လက်ရှိဘဏ္ဍာနှစ် သုံးလခွဲအတွင်း မြန်မာနိုင်ငံမှ ဆန်အများဆုံးတင်ပို့ခဲ့သည့် ငါးနိုင်ငံစာရင်းတွင် တရုတ်နိုင်ငံသို့ ဒေါ်လာ ၁၃၈ သန်းနီးပါးဖြင့် အများဆုံးဖြစ်ပြီး ဖိလစ်ပိုင်၊ ပိုလန်၊ မလေးရှားနှင့် ဗီယက်နမ်တို့ အစဉ်လိုက်ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၁၅ ရက်အထိ မြန်မာနိုင်ငံမှ ဆန်အများဆုံးတင်ပို့သည့် ငါးနိုင်ငံစာရင်းတွင် တရုတ်နိုင်ငံသို့ တင်ပို့မှုမှ ဒေါ်လာ ၁၃၇ ဒသမ ၈၅၉ သန်းဖြင့် အများဆုံးဖြစ်သည်။ ဖိလစ်ပိုင်သို့တင်ပို့မှုမှ ဒေါ်လာ ၁၄ ဒသမ ၈၇၅သန်း၊ ပိုလန်သို့ တင်ပို့မှုမှ ဒေါ်လာ ၆ ဒသမ ၂၅၃ သန်း၊ မလေးရှားသို့တင်ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၉၃၈ သန်းနှင့် ဗီယက်နမ်သို့ တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၇၆၇ သန်း ရရှိထားသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန်စုစုပေါင်း ၂ ဒသမ ၆ သန်းခန့်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ သန်း ၇၉၀ ကျော်ရရှိထားပြီး ဆန်ကွဲတင်ပို့မှု ပိုမိုမြင့်တက်ခဲ့သဖြင့် ယခင်နှစ်ထက် ဝင်ငွေ ဒေါ်လာ ၈၄ သန်းကျော်ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၅၈၅ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၇၉၄ ဒသမ ၃၈၈ သန်းရရှိထားသည်။ ယခင်နှစ်ကာလတူတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၃၅၅ သန်း တင်ပို့မှုမှ ဒေါ်လာ ၇၀၉ ဒသမ ၆၉၄ သန်းရရှိခဲ့သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ကာလတူထက် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၃၀၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအားဖြင့် ဒေါ်လာ ၈၄ ဒသမ ၆၉၄ သန်း ပိုမိုရရှိထားသည်။
“ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ဆန်တင်ပို့မှုမှာ လျော့ကျတဲ့အတွက် ဆန်တင်ပို့မှုကနေ ဝင်ငွေလျော့ကျပေမဲ့ ဆန်ကွဲတင်ပို့မှုက တန်ချိန်လေးသိန်းခွဲလောက် မြင့်တက်လာတဲ့အတွက် ဝင်ငွေလည်း မြင့်တက်လာတယ်။ ယခင်နှစ်ထက် ဝင်ငွေက ဒေါ်လာသန်း ၈၀ လောက် ပိုရခဲ့တယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားထားသည်။
အဆိုပါကာလတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၆ သန်းကျော်တင်ပို့မှုမှ ဒေါ်လာ ၅၂၇ ဒသမ ၉၆၃ သန်းရရှိထားသည်။ ယခင်နှစ်ကာလတူထက် တန်ချိန် ၂၂၇၀၀၀ ကျော် တင်ပို့မှု လျော့ကျခဲ့ပြီး ဝင်ငွေဒေါ်လာ ၄၄ သန်းကျော် လျော့ကျခဲ့သည်။
ဆန်ကွဲတင်ပို့မှု တန်ချိန် ၉၇၆၀၀၀ ကျော်တင်ပို့မှုမှဝင်ငွေ ၂၆၆ ဒသမ ၄၂၅ သန်း ရရှိထားသည်။ ယခင်နှစ်ကာလတူထက် တန်ချိန် ၄၅၇၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာ ၁၂၉ သန်းကျော် ပိုမိုရရှိထားသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှုလျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှုမြင့်တက်ခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာ ၈၄ သန်းကျော် ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှဆန်နှင့် ဆန်ကွဲကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူစျေးကွက်၊ အာဖရိကစျေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်း ဖြစ်သည်။