စပါးအသင်း၏ ဒိန်းမတ်ကွင်းလယ်လူ ဟူဘယက်သည် ၂၀၂၀ ခုနှစ်အတွက် ချီးမြှင့်သည့် ဒိန်းမတ်အကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ယင်းဆုအား ၂၀၀၆ ခုနှစ်ကတည်းက TV2 ရုပ်သံနှင့် ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ချီးမြှင့်နေခြင်းဖြစ်ပြီး ပရိသတ်များက မဲပေးရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။
ကလပ်အသင်းတွင်ရော လက်ရွေးစင်အသင်းအတွက်ပါ ကစားခဲ့သည့်စွမ်းဆောင်ရည်များအား ကြည့်ရှုကာ ပရိသတ်များက မဲပေးခြင်းဖြစ်ပြီး၊ ဟူဘယက်သည် ပြီးခဲ့သည့်(၅)နှစ်အတွင်း (၄)ကြိမ်ဆွတ်ခူးခဲ့သော လက်စတာဂိုးသမား ကက်စပါရှမိုက်ကယ်ကို ကျော်ဖြတ်ကာ ယင်းဆုအား ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
ယခုနှစ်အတွက် လျာထားစာရင်းတွင် ဟူဘယက်၊ ရှမိုက်ကယ်တို့နှင့်အတူ လိုက်ပ်ဇစ်အသင်းမှ တိုက်စစ်မှူး ယူဆက်ဖ်ပေါလ်ဆင်၊ အေစီမီလန်အသင်းမှ နောက်ခံလူ ဆိုင်မွန်ခီယာတို့ပါဝင်ခဲ့ပြီး ဟူဘယက်သည် မဲပေးမှု၏ (၄၆%) ရရှိခဲ့ကြောင်း သိရသည်။
ဟူဘယက်သည် ယင်းဆုကို ဆွတ်ခူးရရှိသည့် တတိယမြောက်စပါးကစားသမားဖြစ်ခဲ့ပြီး ၎င်းမတိုင်မီ အယ်လန်နယ်လ်ဆင်(၁၉၉၆)၊ အဲရစ်ဆင်(၂၀၁၃၊ ၂၀၁၄၊ ၂၀၁၇)တို့က ဆွတ်ခူးရရှိခဲ့သည်။
ဒိန်းမတ်အကောင်းဆုံးဘောလုံးသမားဆုအား ၂၀၁၂ မှ ယခုအထိ ပရီးမီးယားလိဂ်ကစားသမားများကသာ ဆက်တိုက်ဆွတ်ခူးခဲ့ခြင်းလည်းဖြစ်သည်။















