လက်ရှိဘဏ္ဍာနှစ် လေးလကျော်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ဒေါ်လာ ၁၁ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာနှစ်ဘီလျံ ကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၁၂ ရက်အထိ လေးလကျော်တွင် မြန်မာနိုင်ငံအနေဖြင့် စုစုပေါင်းပြည်ပကုန်သွယ်မှုမှာ ဒေါ်လာ ၁၁ ဒသမ ၉၈၇ ဘီလျံသာရှိပြီး ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၁၄ ဒ သမ ၃၃၃ ဘီလျံအထိ ရှိသည်။
လက်ရှိဘဏ္ဍာနှစ် လေးလကျော်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂ ဒသမ ၃၄၅ ဘီလျံအထိ လျော့ကျခဲ့သည်။
သို့သော် အဆိုပါကာလအတွင်း မြန်မာအနေဖြင့် ပြည်ပနိုင်ငံများသို့ တင်ပို့ထားသည့် ပို့ကုန်ပမာဏမှာ ဒေါ်လာ ၆ ဒသမ ၀၂၀ ဘီလျံအထိရှိပြီး ပြည်ပနိုင်ငံများမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏမှာ ဒေါ်လာ ၅ ဒသမ ၉၆၇ ဘီလျံသာရှိသည်။
လက်ရှိဘဏ္ဍာနှစ် လေးလကျော်တွင် မြန်မာနိုင်ငံအနေဖြင့် သွင်းကုန်တင်သွင်းမှုထက် ပို့ကုန်တင်ပို့မှုမှာ ဒေါ်လာ ၅၃ ဒသမ ၄၆၂ သန်းအထိ ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ကုန်သွယ်မှုပိုငွေမှာလည်း ဒေါ်လာ ၅၃ ဒသမ ၄၆၂ သန်းဖြစ်ပေါ်ခဲ့သည်။
ကုန်သွယ်မှုပိုငွေဆိုသည်မှာ သွင်းကုန်တင်သွင်းမှုပမာဏထက် ပို့ကုန်တင်ပို့မှုပမာဏ ပို၍တင်ပို့ထားခြင်းကို ဆိုလိုသည်။
ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် လေးလကျော်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများဖြင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် ပို့ကုန် ပိုမိုတင်ပို့ထားနိုင်ခဲ့သည်။
ယခင်နှစ်ကာလတူတွင် မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ကုန်သွယ်မှုလိုငွေဆိုသည်မှာ ပို့ကုန်တင်ပို့မှုပမာဏထက် သွင်းကုန်တင်သွင်းမှုပမာဏ ပို၍တင်သွင်းထားခြင်းကို ဆိုလိုသည်။
ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေပမာဏ အမေရိကန် ဒေါ်လာသန်း ၅၀၀ အထိလျော့ချရန် မျှော်မှန်းခဲ့သည်။ သို့သော် ဘဏ္ဍာနှစ်ကုန်ဆုံးချိန်၌ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလျံကျော်ဖြစ်ပေါ်ခဲ့သည်။
၂၀၁၈ ဘဏ္ဍာနှစ်ကြားကာ ခြောက်လတွင် စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော်ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ တစ်ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့သည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃၃ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၉ ဘီလျံကျော်ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၅ ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့သည်။
အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏ အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှု သတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍစသည်တို့ အဓိကထည့်သွင်း ဆောင်ရွက်ထားကြောင်း သိရသည်။