ရတနာပုံသင်္ဘောကျင်းအနီး ဆန္ဒပြသူများအား သေနတ်ပစ်ခတ် ဖြိုခွဲမှုတွင် ဦးခေါင်းကျည်ဆန် ထိမှန်သေဆုံးခဲ့သည့် မောင်ဝေယံထွန်း၏ ရက်လည်ဆွမ်းသွပ် ပြုလုပ်

ရတနာပုံသင်္ဘောကျင်းအနီး ဆန္ဒပြသူများအား သေနတ်ပစ်ခတ် ဖြိုခွဲမှုတွင် ဦးခေါင်းကျည်ဆန် ထိမှန်သေဆုံးခဲ့သည့် မောင်ဝေယံထွန်း၏ ရက်လည်ဆွမ်းသွပ် ပြုလုပ်
Published 24 February 2021
ယဉ်မျိုးသွယ်

ရတနာပုံသင်္ဘောကျင်းအနီး ဆန္ဒပြသူများအား သေနနတ်ဖြင့် ပစ်ခတ်ဖြိုခွဲမှုတွင် ဦးခေါင်းကျည်ဆန်ထိမှန် သေဆုံးခဲ့သည့် မောင်ဝေယံထွန်း၏ ရက်လည်ဆွမ်းသွပ်မှုကို ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊  အမရပူရမြို့နယ်၊ မြစ်ငယ်မြို့အနီး မြိုင်ကြီးကျေးရွာရှိ ၎င်း၏နေအိမ်တွင် ရက်လည်ဆွမ်းသွပ်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သေနတ်ကျည်ဆန် ထိမှန်သေဆုံးခဲ့သူ မောင်ဝေယံထွန်းသည် ကွယ်လွန်ချိန်တွင် အသက် ၁၆ အရွယ်သာရှိသေးပြီး ၎င်းမှာ မွေးချင်းမောင်နှမ လေးဦးအနက် ဒုတိယမြောက်သားဖြစ်ကာ လေးတန်းထိသာ ပညာသင်ကြားခဲ့ရကြောင်း၊ အချဉ်ပေါင်း၊ မုန့်စသည်တို့ လှည့်လည်ရောင်းချလေ့ရှိရာမှ ၄၁ လမ်းညဈေးတွင် ကုန်စိမ်းထမ်းသည့် အလုပ်ကို လုပ်ကိုင်နေခြင်း ဖြစ်သည်ဟု သိရသည်။

ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက မန္တလေးမြို့မှ လူနှင့်ကုန်တင်သင်္ဘော ထွက်ခွာမည့်အပေါ် CDM ပြုလုပ်သည့် ဝန်ထမ်းအချို့နှင့် ဒေသခံများက ကန့်ကွက်ဆန္ဒပြမှုအပေါ်  မွန်းလွဲ ၃ နာရီနောက်ပိုင်းတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က  သေနတ်ပစ်ခတ် လူစုခွဲခဲ့ခြင်းကြောင့် မောင်ဝေယံထွန်းမှာ ဦးခေါင်းကျည်ဆံ ထိမှန်ကာ ဦးနှောက်ပွင့်၍ နေရာတွင် ချက်ချင်း သေဆုံးခဲ့ခြင်းဖြစ်ပြီး ကိုမင်းမင်းမှာမူ ဝမ်းဗိုက်ကို ထိမှန်ကာ ထုတ်ချင်းပေါက်သွားခဲ့ကာ ဆေးကုသမှုခံယူရန် ပို့ဆောင်စဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ဦးခေါင်းကျည်ဆန် ထိမှန်သေဆုံးခဲ့ရသည့် မောင်ဝေယံထွန်း၏ ဦးလေးဖြစ်သူက “ကျွန်တော်တို့လည်း ကမ်းနားလမ်း ဖြစ်စဉ်သတင်း Live ကြည့်နေရင်း ‌သေနတ်မှန်တာတော့ သိလိုက်တယ်။ သူလို့မထင်ဘူး။ တခြားပုံတွေလည်း တက်လာတော့ မဟုတ်ဘူးဘဲ ထင်ခဲ့တာ။ ညကျမှ အိမ်က ကလေးမှန်း သေချာသွားတယ်။ ညမထွက်ရ အမိန့်နဲ့ဆိုတော့ ထွက်မရတာကြောင့် မနက်မှ ဆေးရုံရင်ခွဲရုံ သွားရတယ်။ အစောပိုင်းတုန်းက ထုတ်မပေးဘူး။ နောက်တစ်ခေါက်မှ ရုပ်အလောင်း ထုတ်ခဲ့ရပြီး ရွာထိပ်မှာတင် စောင့်နေတဲ့ လူထုနဲ့အတူ တစ်ခါထဲ သဂြုင်္ိလ်လိုက်ရတာပါ” ဟု ပြောကြားခဲ့သည်။

ဝမ်းဗိုက်ကျည်ဆန် ထိမှန်သေဆုံးခဲ့သူ ကိုမင်းမင်း၏ နာရေးကို ၎င်းနေထိုင်ရာ ရပ်ကွက်ဖြစ်သည့် စိန်ပန်းရပ်ကွက်နေအိမ်မှ အေးရိပ်ငြိမ်သုသာန်သို့ ဖေဖော်ဝါရီ ၂၃ ရက်က မီးသင်္ဂြိုလ် ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၂၀ ရက်က  ရတနာပုံ သင်္ဘောကျင်းအနီး ဆန္ဒပြလူစုအား လုံခြုံရေးတပ်ဖွဲ့မှ အင်အားသုံးဖြိုခွင်းမှုကြောင့် လူနှစ်ဦးထက်မနည်း သေဆုံးပြီး လူ ၇၀ ကျော်ကို ဖမ်းဆီးခဲ့ကာ တရားစွဲရန် ဆောင်ရွက်နေကြောင်း သိရသည်။

 

Most Read

Most Recent