်းကို ငွေကြေးထောက်ပံ့မှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ကတိပေးခဲ့ခြင်းဖြစ်ကြောင်း ANSA က ဖော်ပြခဲ့သည်။

အင်တာမီလန်အသင်း၏ ထုတ်ပြန်ချက်တွင် ''အင်တာမီလန်အသင်းသည် ပြီးခဲ့သည့် ၂၀၂၀ ဇူလိုင်လ (၁)ရက်မှ ၂၀၂၀ ဒီဇင်ဘာ (၁)ရက်အထိ ယူရို (၆၂.၇)သန်း အရှုံးပေါ်ခဲ့ကြောင်း၊ ယင်းပမာဏမှာ ပြီးခဲ့သည့် (၆)လတာ(၂၀၂၀ ဇန်နဝါရီလ ၁ ရက်မှ ၂၀၂၀ ဇွန်လ ၃၀ ရက်အထိ)က အရှုံးပေါ်ခဲ့သည့် ယူရို(၃၂.၇)သန်းထက် ယူရိုသန်း(၃၀) ပိုများနေကြောင်း၊ ယခုကဲ့သို့ အရှုံးပေါ်ခြင်းမှာ တစ်ကမ္ဘာလုံးရင်ဆိုင်နေရသည့် ဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဖြစ်ကြောင်း'' ပါရှိသည်။

အင်တာမီလန်အသင်းသည် ၂၀၂၁-၂၂ ရာသီမှစတင်ကာ အသုံးပြုမည့် အသင်း၏လိုဂိုအသစ်ကိုလည်း မတ်လ (၃၀) ရက်က ထုတ်ဖော်ပြသခဲ့ကြောင်း သိရှိရသည်။ 

Most Read

Most Recent