၁၀ လအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတဆင့် CMP လက်ခစားစနစ်ဖြင့် ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာသန်း ၃၆၀၀ ကျော်ရရှိခဲ့သော်လည်း ယခင်နှစ်ကာလတူထက် ရာခိုင်နှုန်းအားဖြင့် ၂ ဒသမ ၃၉ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပပို့ကုန်/ သွင်းကုန်စာရင်းဇယားများ ပြည့်စုံမှန်ကန်မြန်ဆန်စွာ ပြုစုရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဇူလိုင်လအထိ ၁၀ လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုမှ တန်ဖိုး ဒေါ်လာ ၃၆၉၃ ဒသမ ၂၁ သန်း ရရှိခဲ့သည်။ ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၃၇၈၃ ဒသမ ၅၅ သန်းရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၀ လအတွင်းက ယခင်နှစ်ကာလတူထက် တန်ဖိုးအားဖြင့် ဒေါ်လာ ၉၀ ဒသမ ၃၄ သန်းလျော့ကျခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၂ ဒသမ ၃၉ ရာခိုင်နှုန်း လျော့ကျခဲ့သည်။
၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်တွင် အထည်ချုပ်(ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၈ ဘီလျံနီးပါး ရရှိခဲ့သော်လည်း ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၃ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
“ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုက ဒီနှစ်မှာ ဒေါ်လာ ၄၇၉၅ ဒသမ ၆၄၆ သန်း (ဒေါ်လာ ၄ ဒသမ ၇၉၅ ဘီလျံ) ရထားတယ်။ ပြီးခဲ့တဲ့ကာလတူမှာက ဒေါ်လာ ၄၈၅၉ ဒသမ ၅၈၇ (ဒေါ်လာ ၄ ဒသမ ၈၅၉ ဘီလျံ) ရရထားတော့ ဒီနှစ်တင်ပို့မှုက ပြီးခဲ့တဲ့နှစ်ကာလတူထက် ဒေါ်လာ ၆၃ သန်းကျော်လောက် လျော့ကျတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ တာဝန်ရှိသူတစ်ဦးက Daily Eleven သို့ ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ EU နိုင်ငံတို့မှ CMP စနစ်ဖြင့် အော်ဒါအဓိက မှာယူနေကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ သိရသည်။
၂၀၁၈ ခုနှစ်တွင် အထည်ချုပ် (ချုပ်ပြီး အထည်) အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းကို လေ့လာကြည့်ပါက အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဂျာမနီနိုင်ငံသို့ ဒေါ်လာ သန်း ၉၃၀၊ ယူကေသို့ ဒေါ်လာ ၃၂၃ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၂၉၄ သန်း၊ ပြင်သစ်နိုင်ငံသို့ ဒေါ်လာ ၂၆၆ သန်း၊ ဒိန်းမတ်နိုင်ငံသို့ ဒေါ်လာ ၁၅၈ သန်း၊ အီတလီသို့ဒေါ်လာ ၁၅၇ သန်း၊ နယ်သာလန်နိုင်ငံသို့ ဒေါ်လာ ၁၄၅ သန်းအထိ တင်ပို့ထားခြင်းဖြစ်သည်။
အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံအနက် ဂျပန်နိုင်ငံသို့ဒေါ်လာ ၈၃၄ သန်း၊ ကိုရီးယားနိုင်ငံသို့ဒေါ်လာ ၃၉၉ သန်း၊ အမေရိကန်နိုင်ငံသို့ ဒေါ်လာ ၂၁၁ သန်း တင်ပို့ထားသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုကို လေ့လာကြည့်ပါက ၂၀၁၀ ပြည့်နှစ်၌ အထည်ချုပ်တင်ပို့မှုတွင် ဒေါ်လာ ၃၃၇ သန်းသာရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာ တစ်ဘီလျံနီးပါးခန့်အထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
၂၀၁၈ ခုနှစ်က အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၄ ဒသမ ၆ဘီလျံနီးပါးရရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၀ ဘီလျံရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။